မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေတင်မက အမေရိကန် အပါအဝင် ကမ္ဘာတဝှမ်း ကပါ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက် လာနေပါတယ်။ ဒီအချိန်မှာပဲ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး Joe Dunford က တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေဆီကို ထွက်ခွါပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ နျူကလီးယားအရေး နဲ့ပတ်သက်ပြီး ပြောဆို ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သူ့ရဲ့အာရှခရီးစဉ်က နောက်ဆုံး ထူးခြားချက်တွေ အကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။
အမေရိကန် ပူးတွဲစစ်ဦးစီးအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunford မနေ့တုန်းက တရုတ်နိုင်ငံမြို့တော် ဘေဂျင်းကို ရောက်လာတဲ့ အချိန်မှာ တရုတ်တပ်မတော်က စစ်ရေးပြ အခမ်းအနားနဲ့ ကြိုဆိုနေတဲ့ အသံပါ။ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးလက်နက် ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားမှု တရပ်အနေနဲ့အာရှ ၃ နိုင်ငံကို ဗိုလ်ချုပ်ကြီး Joe Denford ခရီးထွက်ခဲ့တာပါ။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ Fang Fanghui နဲ့ ဗိုလ်ချုပ်ကြီး Joe Dunford တို့ ဘေဂျင်းမှာ မနေ့က တွေ့ဆုံခဲ့ကြပြီး အထူးသဖြင့် မြောက်ကိုရီးယား ကိစ္စလို သတိထားကိုင်တွယ်ရမယ့် ကိစ္စတွေ အပါအဝင် အမေရိကန်နဲ့ တရုတ်၂ နိုင်ငံ အကြား အပြန်အလှန် ဆက်သွယ်မှုတွေ တိုးမြင့်လာအောင် ရည်ရွယ်ပြီး လုပ်ဆောင်ကြဖို့ သဘောတူ လက်မှတ်တွေကို ရေးထိုးခဲ့ကြပါတယ်။
ဒီ ၂ နိုင်ငံ သဘောတူညီမှုတွေရဲ့အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ကိစ္စရပ်တွေကို နိုဝင်ဘာလကျရင် အမေရိကန် ပြည်ထောင်စုမှာ ဆက်ပြီး ဆွေးနွေးကြမှာပါ။
“ ဗိုလ်ချုပ်ကြီး Joe Dunford အခုလို ရောက်ရှိလာတာကို တရုတ်နိုင်ငံဘက်က အထူးပဲ အလေးအနက်ထား ပါတယ်။ အရေးကြီးတဲ့ ဆွေးနွေးမှုတွေကိုလည်း ကျနော်တို့ စီစဉ်ပေးထားပါတယ်။ မြောက်ပိုင်းတိုင်းမှာ ရှိတဲ့ စစ်ရေးလေ့ကျင့်မှု တခုကိုလည်း သွားရောက် ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ ဒီလို အစီအစဉ်တွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးရဲ့ခရီးစဉ်ဟာ ဘယ်လောက် အရေးပါတဲ့ ခရီးစဉ်တခု အဖြစ် ကျနော်တို့ သဘောထားတယ် ဆိုတာကို သိနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ Fang Fanghui က တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။”
အမေရိကန် ဗိုလ်ချုပ်ကြီး Joe Dunford ကလည်း တရုတ်နဲ့ အမေရိကန်အကြား ခက်ခဲနေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းသွား ကြဖို့ ဆွေးနွေးခဲ့တဲ့ အကြောင်း ပြောပါတယ်။
“ ပွင့်ပွင့်လင်းလင်း ကျနော်တို့ပြောရမယ်ဆိုရင် သိပ်ပြီးတော့ ခက်ခဲတဲ့ကိစ္စရပ်တွေမှာ အမြင်ချင်း မတူကြပါဘူး။ ဝါရှင် တန်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေ နောက်ပြီး အခုပဲ ပြီးခဲ့တဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေကနေ တဘက်နဲ့ တဘက် ညှိနှိုင်း ဖလှယ်ခဲ့တာ တခုကတော့ ခက်ခဲနေတဲ့ ကိစ္စရပ်တွေကို ဆက်ပြီး လုပ်ဆောင်ဖြေရှင်းသွားကြမယ်လို့အခိုင်မာ ညှိနှိုင်းခဲ့ ကြတာပါပဲ”
မြောက်ကိုရီးယား အရေးကို သံတမန်နည်းနဲ့ ဖြေရှင်းကြဖို့ ပြောဆိုနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ကာကွယ်ရေး ဝန်ကြီးတို့ရဲ့ ပြောဆိုမှုတွေကို တရုတ်နိုင်ငံဘက်ကတော့ အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ကာကွယ်ရေးဝန်ကြီး James Mattis တို့က မြောက်ကိုရီးယား ကျွန်းဆွယ်ရဲ့ နျူကလီးယား ကိစ္စကို သံတမန်ရေး လမ်းကြောင်းတွေကနေ တဆင့် ဖြေရှင်းကြဖို့ ပြောဆိုနေတာကို အပြုသဘော ဆောင်တဲ့ ကောက်ချက်ချ ပြောကြားမှုတွေလို့သတိထားမိပါတယ်။ ဒီပြောဆိုမှုတွေ ကနေ ခိုင်မာတဲ့ မူဝါဒတွေ အဖြစ် အမေရိ ကန်ဘက်က လုပ်ဆောင်လာဖို့မျှော်လင့်ပါတယ်။ မြောက်ကိုရီးယား ဘက်ကလည်း အပြုသဘောဆောင်တဲ့ အပြုအမူတွေနဲ့ ပြန်ပြီး တုန့်ပြန်ဖို့ တရုတ်နိုင်ငံ အနေနဲ့ တောင်းဆို တိုက်တွန်းပါတယ်။ မြောက်ကိုရီးယား ဘက်က နျူကလီးယား စမ်းသပ်မှုတွေနဲ့ဒုံးကျည် ပစ်လွှတ်တာတွေကို ရပ်တန့်ပေးဖို့တရုတ်နိုင်ငံက တောင်းဆိုသလို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင့် နေတာတွေကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ အခု ဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအားလုံး စေ့စပ်ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့ နည်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ တရုတ်နိုင်ငံက ယူဆပါတယ်။”
အမေရိကန် ပူးတွဲစစ်ဦးစီးအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joe Dunfordရဲ့ အာရှ သုံးနိုင်ငံခရီးစဉ်မှာ တောင်ကိုရီးယားကို ပထမဆုံး ရောက်ခဲ့ပြီး အဲဒီမှာ တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခု တရုတ်နိုင်ငံ ခရီးစဉ်မှာလည်း တရုတ် စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပြီးရင် အခုသတင်းပတ် နှောင်းပိုင်းမှာ ဂျပန် နိုင်ငံကို ခရီးဆက်မှာပါ။
Your browser doesn’t support HTML5