လုံခြုံရေး စိုးရိမ်ချက်ကြောင့် ရခိုင်ပြည်နယ်တွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို အမေရိကန် အစိုးရတာဝန်နဲ့ ခရီးသွားလာမှုအားလုံးကို ၂ ပတ်သွားရောက်ခြင်း မပြုဖို့ ဆိုင်းငံ့ထားတယ်လို့ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ တွေအပေါ် Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီးနောက်မှာ အမေရိကန်နိုင်ငံသားတွေ အတွက်လည်း ခရီးသွား အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်ကြောင့် နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၄ ခုကို အမေရိကန် အစိုးရနဲ့ဆိုင်တဲ့ ခရီးသွားလာမှုအားလုံး ယာယီဆိုင်းငံ့ထားတယ်လို့ အမေရိကန် သံရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးရဲ့ လက်ထောက် ပြည်သူ့ရေးရာ အရာရှိ Aryani E. Manring က အခု လို ပြောပြပါတယ်။
“အသေအချာ ချင့်ချိန်စဉ်းစားပြီးဆောင်ရွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ်တွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင် တောမြို့နယ်တွေကို အမေရိကန် အစိုးတာဝန်နဲ့ဆိုင်တဲ့ ခရီးသွားလာမှုအားလုံး နိုဝင်ဘာ ၂၃ ရက်ကနေ ဒီဇင်ဘာ ၄ ရက်နေ့ အတွင်း မသွားဖို့ ဆိုင်းငံ့ထားပါတယ်။ ဒီကာလအတွင်း အဲ့ဒီဒေသတွေကို သွားရောက်တာကို ယာယီ ရှောင်ကြဉ်ဖို့ သံရုံးအနေနဲ့ အမေရိကန် နိုင်ငံသားတွေကို အကြံပေးလိုပါတယ်။”
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာတွေကို လူမျိုးစု လိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပြီး မကြာခင်မှာပဲ ရန်ကုန်အမေရိကန်သံရုံးက အခုလိုထုတ်ပြန်ခဲ့တာပါ။
ရခိုင်ပြည်နယ်တွင်း Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ဖြစ်ပေါ်နေ တယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ကြေညာချက်ရဲ့ ဂယက် အနေနဲ့ ရန်ကုန်အပါအဝင် အခြားဒေသတွေမှာ ကန့်ကွက် ဆန္ဒပြမှုတွေဖြစ် လာနိုင်တာမို့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အဲ့ဒီနေရာမျိုးတွေကို သွားလာတာ ရှောင်ကြဉ်ကြ ဖို့လည်း အမေရိကန်သံရုံးက အကြံပြုချက် ထုတ်ပြန်ထားတဲ့အကြောင်း သံရုံး လက်ထောက် ပြည်သူ့ရေးရာ အရာရှိ Arayni Manring က အခုလို ပြောပါတယ်။
"နိုဝင်ဘာ ၂၂ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ရခိုင်ပြည်နယ် တွင်းမှာ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး တရားဝင် ကြေညာခဲ့ပါတယ်။ ဒီ သဘောထားကြေညာချက်နဲ့ တဆက်တည်း ရန်ကုန်အပါအဝင် အခြားဒေသတွေမှာ ကန့်ကွက် ဆန္ဒပြ မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမေရိကန် နိုင်ငံသားတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်နိုင် တဲ့ နေရာတွေကို သွားလာတာ ရှောင်ကြဉ်ဖို့ သတိပေးလိုက်ပါတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မကြာမီမှာလည်း အမေရိကန်သံရုံးအနေနဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်သံရုံးဝန်ထမ်း ရခိုင်ပြည်နယ်မြောက်ပိုင်းကို မသွားရောက်ဖို့ဆိုတဲ့ အလားတူ သတိပေးချက်မျိုး ထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။
Your browser doesn’t support HTML5