သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးစုအလိုက် ရှင်းလင်းမှု ကျူးလွန်သူတွေ အရေးယူဖို့ Tillerson တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေ ရှင်းလင်းမှုတွေကြောင့် ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့ ဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေအပေါ် Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုတွေ ကျူးလွန်မှု ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဗုဒ္ဓဟူးနေ့မှာ တရားဝင် ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူဖို့အတွက်လည်း သူက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရရဲ့ သဘောထားကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် Ethnic Cleansing လို့ခေါ်တဲ့ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ဝန်ကြီး Tillerson ထုတ်ပြန်တဲ့ အမေရိကန် အစိုးရရဲ့ သဘောထား ကြေညာချက်ကိုတော့ နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိတဦးက တယ်လီဖုန်းကတဆင့် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောကြားခဲ့ပါတယ်။

“ရရှိထားတဲ့ အချက်အလက်တွေအပေါ် ဂရုတစိုက် သေသေချာချာ စစ်ဆေးပြီးတဲ့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းမှု ဖြစ်ပေါ်နေကြောင်း ဝန်ကြီး Tillerson က သတ်မှတ်လိုက်ပါတယ်။ အဲဒီ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့အတွက်လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဲဒီလို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာရေးအတွက် မြေပြင် အခြေအနေတွေအပေါ် ယုံကြည်ရလောက်တဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေး မှုတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပြင် အထွေထွေညီလာခံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ကော်မီတီဖြစ်တဲ့ Third Committee မှာလည်း အမေရိကန်က အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ဥပဒေနဲ့အညီ ပစ်မှတ်ထား အရေးယူမှု အပါအဝင် တာဝန်ခံမှု ရှိလာရေးအတွက်လည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး သွားကြသူတွေအတွက် မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ် ဆက်လက် ပံ့ပိုးပေးသွားမယ်ဆိုတာကိုလည်း ဝန်ကြီး Tillerson က ရှင်းလင်းစွာ ပြောကြားထားပြီး ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောကြားခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ ဒီ ပဋိပက္ခပြေလည်ရေး အတွက် မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ် တပ်မတော်ရဲ့ ထောက်ခံ အားပေးမှုဟာလည်း အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆိုတာကို အမေရိကန် အစိုးရက အသိအမှတ်ပြုကြောင်းလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိက ပြောပါတယ်။

အမေရိကန် အစိုးရက အခုလို သဘောထား ထုတ်ပြန်ကြေညာတာဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်တယ်ဆိုတာကို ဝန်ကြီး Tillerson ရဲ့ ကြေညာချက်မှာ ဖော်ပြထားကြောင်းလဲ နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိက အခုလို ဆက်ပြောပါတယ်။

“လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် အမေရိကန်အစိုးရရဲ့ အာရုံစိုက် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီး Tillerson ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတဲ့ တခြားအချက်ကိုလည်း ကျမ ထပ်ပြောပြချင်ပါတယ်။ အဲဒါကတော့ - ပထမအချက်အနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဘဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အိုအိမ် စွန့်ခွာ ထွက်ပြေးရသူတွေ နေရပ် ပြန်လာနိုင်ရေးပါ။ တတိယ အချက်ကတော့ - ရခိုင်ပြည်နယ်အတွင်း စာမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ လုပ်ဆောင်နိုင်ရေးနဲ့ သတင်း မီဒီယာတွေ သွားရောက်ခွင့် ရရေးဖြစ်ပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် အရေးယူူမှုနဲ့ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းကို ရေရှည် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရေးတို့အတွက် ဖြစ်ပါတယ်။”

အခုလို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုတွေ ကျူးလွန်နေတယ်လို့ ဘာကြောင့် သတ်မှတ်ရသလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ တယ်လီဖုန်းနဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာဘဲ အမေရိကန် နိုင်ငံခြားရေးဌာနက တခြား အဆင့်မြင့် အရာရှိတဦးက အခုလို ရှင်းပြပါတယ်။

“Ethnic Cleansing - လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုဆိုတဲ့ ဝေါဟာရကို နိုင်ငံတကာ ဥပဒေမှာရော ပြည်တွင်း ဥပဒေတွေမှာပါ အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတာ မရှိပါဘူး။ ဒါပေမယ့် ဖြစ်ပေါ်နေတဲ့ပြဿနာဟာ အရေးကြီးတယ်ဆိုတာကို သရုပ်ပေါ်လွင်စေတဲ့ ဝေါဟာရတခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သတ်မှတ်လိုက်တဲ့အတွက် လုပ်ဆောင်ရမယ်ဆိုတဲ့ ပြဌာန်းချက်တော့ မပါဝင်ပါဘူး။ ဒါပေမယ့် ဒီကိစ္စအပေါ် ကျနော်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်၊ ပြဿနာပြေလည်ရေးအတွက် ကုစားပေးလိုစိတ် ရှိတယ်၊ ဒီ လူမျိုးအလိုက် ရှင်းလင်း ဖယ်ရှားမှုကို ပြောင်းပြန်လုပ်ပြီး ထွက်ပြေး သွားကြသူတွေ ဂုဏ်သိက္ခာရှိရှိ သူတို့သဘောနဲ့ နေရပ် ပြန်နိုင်ရေးအတွက် ဖြစ်ပါတယ်။”

ဒီ Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုဆိုတဲ့ ဝေါဟာရဟာ တခြား Crime Against Humanity လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ၊ Genocide လူမျိုးတုန်း သတ်ဖြတ်မှု စတဲ့ Bosnia တပ်ဖဲ့ွခေါင်းဆောင် Ratko Mladic ကို နယ်သာလန်နိုင်ငံ the Hague မြို့က ကုလသမဂ္ဂရဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးက ဗုဒ္ဓဟူးနေ့မှာ တသက်တကျွန်း စီရင်ချက်ချလိုက်တဲ့ပြစ်မှုတွေလို နိုင်ငံတကာ ဥပဒေအရ အင်မတန် ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူနိုင်တဲ့ ပိုပြီး တိကျတဲ့ ပြစ်မှုမျိုးမဟုတ်ကြောင်းလည်း နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းကိုလည်း အဆင့်မြင့် အရာရှိက အခုလို ဆက်ရှင်းပြပါတယ်။

“အခုလို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုဟာ ရည်ရွယ်မထားဘဲ ရုတ်တရက် ဖြစ်လာတဲ့ အကြောင်းအရာတခု မဟုတ်ဘူး၊ ရည်ရွယ်ချက်နဲ့ ကြိုတင် စီစဉ်မှုတွေ ရှိမှသာ ဖြစ်လာတယ်လို့ ရည်ညွန်း ဖော်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သတ်မှတ်တဲ့ နေရာမှာ စီစဉ်မှုတွေ၊ စံနစ်တကျ ကြိုတင် ပြင်ဆင်မှုတွေ ရှိခဲ့တယ်လို့ ကျနော်တို့က ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ လက်ညိုးထိုး အပြစ်တင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စအတွက် စီစဉ်မှုတွေ လုပ်ဆောင်နိုင်တဲ့ အဖွဲ့ အစည်းတွေဟာ အကန့်အသတ်နဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်က အဲဒီ ကြိုတင် ပြင်ဆင်မှုနဲ့ စီစဉ်မှုတွေကို ရည်ညွန်း ပြောဆိုတာ ဖြစ်ပါတယ်။”

တနည်းအားဖြင့် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် ဖိအားပေးတဲ့ သဘောနဲ့ အခုလို သတ်မှတ်ရခြင်း ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဌာနက အဆင့်မြင့် အရာရှိ အမျိုးသမီးက ပြောပါတယ်။

“အခုလို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု ဖြစ်ပေါ်နေတယ်လို့ သတ်မှတ် လိုက်တဲ့အတွက် ကျမတို့ဘက်က မျှော်လင့်တာကတော့ - ဒုက္ခသည်တွေ အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် သက်ဆိုင်သူတွေအနေနဲ့ လုပ်စရာရှိတာတွေ အမြန်ဆုံး လုပ်နိုင်အောင် ဖိအားပေးရာရောက်သလို၊ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မြန်မာစစ်တပ်နဲ့ အစိုးရဘက်က အလျင်အမြန် တုန့်ပြန် လုပ်ဆောင်လာအောင် ဖိအားပေးရာလည်း ရောက်စေပါတယ်။”

စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးဟာ ထိရောက်မှု မရှိဘူးလို့လည်း အဆင့်မြင့် အရာရှိက ဆက်ပြောပါတယ်။

“စီးပွားရေး ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်တာဟာ တာဝန်ရှိသူတွေကို အရေးယူဖို့ လုပ်တဲ့ နေရာမှာကော၊ မြန်မာနိုင်ငံအပေါ် အမေရိကန်ထားရှိတဲ့ ကျယ်ပြန့်တဲ့ မျှော်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သိပ်အကျိုးရှိမယ် မထင်ပါဘူး။”

ဘယ်လို ပိတ်ဆို့ အရေးယူမှုမျိုး ချမှတ်သင့်သလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဝန်ကြီး Tillerson က ပြောကြားထားပြီး ဖြစ်တယ်လို့ အဲဒီ အဆင်မြင့် အရာရှိက ပြောပါတယ်။ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ JADE ဥပဒေအရ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်တာ အပါအဝင် ပိတ်ဆို့ အရေးယူမှုတွေ အများအပြား ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ အဲဒီ ပိတ်ဆို့ အရေးယူမှုရဲ့ နောက်ဆက်တွဲ အဖြစ်နဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှုအပေါ် ကန့်သတ်တာ အပါအဝင် တခြား ကန့်သတ်ထားချက်တွေလည်း အများအပြား ရှိနေကြောင်း၊ လောလောဆယ်မှာတော့ လက်ရှိ တည်ရှိနေတဲ့ JADE ဥပဒေထက် ကျော်လွန်ပြီး ရခိုင်ပဋိပက္ခမှာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေအပေါ် ပစ်မှတ်ထားပြီး တိကျတဲ့ အရေးယူမှုမျိုး ထပ်မံ ချမှတ်နိုင်ရေးအတွက် စဉ်းစားနေကြောင်းလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိက ပြောပါတယ်။

အမေရိကန်လွှတ်တော် အမတ်တွေက လွှတ်တော် ကြားနာပွဲတွေအတွင်း Ethnic Cleansing လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုဆိုတဲ့ဝေါဟာရကို မကြာခန ခေါ်ဝေါ် သုံးစွဲခဲ့ပေမယ့် မမေရိကန်အစိုးရ တခုလုံး အနေနဲ့ကတော့ အခုမှ ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မီတီ ဥက္ကဋ္ဌ Ed Royce ကတော့ - ကြေညာချက် ထွက်လာပြီး နာရီပိုင်းအကြာမှာဘဲ ရခိုင်ပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု ဖြစ်ပေါ်နေတယ်လို့ အမေရိကန် အစိုးရက သတ်မှတ်လိုက်အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်း ပြောကြား လိုက်ပါတယ်။ အခုလို သတ်မှတ်လိုက်ပြီ ဖြစ်တဲ့အတွက် ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးုယူမှုတွေ ချမှတ် သင့်ကြောင်းလည်း ကာလီဖိုးနီးယားပြည်နယ် ကိုယ်စားပြု ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် Ed Royce က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ Ethnic cleansing လို့ခေါ်တဲ့ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု လက္ခဏာတွေ အားလုံးနဲ့ အလားသဏ္ဍာန် တူနေကြောင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံစလုံးက သက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Jeff Merkley က ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG