သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ၀န်ကြီး Tillerson ကို ၀ါရင့် ကန်လွှတ်တော်အမတ် တိုက်တွန်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်စည်းဝေးတွေ အပြီး ဖိလစ်ပိုင်ကနေ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ဝန်ကြီး Tillerson ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

အမေရိကန် သမ္မတ Donald Trump အစိုးရအဖွဲ့က ရခိုင်ပြည်နယ် ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ တိုးလာနေချိန်မှာပဲ အခုလို ဝန်ကြီး Tillerson မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

ဝန်ကြီး Tillerson ရဲ့ ခရီးစဉ်မတိုင်ခင် နိုင်ဝင်ဘာလ ၁၄ ရက်နေ့က နယူးယောက် ဒီမိုကရက် အောက်လွှတ်တော် အမတ်လည်းဖြစ် အောက်လွှတ်တော် ဒီမိုကရက် ကော်မတီဥက္ကဌလည်း ဖြစ်တဲ့ Joe Crowley က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်မှုကို ချက်ချင်း ရပ်တန့်ရေးအတွက် ထိရောက်စွာ အရေးယူဖို့ ဝန်ကြီး Tillerson အနေနဲ့ တောင်းဆိုသင့်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုတွေ ကလေး ၂ သိန်းခွဲ ဒုက္ခသည် ဖြစ်ကြရတဲ့ အခြေနေတွေ၊ ကျေးရွာ ရာနဲ့ချီပြီး မီးရှို့ခံကြရတဲ့ ထိတ်လန့်ဖွယ် သတင်းတွေကို ကြားသိနေရတဲ့ အတွက် မြန်မာနိုင်ငံမှာ ရက်စက်တဲ့ လူမျိုးစု ရှင်းလင်းဖယ်ရှားမှုတွေ ဖြစ်ပွါးနေတာ သံသယဖြစ်ဖွယ်မရှိကြောင်း သူ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတွင်း ဖြစ်ပျက်နေတာကို မြန်မာ အာဏာပိုင်တွေက လုံးဝ ငြင်းဆိုနေတဲ့ အတွက်ကြောင့် ဝန်ကြီး Tillerson အနေနဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာတွေ တန်းတူ အခွင့်ရေး အပြည်အဝ ရရှိရေး အပါအဝင် စစ်မှန်တဲ့ အဖြေရှာနိုင်ရေး အတွက် ဖိအားပေးသင့်တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု ဘက်က အဓိပါယ်ရှိတဲ့ ဖိအားပေးမှု မလုပ်ရင် အပစ်မဲ့တဲ့ အမျိုးသား အမျိုးသမီးနဲ့ ကလေးတွေ အပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်မှာ မဟုတ်ကြောင်း အောက်လွှတ်တော်အမတ် Crowley က သူ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီး Tillerson ဟာ အာဆီယံထိပ်သီးအစည်းဝေးတွေ တက်ရောက်နေစဉ်မှာ အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီး Tillerson ဟာ စက်တင်ဘာလထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုံး ဆက်သွယ် ပြောကြားခဲ့တာပါ။

ဒါဟာ ဝန်ကြီး Tillerson ရဲ့ ပထမဆုံး မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး လက်ရှိ သမ္မတ Trump အစိုးရအဖွဲ့ထဲက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ် လာရောက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ သြဂုတ်လ ၂၅ ရက် နောက်ပိုင်း လုံခြုံရေးစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်တပ်က နယ်မြေရှင်းလင်းခဲ့တဲ့ နောက်ပိုင်း တဖက်နိုင်ငံထဲကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂက ဒါဟာ လူမျိုးစု ဖယ်ရှားရှင်းလင်း တာလို့ ပြောပေမယ့် ပြီးခဲ့တဲ့လတုန်းကပဲ ဝန်ကြီး Tillerson က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ရက်စက်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ကမ္ဘာက လက်ပိုက်ကြည့် မနေသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG