သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Tillerson မြန်မာနိုင်ငံခရီးစဉ် အကြိုသုံးသပ်ချက်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် တွေ့ဆုံဆွေးနွေး။ ဓာတ်ပုံ - (Myanmar State Counsellor Office)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် တွေ့ဆုံဆွေးနွေး။ ဓာတ်ပုံ - (Myanmar State Counsellor Office)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ ဒီကနေ့ မနက်ပိုင်းမှာဘဲ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson ဟာ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများနဲ့ တွေ့ဆုံပြီး မီဒီယာ သမား တချို့ကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ ဝန်ကြီး Tillerson ရဲ့ တရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းယူဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်က အခုလို စပြောခဲ့ပါတယ်။

စုမြတ်မွန်။ ။ ဟုတ်ကဲ့ပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာမယ်။ ရောက်လာမယ် ဆိုတာကလည်း သူ့ရဲ့ ခရီးစဉ်က နေ့ချင်းပြန် ခရီးစဉ် ဖြစ်ပါတယ်။ သူနေပြည်တော်ကိုဘဲ တန်းလာမယ်။ ကျမတို့ သိထားတဲ့ သတင်းအရ ဆိုရင်တော့ သူက နေပြည်တော်ကို မနက် ၁၀ နာရီခွဲလောက်မှာ ရောက်လာမယ်။ သိရသလောက် ဆိုရင်တော့ သူက ၁၁ နာရီခွဲလောက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ ရှိတယ်။ တွေ့ပြီးသွားလို့ ရှိရင် ၁၂ နာရီခွဲ ဝန်းကျင်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်။ အဓိက သူလာတဲ့ ခရီးစဉ်ကလည်း ဒီ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာ အကူအညီတွေနဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာကို သူလာပြီးတော့ ပြောတာ တခု။

နောက်တခုကလည်း ရခိုင်ပြည်နယ်မှာ ဒီ အကြမ်းဖက်မှုတွေ တပ်မတော်ရဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေချိန်မှာ လာပြီးတော့ သူ့အနေနဲ့ တပ်မတော်ကို လာပြီးတော့ သတိပေးတဲ့ ခရီးစဉ်လို့လည်း မြင်လို့ ရပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့ အချိန်မှာပေါ့နော် ၁၁ နာရီ ၄၅ ဝန်းကျင်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ ပူးတွဲပြီးတော့မှ နိုင်ငံတကာ သတင်းမီဒီယာကို သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်ရှင့်။

ကျော်ဇံသာ။ ။ အဲဒီတော့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့ အခါမှာ ဒီရခိုင်ပြည်နယ်က ပြသနာနဲ့ ပတ်သက်ပြီးတော့ သတိပေးမယ် ဆိုပြီး မစုမြတ်မွန် သုံးသွားတဲ့ အသုံးအနှုန်း အင်မတန် သဘောကျပါတယ်။ သတိပေးတာလား ဖိအားပေးတာလား တချို့ အမေရိကန်မှာ ရှိတဲ့ လွှတ်တော် အမတ်တွေက ကွန်ဂရက်စ်မှာ မြန်မာနိုင်ငံ အစိုးရကို ဖိအားပေးဖို့ Pressure ပေးဖို့၊ ဒါ Targeted Sanction လုပ်ဖို့ စသဖြင့် အများကြီး ဖိအားပေးတာ ခံနေရတယ်။ အမေရိကန် Trump အစိုးရကိုယ်တိုင်က။ ဆိုတော့ သူဟာ အဲဒီဖိအားကို ဟိုယူပြီး ဆက်ပြီးတော့ ပေးဖို့ ပြောမှာလား။ သို့တည်းမဟုတ် အဲဒါမျိုးတွေ စိုးရိမ်နေရတယ်။ အဲဒါကြောင့် အဲဒါမျိုးတွေ သထိထားကြဆိုပြီး ပြောမှာလား။ အဲဒါ ဘယ်လို သုံးသပ်လို့ ရပါလဲ။ အဲဒါ မစုမြတ်မွန် ဘယ်လို သုံးသပ်လိုလဲ။

စုမြတ်မွန်။ ။ အဲဒါကတော့ ဘယ်လို ပြောရမလဲ ဆိုတော့ အမေရိကန် အစိုးရ ကိုယ်တိုင် ကလည်း တပ်မတော်ပေါ်မှာ သူတို့ Sanction တွေ ပိတ်ဆို့ ဒဏ်ခတ်မှု လုပ်ထားတယ်။ နောက်ထပ်လည်း တပ်မတော် ခေါင်းဆောင်တွေ အပေါ်မှာ စီးပွားရေး အရ Targeted Sanction တွေ ပေါ့နော်။ ပစ်မှတ်ထားတဲ့အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ဖို့လို့ စဉ်းစားနေပါတယ်။ အဲဒီအချိန်မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်။ ဆိုတော့ မနက်ဖြန် သူတို့ တွေ့တဲ့အချိန်မှာ ဘာပြောမလဲ ဆိုတာ အပေါ် မူတည်တယ် ပေါ့နော်။ ဆိုတော့ မြင်ရတာတော့ ခုန ဦးကျော်ဇံသာ ပြောသလိုဘဲ အမေရိကန် လွှတ်တော်ကလည်း မြန်မာနိုင်ငံ အပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်။

လွှတ်တော် အမတ်တွေက တွန်းတွန်းတိုက်တိုက် လုပ်နေတယ်။ အစိုးရကိုလည်း ဒီ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေဟာ Ethnic Cleansing ဖြစ်တယ် ဆိုတာမျိုး အမေရိကန် အစိုးရက ထုတ်ပြောဖို့ ဖိအားတွေ ပေးနေတဲ့အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သူကိုယ်တိုင် အခြေအနေကို လာကြည့်တယ်။ စွပ်စွဲခံရတဲ့ တပ်မတော် ခေါင်းဆောင်နဲ့ လာတွေ့တယ်ဆိုတာကတော့ နည်းနည်းလေး လေးလေးနက်နက် သူ သတိပေးမယ်လို့ ထင်ပါတယ်ရှင့်။

ကျော်ဇံသာ။ ။ ဆိုတော့ အာဆီယံ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် သွားတက်ခဲ့တယ်။ အဲဒီ အာဆီယံမှာ ဘယ်ဖိအားမှ သူ့ဆီ ရောက်မလာခဲ့ဘူး။ မြန်မာပြည် အပေါ် ရောက်မလာခဲ့ဘူး။ လူ့အခွင့်အရေး ဆိုတာ တခွန်းမှတောင် မပြောဘူး။ အဲဒီမှာလည်း အမေရိကန် ခေါင်းဆောင်တွေလည်း တက်ကြတာဘဲ။ အမေရိကန် အစိုးရ အကြီးအကဲတွေလည်း အဲဒီ အာဆီယံမှာ တက်ရောက်ကြတာဘဲ။ သူတို့ဆီကတော့ ဘာမှ ထွက်မလာခဲ့ဘူး။ ဆိုတော့ ဒီမှာရောက်လာတဲ့ အခါမှာ ပိုပြီး ပြင်းပြင်းထန်ထန်များ ပြောလာမယ်လို့များ ယူဆသလား။ အဲဒီ မြန်မာပြည်သူ မြန်မာနိုင်ငံက လူတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။ ဒီကိစ္စအပေါ်။

စုမြတ်မွန်။ ။ ပြောရမယ် ဆိုရင်ပေါ့နော်။ မြန်မာ ပြည်သူ သာမန် ပြည်သူတွေ အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး လာမယ့် ကိစ္စကတော့ အများတောင်မှ သိကြမယ် မထင်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ တပ်မတော်ဘက်ကတော့ ဟို အလေးအနက်ထားပြီး စဉ်းစားနေကြမယ်လို့ ထင်ပါတယ်ရှင့်။

ကျော်ဇံသာ။ ။ တပ်မတော်ဘက်ကတော့ ဒါက သူတို့နဲ့ တိုက်ရိုက် ပတ်သက်မယ့် ကိစ္စ ဆိုပြီးတော့ ပိုပြီးတော့ အလေးထား စဉ်းစားမှာပေါ့။ ဆိုတော့ နိုင်ငံရေး အသိုင်းအဝိုင်းကရော ဘယ်လို ပြောတာကြားလဲ မစုမြတ်။

စုမြတ်မွန်။ ။ နိုင်ငံရေး အသိုင်းအဝိုင်းက ကျတော့လည်း သူတို့ အနေနဲ့ပေါ့နော် အခု မြန်မာနိုင်ငံက ဖိအားတွေ သိပ်ပြီးတော့ နိုင်ငံတကာက ဖိအားတွေ ပေးခံနေရတယ်။ ပေးခံနေရတဲ့ အချိန်မှာ ဒီ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တယောက် လာတဲ့ခရီးစဉ်ကနေပြီးတော့ သူ့ရဲ့ တုံ့ပြန်မှု အပေါ်မှာ မူတည်ပြီးတော့ မြန်မာနိုင်ငံ အတွက်ကို အပြောင်းအလဲတွေ ဘယ်လို ဖြစ်နိုင်မလဲ။ အပြောင်းအလဲ ဆိုတာပေါ့နော် ခုန ဖိအားတွေဘဲ လျော့သွားမလား။ နောက် မြန်မာနိုင်ငံ အခု ဆိုလို့ရှိရင် နိုင်ငံတကာမှာ အတော်လေး မျက်နှာပျက်စရာ ဖြစ်နေတယ်။ အဲဒီ အခြေအနေကနေပြီးတော့ လွတ်မြောက်သွားမလား ဆိုတာမျိုးကိုဘဲ သူတို့ နိုင်ငံရေး အသိုင်းအဝိုင်း ဘက်ကတော့ စိတ်ဝင်စားနေပုံ ရပါတယ်ရှင့်။

ကျော်ဇံသာ။ ။ မစ္စတာ Tillerson က ပဋိပက္ခ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့် နယ်စပ်ဘက်ကို သွားဖို့အစီအစဉ်တော့ မရှိဘူးပေါ့။

စုမြတ်မွန်။ ။ ရခိုင်ပြည်နယ်ဘက်ကိုတော့ မစ္စတာ Tillerson သွားဖို့ အစီအစဉ် မရှိပါဘူးရှင့်။ ဘာလို့လဲ ဆိုတော့ သူက နေပြည်တော်ကို မနက် ၁၀ နာရီခွဲလောက်မှာ ရောက်လာမယ်။ ညနေ ၄ နာရီခွဲလောက်မှာ ပြန်သွားမယ်ဆိုတော့ ဒီကြားထဲမှာ အဓိကတော့ စောစောက ပြောတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ပြီးတော့ ဆွေးနွေးမှာ ဆိုတော့ ဒီတခေါက် ခရီးစဉ်က ရခိုင်ပြည်နယ်ဘက် သွားမယ့် ခရီးစဉ် မပါပါဘူးရှင့်။

ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG