မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်အပေါ် အကြမ်းဖက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်သလို၊ ဒီအပေါ်မှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တချို့က ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ပြတ်ပြတ်သားသား ရပ်တည် ပြသဖို့ အမေရိကန် လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို သီတင်းပတ်တွေနဲ့ချီ ဖိအားပေးတာတွေ ရှိခဲ့ပြီးတဲ့နောက် ဝန်ကြီး Tillerson ရဲ့ အခုလို သုံးနှုန်းပြောဆိုတဲ့ ကြေညာချက် ဗုဒ္ဓဟူးနေ့က ထွက်လာခဲ့တာပါ။ Jesusemen Oni ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့တာနဲ့ပတ်သက်လို့ အထူး စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောခဲ့ပေမဲ့၊ ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်လို့တော့ သူ့ခရီးစဉ်အတွင်း ပြောမသွားခဲ့ပါဘူး။
“သိပ်ကို ရှုပ်ထွေး နက်နဲတဲ့ အခြေအနေတခုမှာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ကသာ အခြေအနေကို ရှုထောင့်စုံကနေ ကျနော်တို့ နားလည်နိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
မြန်မာနိုင်ငံခရီးစဉ်အပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - ဝန်ကြီး Tillerson က - ရိုဟင်ဂျာမူစလင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရောက် ရောက်တယ်ဆိုတာ ထင်ရှားတယ်လို့ ထုတ်ဖော်ပြောဆို လိုက်တာပါ။ ဒီလို သုံးနှုန်းပြောဆိုဖို့ကို အမေရိကန်လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဆက်တိုက်ဆိုသလို ဖိအားပေး ပြောဆိုနေတာပါ။ အမေရိကန်အစိုးရက အခုနောက်ဆုံး ပြတ်ပြတ်သားသား သုံးနှုန်းပြောဆိုတဲ့အပေါ် ကြိုဆိုပြီး၊ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း အမြန်ဆုံး ချမှတ်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
"ဖြစ်သင့်တဲ့အချိန်ပါ။ ကုလသမဂ္ဂနဲ့ တကမ္ဘာလုံးက လက်ခံ ပြောဆိုနေကြတဲ့အတိုင်း အခုနောက်ဆုံး သူတို့လည်း ဒီသဘောအတိုင်းပဲ ရှိတယ် ဆိုတာ ပြောလိုက်တာပါပဲ။ ဆိုတော့ အမေရိကန်အစိုးရအနေနဲ့ ဘာဆက်လုပ်မလဲ ဆိုတာက မေးခွန်းကြီးတခု ဖြစ်လာပါပြီ။ သူတို့ တကယ် လုပ်သင့်တာကတော့ - လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေကို ကြီးကြပ်ညွှန်ကြားခဲ့ကြတဲ့ အဓိက စစ်ခေါင်းဆောင်တွေ၊ ပြီးရင် စစ်တပ်ထဲမှာ အဆင့်ဆင့် တာဝန်ရှိသူတွေကို ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်သင့်ပါတယ်။”
အလားတူပဲ ရိုဟင်ဂျာအရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness ကလည်း မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ အမြန်ဆုံး ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောဆိုပါတယ်။
“ခုချိန်မှာ သိပ်ကို အရေးကြီးပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတာတွေ လုပ်ခဲ့တာပါ။ ဒီအတွက် သူတို့ကို ပစ်ဒဏ်ခတ်ရပါလိမ့်မယ်။ မြန်မာစစ်တပ် အရာရှိတွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် လက်တွေ့ မြေပြင်မှာ ကိုယ်တိုင် ပါဝင် ညွှန်ကြားဆောင်ရွက်ခဲ့ကြသူတွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရပါလိမ့်မယ်။”
ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေမှာ စစ်တပ်အနေနဲ့ သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် လုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အမေရိကန် လွှတ်တော်အမတ်တွေက ဖိအားပေး ဝေဖန်နေကြတာပါ။
“သူက ဦးဆောင်မှုနေရာမှာ ရှိနေတာပါ။ တိုင်းပြည်အတွက် လိုအပ်နေတဲ့၊ အခိုင်အမာ ရပ်တည်ပေးနိုင်တဲ့ ခေါင်းဆောင် ဖြစ်ဖို့ကတော့ အများကြီး လိုပါသေးတယ်။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေတာ ၂ နှစ်တောင် မရှိသေးပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ တိုင်းပြည်မှာ ခုလို ရက်စက်ကြမ်းကြုတ်တဲ့အခြေအနေတွေ ဖြစ်လာတဲ့အခါမျိုးမှာ ပိုပြီး အင်တိုက်အားတိုက် ရှေ့ထွက် ပြောဆို လုပ်ဆောင်တာမျိုး ရှိရပါမယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လကစလို့ တကျော့ ပြန်လည်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ရိုဟင်ဂျာ မူစလင် ဒုက္ခသည် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးရတဲ့အထိ ဖြစ်အောင် မြန်မာစစ်တပ်က စနစ်တကျ အကွက်ချ လုပ်ခဲ့တာလို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ပြစ်တင်ဝေဖန်ထားတာပါ။ မြန်မာစစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းပယ်ထားပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်း ကတော့ - အမေရိကန်လို တိုင်းပြည်ကြီးပါက ခုလို စကားလုံး ပြင်းပြင်းထန်ထန် သုံးနှုန်း ပြောဆိုလာတဲ့အပေါ် မြန်မာအစိုးရ အနေနဲ့ အလေးအနက်ထား တုံ့ပြန်သင့်တယ်လို့ ဆိုပါတယ်။
"သူတို့အနေနဲ့ ဒါကို အလေးအနက် ထားသင့်ပါတယ်။ ကမ္ဘာပေါ်မှာ သြဇာအရှိဆုံး နိုင်ငံတခုက ပြောတာဖြစ်သလို၊ ပြင်းပြင်းထန်ထန် သုံးနှုန်းထားတာပါ။ အစတုန်းကတော့ မစ္စတာ Tillerson ဒီကို လာတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက် သူလည်း ပျော့သွားတယ်လို့တောင် ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဟိုကို ပြန် ရောက်သွားတဲ့အခါ… မထင်မှတ်ဘဲ ခုလို ပြင်းပြင်းထန်ထန် သုံးနှုန်းပြောလိုက်တော့ သူတို့လည်း (မြန်မာအစိုးရလည်း) အံ့သြသွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”
အမေရိကန် ကွန်ဂရက် လွှတ်တော်အနေနဲ့ကတော့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း အဆုံးသတ်နိုင်ဖို့ ရည်ရွယ်တဲ့ ဒဏ်ခတ် ပိ်တ်ဆို့မှုတွေ အပါအဝင် အရေးယူမှုတချို့ လုပ်သွားဖို့ အစိုးရကို ဆက်လက် တိုက်တွန်း နေကြပါတယ်။ ဒီအတောအတွင်း ရုရှားနိုင်ငံကတော့ - ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုလို့ ဆိုပြီး အမေရိကန် အစိုးရက တရားဝင် သတ်မှတ်လိုက်တာဟာ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ မဖြစ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်က အကျပ်အတည်းကို ဖြေရှင်းရာမှာ ပြင်ပက အလွန်အကျွံ စွက်ဖက်နေတာတွေကို လက်မခံနိုင်ဘူးလို့လည်း Reuters သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ရုရှားသံအမတ်ကြီး Nikolay Listopadov က ပြောဆိုသွားပါတယ်။