ဖိလစ်ပိုင်နိုင်ငံ လုံခြုံရေးအတွက် ဒေါ်လာသန်း ၅၀၀ ကူညီဖို့ အမေရိကန်ကြေညာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ မနီလာမြို့ သမ္မတအိမ်တော်မှာ တွေ့ဆုံကြစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဖိလစ်ပိုင်ခေါင်းဆောင်တွေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ ဆိုက်ဘာလုံခြုံရေး စတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး အားဖြည့်တဲ့ အနေနဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီတွေပေးသွားမယ်လို့ ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မှုတွေအပေါ် ဒေသတွင်းနိုင်ငံတွေနဲ့အတူ စိုးရိမ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးဘလင်ကန်က အလေးထား ပြောကြားခဲ့တာပါ။

“၂ နိုင်ငံကြား အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေ အားကောင်းလာရာက ကိစ္စရပ်တွေ အားလုံးကို ခြုံငုံမိသလို၊ အတူပူးပေါင်းဆောင်ရွက်မှုတွေကနေ လုံခြုံရေး အတွက် သာမက စီးပွားရေးမှာပါ အခွင့်အလန်းတွေ ရရှိနေတာကိုလည်း လက်တွေ့မြင်တွေ့နေကြရပါတယ်။” လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

ဖိလစ်ပိုင်သမ္မတကတော့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန် ရှိနေဖို့ အရေးကြီးကြောင်း အလေးထား ပြောခဲ့တာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံစဉ် မှာလည်း ဖိလစ်ပိုင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် ကူညီနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jr. ကလည်း နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေး အနေအထားကိုရရှိဖို့နဲ့ မလိုလားအပ်တဲ့ ဥပဒေမဲ့ ရန်စမှုတွေကို ကာကွယ်နိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်မယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller ကလည်း အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထားရှိတဲ့ ကတိကဝတ်တွေကို အလေးထားကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်နိုင်ငံ လုံခြုံရေးအတွက် ဒေါ်လာသန်း ၅၀၀ ကူညီဖို့ အမေရိကန်ကြေညာ