တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့ မြေဖို့ကျွန်းဖော်ထားတဲ့ ကျွန်းတွေနားမှာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစင်းက စစ်ရေးပြခဲ့ပါတယ်။ သင်္ဘောအသွားအလာများတဲ့ နိုင်ငံတကာရေပိုင်နက်ကို တရုတ်တို့ကပိုင်ဆိုင်တယ်လို့ပြောနေတာကို စိန်ခေါ်တဲ့အနေနဲ့ "Freedom of navigation operation" ကိုလုပ်ခဲ့တာလို့ အမေရိကန်ရေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ ဖျက်သင်္ဘော USS John S. McCain က Spratly ကျွန်းစုတွေထဲက Mischief သန္တာကျောက်တန်းနဲ့ ရေမိုင် ၁၂ မိုင်အကွာနားအထိသွားခဲ့ပါတယ်။ စစ်ဆင်ရေးလေ့ကျင့်နေစဉ်အတွင်း အမေရိကန်ဖျက်သင်္ဘောကို တရုတ်ရေပိုင်နက်ထဲကနေ ထွက်သွားဖို့ တရုတ်သင်္ဘောငယ်တစင်းက ၁၀ ကြိမ်ထက်မနည်း သတိပေးခဲ့တယ်လို့ အရာရှိတယောက်က ပြင်သစ်သတင်းဌာန AFP ကိုပြောပြခဲ့ပါတယ်။
နိုင်ငံတကာရေပိုင်နက်ထဲမှာ တရားဝင် စစ်ရေးပြလေ့ကျင့်နေတာဖြစ်တယ်လို့ တရုတ်သင်္ဘောကို အမေရိကန်စစ်သင်္ဘောဖက်က တုံ့ပြန်ခဲ့ပါတယ်။ သင်္ဘော ၂ စင်းကြားအပြန်အလှန်ဖြစ်ခဲ့တဲ့အချိန် ၆ နာရီလောက်ကြာခဲ့ပြီး အစကနေ ပြီးသွားတဲ့အထိ စည်းဘောင်ထဲကနေ အန္တရာယ်ကင်းစွာ တုံ့ပြန်ခဲ့ကြတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုရေချိန်တက်နေချိန် မြောက်ကိုရီးယားရဲ့ Nuclear ပြဿနာကို တရုတ်ကကူညီ ဖြေရှင်းပေးဖို့ အမေရိကန်အစိုးရက လိုလားနေချိန်မှာ ခုလိုကိစ္စဖြစ်ခဲ့တာပါ။
အမေရိကန်ရေတပ်သင်္ဘောရဲ့ဆောင်ရွက်မှုဟာ နိုင်ငံတကာနဲ့ တရုတ်ဥပဒေတွေကို ချိုးဖောက်ပြီး တရုတ်ရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို အလွန်အမင်း ထိခိုက်စေတယ်လို့ တရုတ်တို့ဖက်က တုံ့ပြန်ပါတယ်။ ရေကြောင်းသွားလာရေးမှာ မဟာဗြူဟာကျတဲ့ ရေလမ်းကြောင်းကို တရုတ်တို့က ထိန်းချုပ်နိုင်ဖို့ပိုလုပ်လာတဲ့အပေါ် အမေရိကန်အစိုးရက စိန်ခေါ်ဖို့ကြိုးစားတဲ့အနေနဲ့ ကြာသပတေးနေ့က လွတ်လပ်စွာသွားလာရေး စစ်ရေးပြမှုကို လုပ်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5