USS Gerald R Ford လေယာဉ်တင်စစ်သင်္ဘောကြီး ရေချပွဲ၊ သမ္မတ Trump တက်ရောက်

USS Gerald R Ford လေယာဉ်တင်စစ်သင်္ဘောကြီး ရေချပွဲ

ဒေါ်လာ ၁၃ ဘီလီယံနီးပါးအကုန်အကျခံတည်ဆောက်ထားတဲ့ USS Gerald R. Ford အမည်ရှိ လေယာဉ်တင်စစ်သင်္ဘောကြီးကို၊ အမေရိကန်ပြည်ထောင်စု၊ Virginia ပြည်နယ်၊ အရှေ့တောင်ပိုင်းပင်လယ်ကမ်းရိုတန်းက Norfolk ဆိပ်ကမ်းမှာ၊ ဒီနေ့ စနေနေ့က ရေချပွဲအခမ်းအနားကျင်းပရာမှာ၊ သမ္မတ Doanld Trump တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ပထမဆုံးထုတ်လုပ်လိုက်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒီလေယာဉ်တင်စစ်သင်္ဘောကြီးကို Norfolk မြို့ရှိ အမေရိကန်ရေတပ်စခန်းကို သမ္မတ Donald Trump ကိုယ်တိုင်လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။

ဒီ USS Ford စစ်သင်္ဘောကြီးဟာ ကမ္ဘာမှာအကြီးမားဆုံး လေယာဉ်တင်စစ်သင်္ဘောကြီးတစင်းဖြစ်တယ်လို့ သမ္မတ Trump က Twitter အက်တာနက်စာမျက်နှာမှာ ဒီနေ့မနက်ရေးသားလိုက်ပါတယ်။ ဒေါ်လာ ၁၀.၅ ဘီလီယံကုန်ကျခဲ့တဲ့ USS Gerald R Ford လေယာဉ်တင်စစ်သင်္ဘောကြီးကို ၂၀၀၉ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။

အနှစ် ၄၀ အတွင်း ခေတ်မှီနည်းပညာတွေနဲ့ တည်ဆောက်ခဲ့တဲ့ ဒီသင်္ဘောကြီးဟာ ကုန်ကျစရိတ်အများဆုံး စံချိန်တင်ခဲ့သလို၊ ပြီးစီးဖို့လည်း နှောင့်နှေးခဲ့ပါတယ်။ ဒီ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘောကြီးရဲ့ သက်တမ်းဟာ အနှစ် ၅၀ဖြစ်ပြီး၊ လာမယ့်အနှစ် ၂၀ အတွင်း နောက်ထပ်စွမ်းအင်ဖြည့်စရာမလိုဘဲ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေတပ်မှာ ဒုတိယရေယာဉ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၅ ယောက်မြောက်သမ္မတ Gerald Ford ကိုဂုဏ်ပြုပြီး ဒီ လောယာဉ်တင်စစ်သင်္ဘောကြီးကို အမည်ပေးခဲ့တာဖြစ်ပါတယ်။