သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အခြေချမှု ယာယီတားမြစ်တဲ့ ကန်တရားရုံးချုပ် ဆုံးဖြတ်ချက် မြန်မာတွေစိုးရိမ်


မလေးရှားနိုင်ငံက မြန်မာ ဒုက္ခသည်စခန်းက ကျောင်းသားကလေးငယ်တွေရဲ့ စာသင်ခန်း။
မလေးရှားနိုင်ငံက မြန်မာ ဒုက္ခသည်စခန်းက ကျောင်းသားကလေးငယ်တွေရဲ့ စာသင်ခန်း။

သမ္မတ Donald Trump ရဲ့ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ သမ္မတအမိန့်ကြေညာချက်ပါ ညွန်ကြားချက် အတိုင်း အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်း အခြေချနေထိုင်ကြမယ့် ဒုက္ခသည်တွေ လာရောက်ခွင့်ကို အောက်အယူခံ တရားရုံးချုပ်က ဆုံးဖြတ်ချက် တစုံတရာ ထွက်မလာမချင်း နိုင်ငံတော် တရားရုံးချုပ်က ဇူလိုင်လ ၁၉ ရက်နေ့က ယာယီ ပိတ်ပင် ထားလိုက်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်မှာ ရွှေ့ပြောင်း အခြေချ နေထိုင်လိုကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန် ပြည်ထောင်စုမှာ လာရောက်အခြေချ နေထိုင်မယ့် ဒုက္ခသည်တွေကို လာရောက်ခွင့်ကို နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့မှာ ယာယီ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ရဲ့ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ အမိန့်ကြေညာချက် မှာတော့ မွတ်ဆလင် အများစုနေထိုင်တဲ့ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် စတဲ့ နိုင်ငံ ၆ နိုင်ငံကလူတွေ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ရက်ပေါင်း ၉၀ ယာယီ ပိတ်ပင်ထားပြီး ဒုက္ခသည်တွေ ကိုတော့ ရက်ပေါင်း ၁၂၀ ယာယီ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

သမ္မတ Trump အစိုးရရဲ့ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကြောင့် မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာပြည်က ဒုက္ခသည်တွေ အကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြောင်း မကြာသေးခင်ကဘဲ မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ Indianapolis မြို့ အခြေစိုက် BACI လို့ခေါ်တဲ့ အမေရိကန်-မြန်မာ လူမှုရေးအသင်းက အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie က ပြောပါတယ်။

“ သူတို့ အတွက် တော်တော်လေး စိတ်ပူစရာတော့ ဖြစ်တာပေါ့လေ။ တော်တော်မှ စိတ်ပျက်စရာလည်း ကောင်းတယ်။ ဘာလို့လည်း ဆိုတော့ နှစ်ပေါင်းများစွာ ကြာပြီးတော့မှ အခက်အခဲတွေ ကြားထဲမှာ အဖမ်းအဆီးလည်း ခံရတယ်။ လုံခြုံမှုလည်း မရှိဘူး။ အနေအထိုင် အစားအသောက် လည်းခက်တဲ့ ဒုက္ခသည် ဘဝနဲ့ နေထိုင်ရတယ် ဆိုပြီးတော့မှ ဒီမှာလာရမယ့် အခါ အချိန်မှာ လေးလ ပြန်စောင့်ရမယ့် အခြေအနေလည်း ဖြစ်တယ်။ နောက်ထပ် လေးလ ပြီးလို့ ရှိရင် တကယ် ဝင်နိုင်မလား မဝင်နိုင်ဘူးလား ဆိုတဲ့ဟာလည်း မသေချာ မရေရာတဲ့ အခြေအနေမျိုး ဖြစ်တော့ သူတို့ အတွက်တော့ စိတ်မကောင်းစရာတော့ ဖြစ်တာပေါ့လေ။ ”

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက လက်ခံဖို့ သတ်မှတ်ထားတဲ့ ဒုက္ခသည် အရေအတွက် ငါးသောင်း ပြည့်သွားပြီ ဖြစ်တာကြောင့် ဒုက္ခသည်တွေကို ယာယီပိတ်ပင်ထားတဲ့ ရက်ပေါင်း ၁၂၀ ပြည့်သွားသည့်တိုင် အခုနှစ် ဘဏ္ဍာနှစ် အတွင်း ဒုက္ခသည်တွေ လာရောက်ခွင့် မရှိတော့သလို ဖြစ်နေပါတယ်။

အမေရိကန်ကို လာရောက်ကြမယ့် သူတွေအနေနဲ့ အမေရိကန်နိုင်ငံသား၊ ဒါမှမဟုတ် အမေရိကန်က အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိတယ် ဆိုတာကို ပြသနိုင်ရင် ဝင်ရောက်ခွင့် ရှိမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က နိုင်ငံတော်တရားရုံးချုပ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်သွားပြီဆိုပေမယ့်လည်း ဒုက္ခသည်တွေ ဆက်လက် လာရောက်ခွင့် ရှိနေဦးမယ်လို့ သူ့အနေနဲ့ ယူဆကြောင်း Elaisa Vahnie က ဆက်ပြောပါတယ်။

“ ဒီဒုက္ခသည်တွေကို ယူတဲ့ အဖွဲ့အစည်းတွေကိုဘဲ Refugee Resettlement Agency က အာမခံတာက Supreme Court ကနေပြီးတော့မှ သူတို့ရဲ့ Term နဲ့ ပြောရမယ်ဆိုလို့ ရှိရင် Bona fide Family Connection ပေါ့လေ။ အဲဒါတော့ မဖြစ်ဘူးလို့ သူတို့က ပြောထားပြီးပြီ။ အာမခံချက် ပေးနိုင်တဲ့ ဒုက္ခသည်တွေကတော့ ဆက်ပြီးတော့မှ လာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ဒီ State Department နဲ့ ကျနော် ဆွေးနွေးတဲ့ အခါမှာလည်း အဲဒါ သူတို့ ကိုယ်တိုင်ကလည်း ပြောထားပါတယ်။ ”

တကယ်လို့ ပြန်လည်နေရာချရေး အဖွဲ့အစည်းတွေက အာမခံပေးတယ်ဆိုရင် ဒုက္ခသည်တွေအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုကို ဆက်လက် လာရောက်ခွင့်ရှိကြောင်း Hawaii ပြည်နယ် အယူခံတရုံးက တရားသူကြီး Derrick Watson က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆုံးဖြတ်ချက် ချလိုက်ပေမယ့် အဲဒီ ဒုက္ခသည်တွေ လာရောက်ခွင့် ဆုံးဖြတ်ချက်ကိုတော့ San Francisco မှာရှိတဲ့ အယူခံတရားရုံးက ပြန်လည် သုံးသပ်ပြီးတဲ့အထိ စောင့်ဆိုင်းဖို့ နိုင်ငံတော် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အမေရိကန် အစိုးရက ဒုက္ခသည်အရေအတွက် တိုးမြှင့် လက်ခံရေးလအတွက် ဒီရက်ထဲမှာ သူတို့အနေနဲ့ ကြိုးစား လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း Elaisa Vahnie က ပြောပါတယ်။

“ ဒီ Fiscal Year 2017 စက်တင်ဘာလမှာ ပြီးသွားမယ့် အချိန် အောက်တိုဘာလ ၁ ရက် ၂၀၁၇ ကစမယ့် Fiscal Year 2018 မှာက တော်တော်လေး အရေးကြီးတယ်။ အခုကတည်းက ကျနော်တို့က ဒီ Congress မှာ Official Committee တွေရယ်၊ ပြီးတော့မှ State Department ရယ်၊ ပြီးတော့မှ တခြား Stakeholder တွေရယ် ပူးပေါင်းပြီးတော့မှ ဆက်ဆောင်ရွက်ဖို့က တော်တော်လေး အရေးကြီးတဲ့ အခြေနေမျိုး ဖြစ်တယ်။”

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနဲ့ မလေးရှားတို့မှာ ရောက်နေကြတဲ့ မြန်မာပြည်က ဒုက္ခသည်တွေ ပြဿနာ ပြေလည်ရေးအတွက် နည်းလမ်း ၃ ခုနဲ့ ချဉ်းကပ် ဆောင်ရွက်နေတာမှာ ပထမအချက်ကတော့ - ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဌာနေပြန်နိုင်ရေး ဖြစ်ပြီးဒုတိယ အချက်ကတော့ - အိမ်ရှင်နိုင်ငံတွေမှာ ဆက်လက် နေထိုင်နိုင်မယ့် နည်းလမ်းကို အိမ်ရှင်နိုင်ငံနဲ့ မြန်မာအစိုးရ အကြား ပူးတွဲ ရှာဖွေရေးနဲ့ နောက်ဆုံး အချက်ကတော့ တတိယနိုင်ငံ တခုခုမှာ ရွှေ့ပြောင်း အခြေချ နေထိုင်ရေးတို့ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် မြန်မာပြည်ကို ပြန်ရေးကိစ္စမှာ မြန်မာပြည် အတွင်းက လုံခြုံရေး အခြေအနေ အပေါ် ဒုက္ခသည်တွေဘက်က ယုံကြည် စိတ်ချမှု မရှိတာအပြင် သူတို့ကို အကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဌာန်းထားခြင်း မရှိတာ၊ ပြန်ရောက်သွားတဲ့အခါ သူတို့ စီးပွားလုပ်ကိုင်ပြီး အသက်မွေး ဝမ်းကျောင်းနိုင်မယ့် အခြေအနေတခုကို မြန်မာအစိုးရဘက်က ဖန်တီး မပေးနိုင်သေးတာ စတဲ့ အခက်အခဲတွေ ရှိနေဆဲဖြစ်ကြောင်းလည်း Elaisa Vahnie က ပြောပါတယ်။

သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ ကြေညာချက်နဲ့ ဆိုင်တဲ့ အမှု ၂ ခုကို အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရားရုံးချုပ်က လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြားနာဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG