COVID-19 ကြောင့် ဗီယက်နမ်မှာ အပြင်မထွက်ရအမိန့်ထုတ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ လူဉီးရေ သန်း ၁၀၀ နီးပါးရှိတဲ့ ဗီယက်နမ် နိုင်ငံမှာ လိုအပ်တဲ့ အစားအသောက် နဲ့ ဆေးဝါးဝယ်ယူဖို့ ထွက်တာကလွဲလို့ တနိုင်ငံလုံး အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်ပါတယ်။

မဖြစ်မနေ အပြင်ထွက်တဲ့အခါမှာ လည်း တဦးနဲ့တဦး ၂ မီတာ အကွာနေဖို့နဲ့ လူ ၂ ဦးထက် ပို စုမနေကြဖို့လည်း ပါဝင်ပါတယ်။ မြို့တော် Hanoi မှာရှိတဲ့ Bach Mai ဆေးရုံကြီးမှာ နောက်ထပ် လူ ၁၂ ဦးကျော် COVID-19 ရောဂါပိုး ထပ်မံကူးစက်တာကို တွေ့ရှိ ရပြီး မကြာခင်မှာပဲ အခုလို ပြင်းပြင်း ထန်ထန် ပိတ်ပင်လိုက်တာပါ။

ဧပြီလလယ်အထိ ၁၅ ရက်ကြာ အိမ်ပြင်မထွက်ရ အမိန့်ကို ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က အင်္ဂါနေ့ က လက်မှတ်ရေးထိုးခဲ့ပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့က စပြီး အသက်ဝင်မှာဖြစ်ပါတယ်။ ဒီအမိန့်အရ မရှိမဖြစ် လုပ်ငန်းတွေက လွဲလို့ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်း ထားရမှာဖြစ်ပါတယ်။ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်၊ ပြည်နယ်တိုင်း ဒီအမိန့်ကို လိုက်နာကြဖို့ လည်း ဗီယက်နမ်အစိုးရ website မှာ တိုက်တွန်းထား တာပါ။

အခုလို အပြင်မထွက်ရ အမိန့်မကြေညာခင်ကတည်းက ရောဂါထိန်းချုပ်ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို နိုင်ငံတကာ က ချီးကျူးခဲ့ပါတယ်။ ရောဂါဖြစ်ပွားသူတွေကို အာဏာပိုင်တွေက အလျှင်အမြန် သီးခြားခွဲထား နိုင်ခဲ့သလို ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့ သူတွေကိုလည်း အချိန်မီ ဖော်ထုတ်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စလို့ ပထမဆုံးရောဂါ ကူးစက်ခံရသူရှိခဲ့တာဖြစ်ပြီး ပြင်ပကကူးစက်မှုစစချင်း ပထမအဆင့်မှာပဲ ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ခဲ့ပါတယ်။ တနင်္လာနေ့အထိ နိုင်ငံတွင်း ကူးစက်သူ ၂၀၄ ဦးနဲ့ သေဆုံးသူ မရှိသေးပါဘူး။

Your browser doesn’t support HTML5

COVID-19 ကြောင့် ဗီယက်နမ်မှာ အပြင်မထွက်ရအမိန့်ထုတ်


........................


(Unicode)




