တန့်ယန်းကို တိုက်ပွဲတွေ ကူးစက်မလာဖို့ ဝတပ်ဖွဲ့တွေ ဖြန့်ကျက်

ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ နှစ် (၃၀) ပြည့်အခမ်းအနားအတွင်း တွေ့ရတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၇၊ ၂၀၁၉)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည် လားရှိုးနဲ့ နီးနေတဲ့ တန့်ယန်းမြို့မှာ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့တွေ ဖြန့်ကျက် နေရာယူထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ ကြာသပတေးနေ့ ညနေပိုင်းမှာလည်း UWSA ခေါင်းဆောင်တွေဟာ ဒေသခံ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အလွန်အမင်း စိတ်မပူကြဖို့နဲ့ တစုံတရာ ဖြစ်လာရင် ဝပြည်နယ် ပန်ဆန်းဘက်ကို တိမ်းရှောင်ဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ လားရှိုးမှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းဒဏ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နောက်ဆုံးရသတင်းကို ကိုစည်သူက တင်ပြပေးပါမယ်။

ရှမ်းမြောက်ဒေသ တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတချို့ကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ည သန်းခေါင်အချိန်လောက်မှာ အင်အား ၂၀၀၀ ခန့်ရှိတဲ့ UWSA ဝတပ်ဖွဲ့တွေ တန့်ယန်းမြို့ကို ဝင်ရောက်လာခဲ့တာပါ။

ဒီကနေ့မှာတော့ တန့်ယန်းမြို့နဲ့ ပတ်ဝန်းကျင်မှာ ဝတပ်ဖွဲ့တွေက ဖြန့်ကျက်နေရာယူထားပြီး တိုက်ပွဲတွေ မဖြစ်ပွားအောင် ထိန်းချုပ်ထားကြောင်းနဲ့ ယမန်နေ့ညက ဒေသခံတာဝန်ရှိသူတွေကို အစည်းအဝေးခေါ်ပြီး မစိုးရိမ်ကြဖို့ မှာကြားခဲ့ကြောင်း တန့်ယန် ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ဝင်ထိန်းထားပြီလေ။ ဝင်ထိန်းထားပြီပေါ့။ နယ်မြေကတော့ လောလောဆယ်တော့ ငြိမ်နေသေးတယ်။ သေနတ်သံလည်း မကြားဘူးပေါ့။ မိုင်းပတ်နဲ့မန်ကတ်မှာတော့ ကြားရသေးတယ်။ ဒီတန့်ယန်းမှာတော့ တချက်မှ မကြားရသေးဘူး။ ဒီဝတွေကတော့ သူတို့ တပ်တွေကို ဖြန့်ထားပြီးသား၊ တမြို့လုံးကို ဖြန့်ထားပြီးသား။ ဖြန့်ထားပြီးတော့ စစ်ကောင်စီတပ်စခန်းတွေမှာ မသွားသေးတာပဲ ရှိတယ်။ လူကြီးတွေအချင်းချင်းကတော့ သူတို့ ညှိနေမှာပေါ့နော်။ ဝလူကြီးတွေကလည်း ဒီမှာ အစည်းအဝေး ကျေးလက်ဥက္ကဋ္ဌတွေနဲ့ ၊ ရပ်ရွာဥက္ကဋ္ဌတွေနဲ့ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးတွေနဲ့ အစည်းအဝေးလာလုပ်တယ်။ အများကြီး စိတ်မပူဖို့ပေါ့နော်။ တခုခုဖြစ်ရင်လည်း တယောက်နဲ့ တယောက် အပြန်အလှန်ဖေးမ ကူညီဖို့ပေါ့။ နောက်ဆုံးမလွှဲသာမရှောင်သာလို့ ပြေးစရာရှိရင် ဒီပန်ဆန်းပဲ ပြေးဖို့ပေါ့။ ဝပြည်ပဲ ပြေးဖို့ပေါ့ သူတို့က အကြံပြုတာပေါ့ အဲလို။ စိတ်မပူဖို့ကတော့ အဓိက မှာသွားတာပေါ့နော်။ ”

ဝတပ်တွေဟာ အများအားဖြင့် တန့်ယန်းမြို့အစွန်တွေမှာ ဖြန့်ကျက်ထားပြီး မြို့အတွင်းမှာတော့ အနည်းငယ်သာ သွားလာနေတာကို တွေ့ရကြောင်းလည်း သူက ပြောပါတယ်။ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်ကတော့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေ တန့်ယန်းဘက်မကူးစက်လာစေဖို့အတွက် ဒေသခံတွေရဲ့ တောင်းဆိုချက်ကြောင့် စစ်ကောင်စီနဲ့ ညှိနှိုင်းနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လားရှိုးမြို့မှာတော့ မနေ့ညက စတင်ပြီး ဒီနေ့ တနေကုန် တိုက်ပွဲပြင်းထန်နေသလို မြို့အတွင်း လူနေရပ်ကွက်တွေမှာ လက်နက်ကြီး ကျတာကြောင့် အရပ်သား အနည်းဆုံး ၃ယောက်သေဆုံးကြောင်း လားရှိုးမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ မနေ့က မိုးချုပ်ကနေ တညလုံး၊ ခု ဒီမနက်လည်း အခုအချိန်ထိပဲ။ ပတ်ပတ်လည်၊ ပတ်ပတ်လည်ဖြစ်နေတာ။ ၅၀၇ဘက်မှာလည်း ချတယ်။ နောက်ပြီးတော့ ဟိုမယ်ဟန်ဘက်မှာလည်း ချတယ်။ မယ်ဟန်ဘက်မှာ ဒီကနေ အမြောက်နဲ့ လှမ်းပစ်နေတာ။ မြို့ထဲမှာ တော်တော်များများ ကျတယ်။ ရပ်ကွက် ၇၊ မီးခိုးတွေ အခုထိတောင် မတိတ်သေးဘူး။ ရှော့တိုက်ဒုံးကျတယ်လို့ ပြောတယ်။ ရပ်ကွက် ၇ နယ်မြေ ၇မှာလည်း သေတယ်တဲ့ ၃ယောက်။ အဲဒါ ဒီမနက် တယောက်က အလောင်းက ရှာမတွေ့ဘူး ။ တစစီဖြစ်သွားတယ်ပြောတယ်။ မနေ့က ဓမ္မဆရာတယောက်သေတယ်။ ရပ်ကွက်၁၊ နယ်မြေ ၁လေ။ သူက ကျည်က ကျချင်တဲ့နေရာ ကျနေတာ။ အဲလိုမျိုး ။ တပ်နဲ့ ဝေးတဲ့နေရာလည်း ကျတယ်။ နီးတဲ့နေရာလည်း ကျတယ်။မှန်းလို့ မရဘူး။ ”

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တခုမှာ လုံခြုံရေးယူနေတဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်တဦး (ဇူလိုင် ၃၊ ၂၀၂၄)

MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့ဘက်ကမှာတော့ ညီနောင်မဟာမိတ်တပ်အင်အား ထောင်နဲ့ချီရောက်ရှိနေတယ်လို့ ကြားသိရကြောင်း အဲဒီလားရှိုးဒေသခံကပဲ ပြောပါတယ်။ ဇူလိုင် ၁၁ ရက် မနေ့ ညကတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သိန္နီမြို့ အထက ၁ အဆောက်အဦ ပျက်စီးခဲ့ပါတယ်။

လားရှိုးနဲ့ သိန္နီ ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ MNDAA အနေနဲ့ သီးခြားသတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ဇူလိုင် ၁၀ရက်နေ့ရက်စွဲနဲ့ လားရှိုးတိုက်ပွဲနဲ့ပတ်သက်ပြီး တပ်သားတွေ လိုက်နာရမယ့် အချက် ၁၈ချက်ပါ တားမြစ်အမိန့် ကို ထုတ်ပြန်ထားသလို ဇူလိုင် ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီ အရာရှိ၊စစ်သည်တွေ လက်နက်ချဖို့နဲ့ လက်နက်ချလာသူတွေကို ဆုငွေ ပေးအပ်မယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ကျောက်မဲ၊ သီပေါနဲ့ တန့်ယန်းဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။နောင်ချိုမြို့နယ် ဂုတ်တွင်းနဲ့ ဂုတ်ထိပ် မှာလည်း မနေ့က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းက တကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီး စစ်ကောင်စီရဲ့ မန်ကတ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်းTNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဒေသတွင်း တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ TNLA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရွှေဖီမြေသတင်းဌာနကတော့ ဒီကနေ့မှာ TNLA ပူးပေါင်းတပ်တွေက ဂုတ်ထိပ် ၆ထပ်ကွေ့ က စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းက ပြန်လည် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

တန့်ယန်းကို တိုက်ပွဲတွေ ကူးစက်မလာဖို့ ဝတပ်ဖွဲ့တွေ ဖြန့်ကျက်