မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ တပြိုင်နက်တည်း ရွေးချယ်နေကြပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ ရပ်ကွက် အုပ်ချုပ်ရေးအတွက် အရေးကြီးတဲ့ရွေးချယ်မှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ ကိုယ်တိုင်လည်း ပါဝင်ရွေးချယ်ကြဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တိုက်တွန်းပါတယ် ။ လတ်တလောရွေးချယ်မှုတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေ အားနည်းချက် အားသာချက်တွေနဲ့ ရင်ဆိုင်နေရပါသလဲ မဆုမွန် ဆက်ပြောပြပါမယ်။
အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလဆန်းကစလို့ မြန်မာနိုင်ငံတဝှမ်း ရပ်ကွက်၊ ကျေးရွာ မြို့နယ်အသီးသီးမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်တွေကို ပြန်လည်ရွေးချယ်နေကြတာဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာနေဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီ နည်းကျ တရားမျှတမှုရှိတဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲဖြစ်မြောက်ရေးကိုလည်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် တက်ကြွ လှုပ်ရှားသူတွေဘက်က ပူးပေါင်းပါဝင်ဆောင်ရွက် နေကြတာလည်းဖြစ်ပါတယ်။
အခုလက်ရှိ ရန်ကုန်တိုင်းတွင်းက ရပ်ကွက်မြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေရွေးချယ်တာတွေနဲ့ပတ်သက်လို့ ရပ်ကျေးရွေးချယ်မှုတွေမှာ ဦးဆောင်ပါဝင်သူ ရန်ကုန်တိုင်းလွှတ်တော်က မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကအခုလိုရှင်းပြပါတယ်။
"ဇန်နဝါရီ ၁၁ ရက်နေ့အပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အပြီးရွေးချယ်ပေးဖို့အတွက် ကျနော်တို့ကို ညွန်ကြားထားပါတယ်ခင်ဗျ။ အမှန်မှန်အချိန်နည်းနည်းပိုရရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ထူးခြားမှုကတော့ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့မြို့နယ်မှာ အရင်လုပ်ခဲ့တဲ့သူတွေ တော်တော်များများပြန်ပါတယ်ခင်ဗျ။ သူတို့ကိုပြန်ပြီးတော့ လူထုကရွေးချယ်တာတွေ ရှိပါတယ်ခင်ဗျ။ တချို့နေရာတွေမှာတော့ ပြီးခါနီးနေပြီပေါ့ ။ ၄ ချိုး ၃ ချိုးလောက်က အရင်လူအဟောင်းတွေ ပြန်ပါတယ်လို့ ကျနော်တို့ သိထားပါတယ်ခင်ဗျ။"
ရန်ကုန်တိုင်းဘက်မှာတော့ လာမယ့် ဇန်နဝါရီလလယ် နောက်ဆုံးထားပြီး ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်နေကြတာဖြစ်ပါတယ်။ ရွေးချယ်မှုတွေမှာ တချို့ပြည်နယ် တိုင်းတွေမှာ ပြသနာနည်းနည်းဖြစ်ခဲ့ပေမဲ့ ဆိုးဆိုးရွားရွား အငြင်းပွားစရာတွေတော့ မကြုံရသေးဘူးလို့ ဦးရန်အောင်ကပြောပါတယ်။
"ယေဘုယျအားဖြင့်တော့ ကျနော်တို့အဆင်ပြေပါတယ်။ ဒါပေမယ့် လူထုရဲ့ စိတ်ဝင်စားမှုကတော့ အရင်ရွေးကောက်ပွဲတွေလောက်တော့ မပြင်းထန်ဘူးပေါ့ဗျာ။ ဒါပေမယ့် သိပ်ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်တဲ့ အနေအထားကတော့ မရှိပါဘူး။ ဆိုပါစို့ လူ ၁၀၀ လာပြီးတော့ ရွေးချယ်ရမယ့်နေရာမှာ ၁၀ အိမ်စုဆိုပါတော့ လူ ၇ ယောက်၊ ၈ယောက်လောက်က ရွေးချယ်လိုက်တာမျိုး တွေတော့ရှိပါတယ်။ ကျနော်တို့တွေနဲ့ကလည်း လူထုနဲ့ ထိတွေ့တဲ့အခါမှာ ဒါဟာ အလွန်အရေးကြီးတယ်ဆိုတဲ့ အကြောင်း ဒါကိုအခွင့်အရေးတခုအနေနဲ့ ကိုယ့်ရပ်ကွက်အနာဂတ်ကို ပုံဖော်မယ့် အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဖို့ ကျနော်ပြောပါတယ်။"
ဒီလိုမျိုး ပြည်သူတွေ တက်တက်ကြွကြွစွာပါဝင်နိုင်ဖို့က တာဝန်ရှိသူတွေဘက်က သတင်းဖြန့်ဝေမှု ပညာပေးမှုကလည်း အရေးကြီး လိုအပ်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးအဆင့် ရွေးချယ်ပွဲတွေ သန့်ရှင်းမျှတမှုရှိရေး ဒေသခံပြည်သူတွေ အနေနဲ့ ဘယ်လို ရွေးချယ်နိုင်သလဲ နောက် ကိုယ်တိုင်လည်း ဘယ်လို ပါဝင်ရွေးချယ်ခွင့်ရှိသလဲဆိုတဲ့ ပညာပေးမှုတွေကို ရှင်းလင်းတိကျစွာ သိရှိနိုင်အောင် သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်ကလည်း စနစ်တကျ လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီစည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်ကလည်း အခုလို ပြောပါတယ်။
"အဓိက အားနည်းချက်ကတော့ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းအချက်အလက်ပေးတာကို တိတိပပပေးတာမျိုးအားနည်းတယ်ပေါ့နော်။ တနိုင်ငံလုံးအဆင့် လုပ်မှာလား၊ မလုပ်မှာလား ဆိုတာကို သေချာရှင်းလင်းမှုမရှိပဲနဲ့ တိကျတဲ့ ပြဌာန်းချျက် တိကျတဲ့ ညွန်ကြားချက် မရရှိဘူး။ လုပ်ဆိုတဲ့အချိန်မှာပဲ ပြည်သူတွေ သိလိုက်ရတဲ့အချိန်မှာတော့ နောက်ကျနေပြီပေါ့နေ်ာ။"
ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်မှုတွေမှာ သမာသမတ်ကျတဲ့ ရပ်ကွက်ကျေးရွာအကျိုး အမှန်တကယ်သယ်ပိုးပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတွေ ပါဝင်နိုင်ရေး ကိုယ်တိုင်မဲပေး ရွေးချယ်ပေးကြဖို့ကိုလည်း မသဉ္ဇာရွှန်းလဲ့ရည် က တိုက်တွန်းပါတယ်။ ပြည်သူတွေ စိတ်ပါဝင်စားမှုရှိဖို့နဲ့ ပါဝင်မှု အားကောင်းလာအောင် ဆောင်ရွက်နေကြပေမဲ့လို့ ပြည်သူတွေဘက်က တက်တက်ကြွကြွ ပါဝင်မှုကတော့ အားနည်းနေတုန်းပဲလို့သူကဆိုပါတယ်။
"ဒီဥပဒေအသစ်ပေါ်မှာ နားလည်မှုရှိအောင် အသိပညာပေးတဲ့လုပ်ငန်းကလည်း အချိန်အားဖြင့် လုပ်တဲ့အခါမှာ လုပ်တဲ့အဖွဲ့အစည်းကလည်း အားနည်းတယ် နောက်တခုက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ပြည်သူတွေကတော့ ဒီအပေါ်မှာ မကျေမနပ်နဲ့ ပြန်လည်ရွေးကောက်ဖို့အတွက် သူတို့ကြိုးစားတယ်ပေါ့။ ဒါပေမယ့် တိုင်းပြည်နယ်တွေ ပဋိပက္ခတွေဖြစ်တဲ့ နေရာဒေသတွေ၊ နောက် လက်နက်ကိုင်တွေများပြားတဲ့နေရာဒေသတွေမှာ ရွာတွေမှာ အဲဒီနေရာတွေနဲ့ ဒီလိုမြို့တွေရပ်ကွက်တွေမှာတော့ ဒီပဋိပက္ခအပေါ်မှာ စိတ်ဝင်တစားမရှိဘူး။မဲပေးဖို့လည်း စိတ်မဝင်စားဘူး။"
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းထားတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေသစ် နဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပုံ အဆင့်ဆင့်နဲ့ ရွေးချယ်ခြင်းအဆင့်ဆင့်တွေမှာ ပြည်သူတွေ သိရှိနားလည်လာအောင် ပညာပေးဖို့လိုသလို မိမိတို့ရဲ့ရပ်ကွက်အကျိုးကို သယ်ပိုးနိုင်ရေး အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ဆန္ဒမဲပေးရွေးချယ်မှုတွေမှာလည်း အရွေးမမှားကြဖို့ လိုတယ်ဆိုတာကို လှုပ်ရှားသူတွေဘက်က အကြံပေးကြပါတယ်။
Your browser doesn’t support HTML5