မုန်တိုင်းသင့် မြန်မာနိုင်ငံမှာ နောက်တကြိမ် ရေဘေးအန္တရာယ်နဲ့ကြုံနိုင်

တောင်ငူမြို့အနီးရေကြီးရေလျှံမှုမြင်ကွင်း (စက်တင်ဘာ ၁၄၊ ၂၀၂၄

မကြာသေးခင်က ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ထဲ နောက်ထပ် မိုးများရေကြီးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ နေရာတော်တော်များများမှာ မိုးများနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှု အန္တရာယ်တွေ သတိထားဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက တိုက်တွန်းထားပါတယ်။ စိုးရိမ်စရာ ရာသီဥတု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့ကနေ ၅ရက်နေ့ထိ မြန်မာနိုင်ငံနေရာတော်တေ်ာများများမှာ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ရေဘေးဒဏ်ခံခဲ့ရတဲ့ နေရာတွေ အပါအဝင် နေရာအနှံ့ မိုးများပြီး နောက်ဆက်တွဲ အန္တရာယ်တွေ ကြုံရနိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"မိုးများနိုင်မဲ့ရက်ကတော့ ၁၊ ၂၊ ၃ ရက်တွေပေါ့နော်၊ မိုးဆက်တိုက်နည်းနည်းများရင်တော့ မြစ်ရေလျှံမှု၊ မြေပြိုတာတွေတော့ရှိနိုင်တယ်ပေါ့နော်၊ အခုကတော့ လေပြင်းပါနည်းနည်းပါနိုင်တယ်၊ လေပြင်းတိုက်တာ မိုးကြိုးပစ်တာတွေပါ သတိပြုရမှာပေါ့နော်"

အောက်တိုဘာလအတွင်း မြန်မာနိုင်ငံမှာ မြစ်၊ ချောင်းတွေ စိုးရိမ်ရေမှတ် ရောက်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။ လက်ရှိမှာတော့ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် နှစ်လက်မခန့် ကျဆင်းသွားပြီဖြစ်ပြီး မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေကျေထိခိုက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရတာ သိပ်မကြာခင်မှာပဲ နောက်ထပ် သဘာဝဘေးနဲ့ ကြုံနေရတာပါ။ ပြီးခဲ့တဲ့ ရေဘေးသင့် ဒေသတချို့မှာ ရေပြန်ကျသွားပေမဲ့ နောက်ဆက်တွဲ အကူအညီတွေ၊ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေလည်း ရှိနေပါတယ်။
ရွာပေါင်း ၂၀၀နီးပါးရေဘေးသင့်ခဲ့ရတဲ့ အင်းလေးဒေသမှာ အခုထိရေပြန်မကျသေးပါဘူး။

နောက်ပြီး လတ်တလော လာမယ့်လေပွေလှိုင်းကြောင့်လည်း အင်းလေးဒေသမှာမိုးများနိုင်ပါသေးတယ်။ ရေကြီးတာ ရက်ကြာလာတာကြောင့် အကူအညီတွေလိုအပ်နေဆဲ အင်းလေးဒေသမှာ နောက်လာမယ့် သဘာဝဘေးရိုက်ခတ်မှုနဲ့ပတ်သတ်လို့ ပြင်ဆင်ထားနိုင်တာမရှိသေးဘူးလို့ ကူညီ ကယ်ဆယ် ပေးနေတဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"ရေကမကျဘူးဖြစ်နေတော့ အခက်အခဲတော့ရှိတာပေ့ါဗျာ၊ ဒီမှာပိုဆိုးတာပေါ့ ငါးဖမ်းတဲ့ရွာဆိုတော့၊ ဒီစားနပ်ရိက္ခာအတွက် အတော်လေးကိုအခက်အခဲကြုံနေတယ်၊ အခုလက်ရှိအနေအထားအရတော့ နည်းနည်းမြင့်နေဦးမှာပဲ၊ တချို့ကလည်း ပြီးခဲ့တဲ့တချိန်မှာ ပွတ်ကာသီကာလေးလွတ်သွားတာပေါ့ဗျာ၊ တရက်လောက်ရွာလိုက်ရင်တော့ မြုပ်မဲ့အနေအထားပါပဲ၊ အဲဒီတော့ ကျွန်တော်စီစဉ်ထားတာတော့ ဓမ္မရုံမှာရှိနေတဲ့အဖွဲ့တေွကို စဉ်လေးထိုးပြီးတော့ နေကြမယ်ပေါ့။ အဲလိုတော့စီစဉ်ထားပါတယ်။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မုန်တိုင်းကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး၊ ၈၀ နီးပါးပျောက်ဆုံးခဲ့သလို၊ စိုက်ဧက ၈သိန်းနီးပါးပျက်စီးပြီး၊ တိရိစ္ဆာန် ၂ သိန်းနီးပါးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မုန်တိုင်းသင့် မြန်မာနိုင်ငံမှာ နောက်တကြိမ် ရေဘေးအန္တရာယ်နဲ့ကြုံနိုင်