သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး ကျောက်ထုနယ် စစ်ရှောင်စခန်းတချို့နေမြုပ်၊ အသက်ဆုံးရှုံးမှုရှိ​​​​​​​


မကွေးတိုင်း၊ ကျောက်ထုတိုက်နယ် စစ်ဘေးရှောင်စခန်းမှာ တောင်ကျရေကြောင့် ရေလွှမ်းနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၄/၊ဓာတ်ပုံ-CJ)
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ် စစ်ဘေးရှောင်စခန်းမှာ တောင်ကျရေကြောင့် ရေလွှမ်းနေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၄/၊ဓာတ်ပုံ-CJ)

မကွေးတိုင်း ကျောက်ထုတိုက်နယ်မှာ စစ်ရှောင်စခန်းတွေ ရေနစ်မြုပ်နေသလို တောင်ကျချောင်းရေကြောင့် ရေစီးနဲ့အတူ စစ်ဘေးရှောင်တွေ မျောပါပြီး အသက်ဆုံးရှုံးနေပါတယ်။ ကျောက်ထုတိုက်နယ်ထဲက စစ်ဘေးရှောင် အခြေအနေတွေ ရန်ကုန်ဘက်က သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မင်းတပ်မြို့နဲ့ကပ်လျက်က မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုတိုက်နယ်ထဲမှာ စက်တင်ဘာ ၂၅ ရက်က တောင်ကျချောင်းရေတွေ စီးဆင်းလာတာကြောင့် စစ်ရှောင်စခန်း ၃ ခု ရေဘေးသင့်ပြီး လူသေဆုံးတာတွေရှိခဲ့ပါတယ်။

ကျောက်ထုတိုက်နယ်ထဲက ရွှေဆည်းဆာ နဲ့ တောင်ဇလပ် စစ်ရှောင်စခန်းနှသ်ခုက စစ်ဘေးရှောင် တဲ ၁၇၀ နီးပါးဟာရေတိုက်စားတာကြောင့် ပျက်စီးခဲ့ရပြီး လူဦးရေ ၄၀၀ ကျော် ရေဘေးသင့်နေသလို နောက်ထပ်စခန်းတခုဖြစ်တဲ့ မြိုင်ရိပ်ဝေစခန်းဟာ ပျက်စီးတာမရှိပေမယ့် လူဦးရေ ၃၀၀ ကျော် ရေဘေးသင့်နေပါတယ်။

တောင်ကျချောင်းရေတွေစီးနေတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ချိန် တောင်ဇလပ်စခန်းက စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးထဲမျောပါပြီး အသက်ဆုံးပါးသွားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

"ည ၈ နာရီလောက်ဖြစ်မယ်။ ရေတွေက ဒလဟောဆင်းချလာတာ။ တခါမှ မမြင်ဖူးတဲ့ရေတွေက ကားလမ်းပေါ်တွေအထိ၊ ပြီးတော့ စစ်ရှောင် စခန်းတွေမှာဆိုရင် ရေတွေက ရင်ဘတ်လောက်တွေပေါ့နော်။ ကျမတို့က ကြိုးတွေနဲ့သွယ်ပြီးလူတွေကို အသက်ဘေးက လွတ်အောင် ကယ်ရတာ။ ဒါတောင် သားအမိ ၂ ယောက်က ရေမျောပါသွားသေးတယ်။အသက်ဆုံးရှုံးသွားတယ်ပေါ့နော်။ ၂ နှစ်နဲ့ ၈ လ ကလေးတယောက်ရယ်။ ၃၈ နှစ်အရွယ် အမျိုးသမီးရယ်ပေါ့နော်။သားအမိ ၂ ယောက်မျောပါသွားတယ်။ ကယ်နေတဲ့ကြားထဲက။ သူက ကလေး ၂ ယောက်ရှိတယ်လေ။ ကလေးတွေကိုတယောက်ချင်းစီကယ်တာပေါ့။ သူ့ကလေးတွေကို နောက်ဆုံးတယောက်ကို ကယ်တဲ့အချိန်မှာ ကလေးလေးကိုကျောပိုးပြီး ဒီဘက်ကကမ်းဘက်ကို ရောက်နေပြီ။ ရောက်တဲ့အချိန် ကမ်းပေါ်ကို တက်လိုက်တာပေါ့။ ကမ်းပါးက ပြိုပြီးမှဆွဲထားတဲ့ ပြည်သူတွေက ဆွဲထားတဲ့လက်ကို ပြုတ်သွားတာပေါ့နော်။ ပြုတ်သွားတော့ ထပ်ဆွဲတော့ အမျိုးသားတယောက်ပါ ပါသွားတယ်။ အဲ့အမျိုးသားကတော့ ကြိုးပစ်ပေးတာနဲ့ အဲ့ကြိုးကိုဆွဲပြီး ပြန်တက်လာနိုင်တယ်။ အဲ့သားအမိကိုတော့ လုံးဝကို မကယ်လိုက်နိုင်တော့တာ။"

လက်ရှိ ရေဘေးသင့်နေတဲ့ စစ်ဘေးရှောင်အများစုဟာ ချင်းပြည်နယ်မင်းတပ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ကျောက်ထုတိုက်နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဖြစ်သလို ကျောက်ထုတိုက်နယ်ထဲက စစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။

တောင်ကျချောင်းရေ ရုတ်တရက်စီးလာတာကြောင့် စစ်ဘေးရှောင်တဲတွေနဲ့အတူ အစားအသောက်နဲ့ အသုံးအဆောင်တွေပါ ရေနဲ့မျောပါသွားတဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

"ဆန်ရယ် ဆီရယ် အနည်းအကျဉ်းတော့ ထောက်ပံ့ပေးခဲ့ပြီ။ ဒါပေမယ့် လူဦးရေက တအားများနေတဲ့အတွက်က စားဝတ်နေရေးက အားလုံးအပြည့်အ၀ မဖြေရှင်းပေးနိုင်ဘူးပေါ့။ နီးစပ်ရာ ကျေးရွာတွေကတော့ ထမင်းထုပ်တွေ ပို့ကြတယ်။ လိုမှာကတော့ ရွှေဆည်းဆာ စခန်းဆို အားလုံးလိုမှာ။ အဆောက်အဦးဆောက်ဖို့တွေကော၊ အဝတ်အစားတွေဆိုဘာမှ မရလိုက်ဘူး။"

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ စက်တင်ဘာ ဒုတိယအပတ်ကစလို့ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမြေပြိုတာတွေကြောင့် သေဆုံးသူ ၄၀၀ ကျော်အထိ ရှိနေပါတယ်။

လူသေဆုံးတာတွေအပြင် နေအိမ်တွေပျက်စီးဆုံးရှုံးတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို သီးနှံစိုက်ခင်းတွေပျက်စီးပြီး ကျွဲနွားတွေသေဆုံးတာတွေကြောင့် ထွန်ယက်စိုက်ပျိုးဖို့ အခက်တွေ့နေပါတယ်။

Forum

XS
SM
MD
LG