ကချင်စစ်ပွဲနဲ့ အရပ်ဘက်အဖွဲ့များ

People work near their residence at their Je Yang Internally Displaced Persons (IDP) camp at the headquarters of KIA in Laiza, a border town of China and Myanmar, Kachin State, Myanmar, Tuesday, Oct. 29, 2013. From 1961 until 1994, the KIA fought a grueling and inconclusive war a

Your browser doesn’t support HTML5

ကချင်စစ်ပွဲနဲ့ အရပ်ဘက်အဖွဲ့များ

နေပြည်တော်အစိုးရ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ (၂၀၁၁) ကစပြီး ကချင်ပြည်နယ်မှာ ပြန်လည်ပစ်ခတ်ကြတာဖြစ်လို့ ကိုးနှစ် ရှိသွားပါပြီ။ စစ်ပြေးဒုက္ခသည်ကလည်း (၁) သိန်းကျော်နေပါပြီ။ သူတို့ကို ကူညီနေသူဟာ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ (၁၇) နှစ်ကြာ၊ အပစ်ရပ်ထားပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ပစ်ခတ်တာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ (၁၇) နှစ်ကြာ အပစ်ရပ်ထားပြီးမှ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်ပစ်ခတ်တာ ဖြစ်ပါတယ်။ စစ်ပြေးဒုက္ခသည် စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး လန်ဒန်အခြေစိုက် လူ့အကျိုးဆောင်အဖွဲ့ Humanitarian Policy Group နဲ့ ချင်းမိုင်တက္ကသိုလ်သုတေသီ Ashley South တို့က ကွင်းဆင်းလေ့လာပြီး စာတမ်းရေးထားပါတယ်။

ကချင်ပဋိပက္ခမှာ လူသားချင်းစာနာမှုဥပဒေကိုရော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကိုရော ချိုးဖောက်ကြတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးနဲ့ Amnesty လူ့အခွင့်အရေးအဖွဲ့တို့က ဆိုပါတယ်။ ထင်သလို ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မစေခိုင်းမှု၊ ကျေးရွာတွေကို ပစ်ခတ်မှု၊ လူသားအကျိုးဆောင်လုပ်ငန်း မလုပ်နိုင်အောင် ဟန့်တားမှု၊ မြေယာသိမ်းပိုက်မှု စတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ KIA ကချင်တပ်ဖွဲ့ကလည်း သတ်ဖြတ်တာနဲ့ အဓမ္မစစ်သား စုဆောင်းတာတွေ လုပ်တတ်ပေမယ့် ဒေသခံနဲ့ အရပ်ဘက်အဖွဲ့တွေကိုတော့ ကူညီစောင့်ရှောက်သူအဖြစ် မြင်ကြပါတယ်။

KIA ကချင်တပ်ဖွဲ့ ထိန်းချုပ်တဲ့နေရာက စစ်ပြေးဒုက္ခသည်တွေကို လုံခြုံတဲ့စစ်ရှောင်စခန်းတွေကို ပို့ဆောင်ရာမှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ ခရစ်ယာန်ဓမ္မဆရာတွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်ကြပါတယ်။ အထူးသဖြင့် တပ်မတော်နယ်မြေနဲ့ KIA နယ်မြေကြား ဝင်ထွက်သွားလာတဲ့အခါမှာ ဓမ္မဆရာတွေက အရေးပါပါတယ်။ ဓမ္မဆရာကို ခရစ်ယာန်ဘုန်းကြီးအဖြစ် သတ်မှတ်ကြတာမို့ အစိုးရအရာထမ်းနဲ့ တပ်မတော်ကရော ရိုသေလေးစားကြတဲ့အတွက် ပဋိပက္ခဒေသတွေမှာ သွားလာနိုင်တာ ဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ စာသင်ပေးချင်သူတွေနဲ့ ကူညီချင်သူတွေကိုလည်း ဓမ္မဆရာတွေကပဲ စီစဉ်ပေးပါတယ်။ ဒေသဆိုင်ရာအခြေအနေနဲ့ သင့်တော်တဲ့ အစီအစဉ်တွေကို အရပ်ဘက်အဖွဲ့တွေက အကောင်အထည်ဖော်ပေးကြပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ ဥပဒေရေးရာတွေ ပါဝင်ပါတယ်။

စစ်ရှောင်ပြည်သူအများစုဟာ လယ်ယာစိုက်ပျိုးသူတွေ ဖြစ်ပါတယ်။ ရိုးရာအစဉ်အလာအရ ပိုင်ဆိုင်သူတွေရှိသလို၊ နားလည်မှုနဲ့ ဝယ်ထားသူလည်း ရှိပါတယ်။ နေရပ်ကို စွန့်ခွါရတဲ့ စစ်ရှောင်ဖြစ်သွားတဲ့အခါမှာ မြေယာတွေကိုပါ စွန့်ခွါခဲ့ရပါတယ်။ စစ်ရှောင်တွေရဲ့ လယ်ယာမြေနေရာမှာ တရုတ်ကုမ္ပဏီနဲ့ တပ်မတော်နဲ့ ပတ်သက်သူတွေက ဝင်ရောက်အခြေစိုက်ကြပါတယ်။ ရိုးရာဓလေ့အရ ထွန်ယက်စိုက်ပျိုးကြသူတွေမှာ မြေယာပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်း မရှိတာများပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး ရွာမြေကို စစ်တပ်ပိုင်ဖြစ်အောင် အသွင်းပြောင်းလိုက်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာလည်း စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် အခက်အခဲ ရှိပါတယ်။ ဒါကြောင့် စစ်ရှောင်စခန်းက ပြည်သူတွေဟာ သူတို့ပိုင်တဲ့မြေယာ တပ်မတော်လက်ထဲ ရောက်သွားတာကို မသိတာများပါတယ်။

စစ်ရှောင်ပြည်သူတွေအားလုံး နေရပ်ဇာတိပြန်ချင်တယ်လို့ ယူဆလို့ မရပါဘူး။ နေရပ်ကိုစွန့်ခွါတဲ့အချိန် ကြာညောင်းလာပြီး အရပ်ဘက်အဖွဲ့တွေ ကောင်းမှုကြောင့် စစ်ရှောင်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ပညာရေး အဆင်ပြေလာတာမျိုး ရှိပါတယ်။ အဲဒီအခါမှာ ကိုယ်ထူကိုယ်ထ ဆင်းရဲကြတဲ့ နေရပ်ဇာတိကို ပြန်ချင်တော့မယ် မဟုတ်ပါဘူး။ မူရင်းနေရပ်မှာ မြေယာပိုင်ဆိုင်မှု ပြဿနာတွေ ရှိနေပေမယ့် အစိုးရကတော့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေး စီမံကိန်းကို ၂၀၀၈ နှစ်လယ်လောက်ကစပြီး အကောင်အထည် ဖော်ပါတယ်။ စစ်ရှောင်စခန်းတွေကြောင့် အစိုးရသိက္ခာကျရတဲ့အတွက် အတင်းပြန်ပို့တာ ဖြစ်နိုင်တယ်လို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။ တကယ်တော့ အစိုးရဟာ စစ်ရှောင်ပြည်သူတွေကို စောင့်ရှောက်ရမယ့်တာဝန် ပျက်ကွယ်နေပါတယ်။

စစ်ရှောင်ကချင်လူထု ကာကွယ်စောင့်ရှောက်ရာမှာ ကချင်အရပ်ဘက်အဖွဲ့အစည်းဟာ အမာခံ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းကလည်း အကူအညီ ပေးကြပါတယ်။ ၁၉၉၄ မှာ စစ်အစိုးရနဲ့ KIA တပ်ဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ရောက်မှ ပြန်လည်ပစ်ခတ်ကြတာမို့ (၁၇) နှစ်လောက် တည်ငြိမ်အေးချမ်းခဲ့ပါတယ်။ ဒီအချိန်မှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဘာသာရေးအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ မေတ္တာ Foundation နဲ့ Shalom Foundation ဟာ ထင်ရှားပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားနိုင်အောင် ကူညီတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အပြည်ပြည်ဆိုင်ရာက ကူညီထောက်ပံ့နေချိန်မှာ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထ ရုန်းကန်လှုပ်ရှားကြရပါတယ်။ အပြည်ပြည်ဆိုင်ရာ အကူအညီကို တရုတ်က သိပ်လိုလားတာ မဟုတ်လို့ တရုတ်နယ်စပ်ကို စိတ်ဝင်စားတဲ့ အလှုရှင် ရှားပါးနေပါတယ်။ ဒါကြောင့် ကိုယ်အားကိုယ်ကို ရုန်းကန်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကချင်ပြည်နယ်မှာ ပေါ်ထွက်လာပါတယ်။ ကချင်ပြည်နယ်ထဲက ပဋိပက္ခကို မဖြေရှင်းသေးပဲ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အဆောတလျင် မလုပ်သင့်ဘူးလို့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ယူဆပါတယ်။


==Unicode==






