Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးသုံးသပ်ခန်းမှာ မြန်မာနိုင်ငံမှာ လက်ရှိ စစ်တပ်အာဏာသိမ်းလိုက်တဲ့အပေါ် ဘယ်လိုမြင် သုံးသပ်မိသလဲဆိုတာကို ကိုဇော်ဝင်းလှိုင်က ဦးကျော်ဇံသာကို ပြန်လည်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
မေး ။ ။ ဦးကျော်ဇံသာရေ .. ခါတိုင်း သတင်းပတ်တွေ သုံးသပ်ချက်တွေမှာတော့ ဦးကျော်ဇံသာကပဲ တခြားလူတွေကို မေးလာတာဖြစ်ပြီး၊ ဒီတပတ်တော့ ကျနော်က ဦးကျော်ဇံသာကို မေးလိုက်တော့မယ်။ အခုလက်ရှိ တပ်မတော်က အာဏာသိမ်းတဲ့ကိစ္စမှာ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို ဘယ်လိုသုံးသပ်လို့ ရမလဲ။
ဖြေ ။ ။ အခြေခံဥပဒေနဲ့ညီအောင်တော့ စစ်တပ်က လုပ်ပြတာပဲ။ တကယ်တော့ နိုင်ငံတော်ကာလုံကို သမ္မတက ခေါ်ရမယ်။ သမ္မတက မခေါ်ဘဲနေတော့ အဲဒီသမ္မတကို ဖြုတ်ချပြီးတော့ သူတို့ခိုင်းတိုင်းလုပ်မယ့် ဒုသမ္မတကို သမ္မတအဖြစ်တင်ပြီးတော့ ကာလုံခေါ်ပြီးတော့ လုပ်သွားတယ်။ ဒါကတော့ အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာတော့ လုံးဝထင်ရှားနေတယ်လို့ ထင်ပါတယ်။
မေး ။ ။ အာဏာသိမ်းတယ်ဆိုကတည်းက အာဏာရယူလိုတဲ့ ဆန္ဒရှိလို လုပ်တယ်ဆိုတာ မှန်တယ်ပေါ့။ ဒါပေမဲ့ အာဏာသိမ်းတဲ့နောက်ကွယ်မှာ တခြားဘာအကြောင်းအရာတွေ ရှိတယ်လို့ ယူဆပါလဲ။
ဖြေ ။ ။ တစ်ခုစဉ်းစားမိတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သူထွက်ပေါက်မရှိတော့ဘူးလား။ သူတို့ဖြစ်စေချင်တာကတော့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်။ ဒီမသမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ဟာတွေ ပြောထားတော့ ဒါကိုပြန်ပြင်ချင်တယ်ဆိုပြီးတော့ တောင်းဆိုတယ်။ သူတို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝမညှိနှိုင်းခဲ့ဘူးလား။ လိုက်လျောမှု မရှိခဲ့ဘူးလား။ ပွင့်လင်းမြင်သာမှု မရှိတော့ ညှိနှိုင်းမညှိနှိုင်းဘူးတော့ ကျနော်တို့ မသိရဘူးပေါ့။ အဲဒီလို မညှိနှိုင်းခဲ့တဲ့အခါမှာ သူတို့တောင်းဆိုသံတွေ ထွက်လာတာနဲ့အမျှ တနည်းအားဖြင် ခြိမ်းခြောက်သံတွေ ပါလာတယ်ဆိုတော့ လူတွေက စစ်တပ်ကို ဝေဖန်ကြတယ်။ စစ်တပ်က လူတိုင်းက စကားပြန်လည်တုံ့ပြန်တယ်။ ထွက်ပေါက်မရှိ ဖြစ်လာတယ်။ ဘက်ပေါင်းစုံက သူတို့ကို ပိတ်စို့နေကြတော့ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဒီလိုလုပ်လိုက်ရသလားဆိုတာကို တဘက်က စဉ်းစားစရာ ရှိပါတယ်။
မေး ။ ။ ဆိုတော့ အာဏာသိမ်းတာအပြင် တခြားနိုင်ငံရေးအရ ရွေးချယ်စရာ နည်းလမ်းမရှိတော့ဘူးလား။ ဥပမာဆိုရင် မဲမသာမှုတွေ ရှိတယ်။ ထားပါတော့ မဲစာရင်းတွေ မှားယွင်းနေတယ်ဆိုရင်လဲ ရွေးကောက်ပွဲကော်မရှင်ကတဆင့် တရားရုံးကတဆင့် မသမာမှုတွေ ရှိတဲ့ဟာကို စုံစမ်းစစ်ဆေးပြီး အပြစ်ရှိရင်လဲ အပြစ်ပေးလို့ လုပ်လို့ရတဲ့ ဥပမာနည်းလမ်းကြောင်းတွေလည်း ရှိတယ်ဆိုတာ ဥပမာ တစ်ခုပေါ့။
ဖြေ ။ ။ အဓိကတော့ နှစ်ဘက်အပေးအယူလုပ်ပြီးတော့ အလျှော့အတင်း ဆွေးနွေးတာတွေကို ကျနော်တို့ မကြားခဲ့ရဘူး။ အဲဒီလို လုပ်တတ်တဲ့ culture negotiated culture မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီလာတုန်းက ကျနော်နဲ့ အင်တာဗျူးမှာ ပြောဖူးတယ်။ ဆိုတော့ တကယ်တမ်း သူနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထိပ်တိုက်တွေ့တဲ့ကိစ္စမှာလည်း negotiate လုပ်ကြတယ်၊ compromise လုပ်ကြတယ်။ အပေးအယူ အလျှော့အတင်း လုပ်ပြီးတော့ ဆွေးနွေးကြတာကို တစ်ချက်မှ မတွေ့လိုက်ရပါဘူး။ အဲဒီလို မလုပ်ခဲ့ဘူးလို့ ကျနော်က ထင်တာပဲ။
မေး ။ ။ ဆွေးတော့ဆွေးနွေးကြတယ် ပြောတယ်။ ဒါပေမဲ့ အပေးအယူ မတည့်တာ ဖြစ်နိုင်တယ်။
ဖြေ ။ ။ အပေးအယူ မတည့်တဲ့နေရာမှာ တောင်းဆိုတဲ့ လူကများ သိပ်တင်းမာနေသလား။ ဟိုဘက်ကလည်း ငါတို့က ပြည်သူက ထောက်ခံထားတာ လုံးဝအလျှော့မပေးနိုင်ဘူး ပြောသလား။ အဲဒါမျိုးလဲ စဉ်းစားစရာတော့ ရှိတယ်။
မေး ။ ။ ဒီနေရာမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ စဉ်းစားစရာ ဖြစ်လာတယ်။ တပ်မတော်က အာဏာသိမ်းတဲ့နေရာမှာလည်း သူက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပြိုကွဲမှာစိုးလို့ ထုံးစံအတိုင်း အရင်စစ်အစိုးရတွေ အာဏာသိမ်းတုန်းက ပြောခဲ့တဲ့ စကားလုံးတွေပဲ ပြန်သုံးထားတာ ရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားပါတီတွေက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို သွားပြီးတော့ တိုင်းရင်းသားပါတီတွေအပါအဝင် သွားပြီးတော့ တောင်းဆိုခဲ့ကြတာတွေ ရှိတယ်။ ပါတီပေါင်း (၃၀) ကျော် ရှိမယ်ထင်တယ်။ အဲဒီလိုမျိုးတွေလည်း ရှိခဲ့တော့ သူ့ဘက်က တမျိုးတမြည်း ပြန်ပြီးတော့ တွေးစရာများ ဖြစ်လာမလား။ သူ့ကို ထောက်ခံတဲ့လူတွေ ရှိနေတယ်ဆိုတာများ ယူဆသွားလေသလားများ ရှိနိုင်မလား။
ဖြေ ။ ။ သူ အားကိုးတာကတော့ တိုင်းရင်းသားတွေက သူကို ထောက်ခံလိမ့်မယ်လို့ ကြိုတင်တွက်ဟန် ရှိပါတယ်။ တိုင်းရင်းသား (၃၂) ပါတီ သူကို သွားတွေ့ကြတာရယ်။ ပြည်ထောင်စုပြိုကွဲနိုင်မယ့် အန္တရာယ် ရှိနိုင်တဲ့အထိတော့ ဒီတစ်ခါမှာ မတွေ့ရပါဘူး။ ပထမဦးဆုံး ၆၂ မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အခါမှာတော့ ရှမ်းဘက်က ဖယ်ဒရယ်မူကို တင်လာတဲ့အတွက်ကြောင့် အဲဒီလောက်ထိ ဖြစ်ခဲ့တယ်။ အခုအခါမှာလဲ ဖယ်ဒရယ်မူ ပြောနေကြတာ သူကိုယ်တိုင်လည်း ပြောနေတာပဲ ဖယ်ဒရယ်မူကို ပေးရမယ်ဆိုတော့။ သို့သော်လဲပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးထဲကို ဝင်ချင်လာပြီ။ သူက တပ်မတော်ထဲမှာလဲ သက်တမ်းပြည့်လာပြီဆိုတော့ သူ့ရဲ့ အနာဂတ် နိုင်ငံရေးလမ်းကြောင်းက နိုင်ငံရေးထဲကို ဝင်လာရင် သူကို ဘယ်သူထောက်ခံမလဲ။ တိုင်းရင်းသားအင်အားစုတွေရဲ့ ထောက်ခံမှုကို သူက မျှော်လင့်ခဲ့မယ်လို့ ထင်ပါတယ်။ ပိုပြီးတော့ ပေါ်လွှင်ထင်ရှားတာက ဒီအာဏာမသိမ်းခင် ရက်သတ္တပါတ် တစ်ပါတ်လောက်မှာပဲ အပစ်အခတ်ရပ်စဲရေး သက်တမ်းကို တိုးချဲ့လိုက်တယ် မဟုတ်လား။ တမင်တကာ သူ ဒီလိုလုပ်တဲ့အခါမှာ ဝိုင်းဝန်းကန့်ကွက်မှု သိပ်မများအောင်ဆိုတဲ့သဘော လုပ်တယ်။ သို့တည်မဟုတ် စစ်မြင်နှာပြင် နှစ်ခုဖွင့်မထားရအောင် လုပ်တယ်ဆိုတဲ့ သဘောကတော့ ပေါ်လွင်နေတယ်လို့ ထင်တယ်။
မေး ။ ။ ဒီနေရာမှာ တစ်ခုထည့်စဉ်းစားစရာ ရှိတာကလဲ ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍပေါ့။ အနောက်နိုင်ငံတွေကတော့ သေချာတယ်။ အခု ကန့်ကွက်တယ်။ ရှုတ်ချတယ်ဆိုတယ်ဆိုပြီး ကြေညာချက်တွေအသီးသီး ထုတ်ပြီးကြပြီ။ ဒေသတွင်း နိုင်ငံတွေတချို့ အာဆီယံလို အဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ကြတာတော့ ရှိတာပဲ။ ဒါပေမဲ့ ဒေသတွင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံက အင်အားကြီးနိုင်ငံလည်း ဖြစ်နေတော့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိများ ပါဝင်ပတ်သက်မှုများ ရှိမလဲ။ သူနဲ့ ဆက်နွှယ်နေတဲ့ မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲ။
ဖြေ ။ ။ တရုတ်တင်မက ဒီနေရာမှာ အနောက်ဘက်ခြမ်း နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေကြားမှာကို ဒီလိုကွဲလွဲမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေကတော့ စီးပွားရေးအရ အရေးယူမှုတွေ၊ ဒဏ်ခတ်မယ်။ အခုတောင် အမေရိကန်က စတင်ပြီးတော့ လှုံဆော်နေပြီ။ ဒီမိုကရေစီနိုင်ငံတွေကို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်သိမ်းမှုကို ဝိုင်းဝန်းတုံ့ပြန်ကြစို့ဆိုပြီး လုပ်နေပြီ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေကတော့ အဲဒီလို မဟုတ်ဘဲ ပြေရာပြေကြောင်း ဘယ်လိုချဉ်းကပ်မလဲဆိုတာကို စဉ်းစားကြတယ်။ နောက်ပြီးတော့ အာရှနိုင်ငံတွေက အနောက်တိုင်းက စီးပွားရေးသပိတ်မှောက်ထားတဲ့အခါ သူတို့က စီးပွားရေး ရင်းနှီးမြုပ်နံှမှု အခွင့်အလမ်းကလည်း ပိုသာနေတဲ့သဘောလည်း ရှိတယ်။ အဲဒီအထဲမှာ တရုတ်ကတော့ အကဲဆုံးပေါ့။ သူကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးအတွက်ကော မဟာဗျူဟာအရ ထွက်ပေါက်လည်း လိုချင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူတို့သြဇာရှိနေဖို့က လိုချင်တာပဲ။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဘာပဲဖြစ်ဖြစ် တက်လာတဲ့ အစိုးရနဲ့ သင့်တင့်အောင် ဆက်ဆံဖို့ဆိုတာကတော့ တရုတ်မှာ ရည်ရွယ်ချက်ရှိမယ်ဆိုတာ အမှန်ပါပဲ။
မေး ။ ။ ဒီနေရာမှာ တရုတ်နဲ့ ဆက်စပ်နေတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဆိုရင် အခုကြေညာချက် ထုတ်လိုက်ပြီ။ ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ် AA အပါအဝင် အဖွဲ့တွေကတော့ အခုထိ ရေငုံနှုတ်ပိတ်နေနေသေးတယ်။ တစုံတရာ သူတို့ မှတ်ချက်ပေးတာ မရှိသေးဘူး။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ တရုတ်ရဲ့ အချက်ပြမှုကိုလည်း သူတို့ကြည့်ကောင်းကြည့်မယ်။ တဘက်ကလဲ သူတို့အနေနဲ့လဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအပေါ်မှာ အဲဒီသဘောထားလည်း ရှိခဲ့မယ်ထင်တယ်။ မြောက်ပိုင်းမဟာမိတ်နဲ့ စစ်တပ်က ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ လိုလိုလားလား လုပ်ပြနေတဲ့အချိန်မှာ NLD က လိုက်မလာဘူးဆိုတာကို တွေ့ရတယ်။ အထူးသဖြင့် AA ကိစ္စမှာ ဖြစ်တယ်။ နောက် ရခိုင်ဒေသမှာ ရွေးကောက်ပွဲ မလုပ်တဲ့နယ် တော်တော်များများကိစ္စနဲ့ ပတ်သက်လို့လဲ NLD အစိုးရနဲ့ AA တင်မကဘူး ရခိုင်ဒေသခံတွေ၊ ရခိုင်နိုင်ငံရေးအင်အားစုတွေ၊ မြေပေါ်နိုင်ငံရေးအင်အားစုတွေနဲ့လဲ ကန္နကောစ ဖြစ်တယ်ထင်တယ်။ သူတို့ကလည်း သိပ်ပြီးတော့ မလိုလားကြဘူး။ ဒါတွေကိုလည်း ထည့်တွက်မှာပဲ။ အာဏာသိမ်းတဲ့အခါ စစ်တပ်က ဒီလူတွေက ငါတို့ဘက်ကို ပါမှာပဲဆိုတာ။ အဲဒီလိုပဲ အလားတူစွာ မြောက်ပိုင်းဒေသတချို့မှာလည်း အဲဒီလိုမျိုးတွေ ဖြစ်ခဲ့တော့ သူတို့က ဒါကို သူတို့ဘက် ပါလိမ့်မယ်လို့ ထည့်တွက်ခဲ့ဟန် တူပါတယ်။
မေး ။ ။ အဲဒီတော့ စစ်တပ်အနေနဲ့ သူ့လက်ထက်မှာ လုပ်လို့ရတယ်ဆိုတာကတပိုင်း လုပ်ပြတဲ့သဘောနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ်လို့ မျှော်လင့်ရသလား။ ယူဆလို့ရလား။
ဖြေ ။ ။ အပစ်အခတ် ရပ်စဲရေးအဆင့်ကိုတော့ သူတို့ လွယ်လွယ်ကူကူ ရောက်နိုင်တယ်။ နဝတခေတ်တုန်းကလည်း ကချင်နဲ့ဆို နှစ်ပေါင်း (၁၄) နှစ်နီးပါး အပစ်အခတ် ရပ်စဲခဲ့တာပဲ။ ဒါပေမဲ့ ဒီပြဿနာဟာ နိုင်ငံရေးအားဖြင့် political settlement ကို အပေးအယူလုပ်ပြီးတော့ မထူထောင်နိုင်သမျှ ဒီဟာက ပျက်သွားတယ်ဆိုတာကို ကျနော်တို့ အကြိမ်ကြိမ်တွေ့ခဲ့ရပြီးပြီ။ ကချင်နဲ့ ဒီလိုပဲ ပျက်ခဲ့ရတယ်။ အခုလဲ အပစ်ရပ်စဲရေးသာလုပ်တယ် ပစ်နေခတ်နေတာတွေက အများကြီး။ နိုင်ငံရေးသဘောတူညီမှုကို ကျေကျေလည်လည် မရရှိခဲ့ဘူး။ တပ်မတော်က အခု ဘယ်လောက်ပဲ လုပ်ပြလုပ်ပြ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို ဘယ်လောက်လိုက်လျောနိုင်မှာလဲ။ တိုင်းရင်းသားတွေကလည်း ဘယ်လောက်အလျှော့ပေးပြီးတော့ လက်ခံမလဲ စသည်ဖြင့် ဆိုတော့ နိုင်ငံရေးသဘောတူညီမှုရပြီး ပြေလည်မှုက ခဲယဉ်းလိမ့်မယ်။ အပစ်အခတ်ရပ်စဲရေးလောက်ကတော့ ဖြစ်နိုင်မယ် ထင်ပါတယ်။
မေး ။ ။ အခု ဒါဆိုလို့ရှိရင် သူတို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ နာမည်ပေးထားတာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ - အဲဒီအဖွဲ့အနေနဲ့ အဖွဲ့လည်းဖွဲ့လိုက်ပြီ။ စောစောပိုင်းမှာ (၁) နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်ပြောတယ်။ အဲဒါတွေကကော ရွေးကောက်ပွဲကိစ္စက တကယ်လက်တွေ့ ဖြစ်လာနိုင်ချေ ရှိသလား။
ဖြေ ။ ။ အရင်တုန်းကလဲ စစ်တပ်က ရွေးကောက်ပွဲ မကြာခဏ လုပ်ခဲ့တယ်။ ရှုံးတဲ့အတွက် လွှဲမပေးခဲ့တဲ့ ရွေးကောက်ပွဲလည်း ရှိခဲ့တယ်။ အခုကြတော့ ရှုံးပြန်ပြီ။ မသမာရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေတော့ ရှိတယ်။ ဒါပေမဲ့ ရှုံးပြန်ပြီ။ အပြတ်အသတ်ရှုံးတယ်။ ရှုံးတဲ့အခါကြပြန်တော့ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ဖျက်သိမ်းလိုက်တာပဲ။ ပြန်လုပ်မယ်ဆိုပြီး ပြောတယ်ဆိုတော့ နောက်တစ်ကြိမ်လုပ်လို့ကော လုပ်ပေးတယ်ထားအုံးတော့ ဘယ်လောက် မျှမျှတတ ရှိမလဲ။ လုပ်လို့ NLD က ထပ်ပြီးနိုင်တယ်ဆိုရင်ကော သူတို့တကယ် လွှဲပေးပါအုံးမလား။ ရွေးကောက်ပွဲ လုပ်ပေးနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။ အဲဒီရွေးကောက်ပွဲကို NLD ပြန်လည်ပြီး ဝင်မလား။ NLD က ဒီဟာကိုပဲ ဆုပ်ကိုင်ထားမယ်။ ဒီရလဒ်ကိုပဲ ၂၀၂၀ ရွေးကောက်ပွဲ ဆုပ်ကိုင်ပြီး အသစ်ကို သပိတ်မှောက်တယ်ဆိုရင် ကျန်တဲ့နိုင်ငံရေးပါတီတွေ ဘယ်လောက်ဝင်ဝင် NLD မပါရင် အဲဒီရွေးကောက်ပွဲက နိုင်ငံတကာ အသိအမှတ် ပြုနိုင်လောက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတော့ ဖြစ်မလာနိုင်ပါဘူး။ NLD လက်မခံခဲ့ရင်ပေါ့။
မေး ။ ။ အဲဒီတော့ နောက်ဆုံးအဆုံးသတ်ရရင်တော့ နောက်တစ်ကြိမ် စစ်အုပ်ချုပ်ရေးအောက်ကို ကျနော်တို့ ရောက်သွားပြန်ပြီပေါ့။ အရင် စစ်အုပ်ချုပ်ရေးတွေတုန်းကလည်း နှစ်တွေ ဆယ်စုနှစ်တွေ အများကြီး ကြာခဲ့ကြတယ်။ အခု ဒီတစ်ခါ နောက်ဆုံး အာဏာသိမ်းတဲ့ဟာက ဘယ်လောက်ကြာမလဲလို့ ခန့်မှန်းလို့ ရမလဲ။
ဖြေ ။ ။ History repeats itself သမိုင်းဘီး တပတ်လည်တာပေါ့။ ဒုံရင်းကို ပြန်ရောက်သွားတယ်။ မြန်မာနိုင်ငံဟာ။ ပထမဦးဆုံးလဲ လွတ်လပ်ရေးရပြီးတဲ့ constitution က (၁၄) နှစ် တာရှည်ခံတယ်။ နောက်ပြီးတော့ (၆၂) နှစ်မှာလည်း (၇၄) အထိ ခံတယ်။ အဲဒီ (၇၄) ခြေဥလည်း (၈၈) အထိ ခံတယ်။ အဲဒီလို ပျက်သွားတယ်ဆိုတော့ အခုဆွဲလိုက်တဲ့ အခြေခံဥပဒေလည်း တစ်နှစ်ပဲ ခံတယ်။ သူတို့ကကော သူတို့ကတော့ constitution ကို မဖျက်ပါဘူးလို့ ပြောတယ်။ ရွေးကောက်ပွဲလုပ်ရင် ဒီဥပဒေတွေနဲ့ပဲ လုပ်မယ်ဆိုရင်လဲ ဥပဒေအားဖြင့်လဲ ပျက်နေတဲ့ ဥပဒေလို ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ချိုးဖောက်ထားတဲ့ ဥပဒေ ဖြစ်နေတယ်။ နောက်တစ်ခါ အခုနပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ဖြစ်ကောင်းဖြစ်လာအုံးမယ်။ အဲဒီလိုဆိုရင်တော့ နိုင်ငံရေးသံသယက စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ မဆန်သော အုပ်ချုပ်ရေးနဲ့ပဲ ဆယ်စုနှစ်ချီပြီး ကြာလိမ့်အုံးမယ် ထင်ပါတယ်။
==Unicode ==