မြန်မာနိုင်ငံ ရေဘေးသင့် ဒေသတွေ အကူအညီပေးဖို့ WFP ပြင်ဆင်

တောင်ငူမြို့နယ်ထဲ ရေဘေးကြုံနေရသူများ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံက ရေလွှမ်းနေတဲ့ဒေသတွေက ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာအကူအညီ အမြန်ဆုံး ပို့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က စီစဉ်နေပါတယ်။ ဒါဟာ ဇူလိုင်လကတည်းက ရေဘေး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကနေ အရှိန်မြင့် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။​

အင်အားပြင်း Yagi တိုင်ဖုန်းမုန်တိုင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က အဖျားခတ် တိုက်ခတ်သွားခဲ့တာကြောင့် နေပြည်တော်အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးတိုင်းတွေနဲ့ ရှမ်း၊ ကယား၊ ကရင်၊​ မွန်ပြည်နယ်တို့မှာ မြေပြိုမှုနဲ့ ရေလွှမ်းမိုးမှုဒဏ်တွေကို ဆိုးရွားစွာ ခံစားနေကြရတာပါ။ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့တဲ့အပြင် လူပေါင်း ၆ သိန်းခွဲလောက်လည်း ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ WFP က ပြောပါတယ်။​

ဒီ အင်အားပြင်း Yagi တိုင်ဖုန်းမုန်တိုင်းက မြန်မာနိုင်ငံမှာ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Sheela Matthew က ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဆိုးရွားတဲ့ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။​

ဒီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက် မတိုက်ခတ်ခင်က ဩဂုတ်လကတည်းက မြန်မာနိုင်ငံသား ၁၃ သန်းလောက်ဟာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ရင်ဆိုင်ကြရပြီး ဖြစ်တာကြောင့် WFP အနေနဲ့ ထပ်တိုးလာတဲ့ အကူအညီလိုအပ်မှုတွေ ဖြည့်ဆည်းနိုင်အောင် အချိန်ပြည့် ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း Sheela Matthew က ပြောပါတယ်။

WFP အနေနဲ့ ရေဘေးသင့်ဒေသတွေက ပြည်သူ ၅ သိန်းခန့်အတွက် အရေးပေါ် ဆန်၊ ဘီစကွတ်နဲ့ တခြား အဟာရတွေ တလစာ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတွေ ဘယ်လောက်အထိ ထိခိုက် ပျက်ဆီးသွားတယ်ဆိုတာကို မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူမှုတွေ လုပ်ဆောင်နေတယ်လို့လည်း WFP က ပြောပါတယ်။

ဒီအတောအတွင်း စစ်တပ်က အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတဲ့ စစ်ပွဲဒဏ် ၃ နှစ်ကျော်ကြာ ခံစားနေရတာကြောင့် နဂိုကတည်းက စာနာမှုအကူအညီ အများအပြားလိုအပ်နေတဲ့ မြန်မာပြည်သူတွေဟာ ဒီ Yagi အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ပိုပြီး ဆိုးရွားတဲ့ ဘေးဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ UNICEF ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသတွေ အကူအညီပေးဖို့ WFP ပြင်ဆင်