အင်္ဂါဂြိုဟ် ရဟတ်ယာဉ်စီမံကိန်း ဦးဆောင်ခဲ့သူ မမီမီအောင်

အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ (NASA) က မြန်မာအင်ဂျင်နီယာ မမီမီအောင် (ယာ) ကို ဗွီအိုအေသတင်းထောက် မခင်ဖြူထွေး (ဝဲ) ဆက်သွယ်မေးမြန်းစဉ်။ (ဓာတ်ပုံ - ဗွီအိုအေမြန်မာဌာန)

(Zawgyi/Unicode)

Red Planet ဂြိုဟ်နီကြီးလို့ တင်စားခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် ကမ္ဘာ့ပြင်ပ ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ကို ဖန်တီးခဲ့ကြ ရာမှာ မြန်မာအမျိုးသမီး အင်ဂျင်နီယာ မမီမီအောင် ဦးဆောင် ပါဝင်ခဲ့ပါတယ်။ မမီမီအောင်ဟာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ JPL ဌာနခွဲမှာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ယူထားသူပါ။ သမိုင်းဝင် Ingenuity ရဟတ်ယာဉ် ဖန်တီးမှု အတွေ့အကြုံတွေနဲ့အတူ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာမှုတွေအကြောင်း မမီမီအောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ဆက်ထားပါတယ်။

“ကျမတို့ အဆင့်ဆင့် နောက်ဆုံး ပုံစံထုတ် ဖန်တီးခဲ့ကြတဲ့ အင်္ဂါဂြိုလ်ပေါ် ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ် ငယ်လေးဟာ အခုနောက်ဆုံး ပတ်ဝန်းကျင်သစ်တခုမှာ ပျံသန်းတော့မယ်။ သူ့အတွက် ကျမတို့ ရည်မှန်း ဖန်တီးခဲ့တဲ့ ပတ်ဝန်းကျင်သစ်ကို သူတကယ် တွေ့ရတော့မယ်။ အာကသထဲ လေဟာနယ်ထဲ ဖြတ်သန်းရတော့မယ် ဆိုတော့ ဝမ်းသာမိပါတယ်။”

ဒါကတော့ Ingenuity ရဟတ်ယာဉ်စီမံကိန်း မန်နေဂျာ မမီမီအောင် ပြောသွားတာပါ။ မမီမီအောင်နဲ့အဖွဲ့ တီထွင်ဖန်တီးလိုက်တဲ့ Inegnuity ရဟတ်ယာဉ်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ကပဲ ဇွဲလုံ့လ Perseverance လို့နာမည်ပေးထားတဲ့ စက်ရုပ်ကားနဲ့အတူ Atlas 5 ရော့ကတ်ဒုံးပျံနဲ့ အာကာသထဲ အောင်အောင်မြင်မြင် ခရီးနှင်သွားခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ခြေချနိုင်ဖို့ မေ ျှာ်လင့်ထားပြီး အဲ့ဒီနောက် ရက်ပေါင်း ၃၀ စမ်းသပ် ပျံသန်းမှုတွေ လုပ်သွားမှာပါ။

လူသားတွေအနေနဲ့ ကမ္ဘာ့အပြင်ဘက် ဘယ်ဂြိုလ်တခုပေါ်မှာမှ အခုလို ရဟတ်ယာဉ် စမ်းသပ် မပျံသန်းဖူးသေးပါဘူး။ အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ သိပ်ပါးလွှာပြီး ကမ္ဘာ့လေထုနဲ့နှိုင်းစာရင် ၁ % သာ ရှိပါတယ်။ ရာသီဥတုကလည်း အများကြီးပိုအေးပါတယ်။ ကမ္ဘာမြေပတ်ဝန်းကျင် ရာသီဥတုနဲ့မတူတဲ့ တခြားဂြိုဟ်တခုပေါ်မှာ ရဟတ်ယာဉ်ပျံသန်းဖို့အတွက် သုတေသနလုပ်ငန်းတွေ၊ စူးစမ်းလေ့လာ စမ်းသပ်မှုတွေ နှစ်ေတွေနဲ့ချီ အချိန်ယူပြီး လုပ်ခဲ့ဲကြရတာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ပတ်ဝန်းကျင်ပုံစံဖန်တီးပြီး စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ မမီမီအောင်က ရှင်းပြပါတယ်။

“ပြောရမယ်ဆိုရင်တော့ ၁၉ ၉ ၀ ခုနှစ်လောက်ကတည်းက လုပ်လာခဲ့တဲ့ သုတေသနလုပ်ငန်းတွေ အရ လေထုပါးလွှာတဲ့ အင်္ဂါဂြိုလ်ပေါ်မှာ ရဟတ်ယာဉ်ပျံဖို့ ဖြစ်နိုင်တယ်ဆိုတာ တွေ့ထားပြီးသားပါ။ လေပန်ကာကို အကြိမ်များများ မြန်မြန်လည်နိုင်မယ်၊ ယာဉ်ရဲ့အလေးချိန်ကလည်း ပေါ့မယ်ဆိုရင် ပျံနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်မှုတွေမှာတွေ့ထားတာပါ။ ဆိုတော့ နောက်တဆင့် မေးခွန်းက ပျံနိုင်တယ်ဆိုတာ ကျမတို့သိပြီ။ အဲ့ဒီတော့ အင်္ဂါဂြိုလ်ပေါ်မှာ ပျံလို့ရနိုင်တဲ့ အလေးချိန် ပေါ့ပါးတဲ့ယာဉ်ကို ဖန်တီးလို့ ရနိုင်မှာလား။ ကျမတို့သွားမှာ အင်္ဂါဂြိုလ်လေ ဟုတ်တယ်မလား။ ဒီတော့ ဒီယာဉ် တခုလုံးကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ဘက်ထရီ၊ ဆိုလာပြား၊ လည်ပတ်မယ့်စက်၊ ကွန်ပျူတာ၊ ရဟတ်ယာဉ်ဆင်းသတ်နိုင်မယ့် ဂီယာ၊ ဆက်သွယ်ရေးစက်၊ အပူအအေး ထိန်းညှိပေးမယ့်စက် စသဖြင့် ပစ္စည်းကိရိယာတွေ အားလုံး ပါအောင် သယ်နိုင်ဖို့၊ အရွယ်အစားအားဖြင့်ဆိုရင်လည်း ၁.၂ မီတာ ပတ်လည်ပဲရှိတဲ့စက်ထဲမှာ လည်ပတ်မယ့်စနစ်တွေ အားလုံးပါပြီး အလေးချိန်အားဖြင့်လည်း ၂ ကီလိုဂရမ်ထက် မပိုအောင် ဖန်တီးရတာဖြစ်ပါတယ်။ ပေါင်ချိန်အားဖြင့် ၄ ပေါင်တောင်မပြည့်ပါဘူး။ ဆိုတော့ ဒါကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဒီနေရာမှာ ကျမတို့ အဖွဲ့သားတွေရဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေက တကယ့် အတွေ့အကြုံတခု ဖြစ်လာတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက လေထဲပျံအောင် ဘယ်လိုလုပ်မလဲ၊ ရဟတ်ယာဉ်ကို ဘယ်လို ထိန်းချုပ်မလဲ စက်ပိုင်းဆိုင်ရာသက်သက် မဟုတ်ဘဲ၊ စက်ရဲ့ ပါဝါ၊ ဆော့ဖ်ဝဲလ်၊ အပူအအေး ထိန်းညှိဖို့ သာမိုစက် စသဖြင့် အားလုံးက ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ စုပေါင်းပြီး လုပ်ရတာဖြစ်ပါတယ်။ တကယ့်ကို ဘာနဲ့မှမတူတဲ့ ပေါင်းစု အင်အား အတွေ့အကြုံ တခုပါပဲ။”

ရှေ့နှစ် ၂၀၂၁ ခုနှစ် ဧပြီနဲ့မေလတွေမှာ Ingenuity ရဟတ်ယာဉ်ကို အင်္ဂါဂြိုဟ်ပေါ်မှာ စမ်းသပ်ပျံသန်းဖို့ စီစဉ်ထားတာပါ။ ဒီစမ်းသပ်မှုအောင်မြင်ရင်တော့ အခု ဒီဇိုင်းလုပ် ပုံစံထုတ် ဖန်တီးထားတဲ့ ရဟတ်ယာဉ်အတိုင်း ပိုကြီးတဲ့ ရဟတ်ယာဉ်နောက်ထပ် ၄ စင်းအထိ စမ်းသပ်သွားဦးမှာဖြစ်တယ်လို့လည်း မမီမီအောင်က ပြောပါတယ်။ ဒါဟာ လူသားတွေ ကိုယ်တိုင် တနေ့ အင်္ဂါဂြိုဟ်ပေါ် သွားရောက် လေ့လာနိုင်မယ့်လမ်းစလည်း ဖြစ်ပါတယ်။ ဒီအတွက်ကိုပဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA က အပြင်းအထန် ကြိုးစားနေတာပါ။

အခုနောက်ဆုံး အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ်ကို ဖန်တီးနိုင်ခဲ့တာ၊ အာကာသထဲ လွှတ်တင်နိုင်ခဲ့တာ တွေဟာ ဒီရည်မှန်းချက်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုပဲဖြစ်ပါတယ်။ ဒီလို သမိုင်းဝင် အာကာသစူးစမ်းလေ့လာရေး စီမံကိန်းမှာ ဦးဆောင် ပါဝင်နေသူ တဦးဖြစ်တဲ့ မမီမီအောင်ဟာ မြန်မာနွယ်ဖွားတယောက်ပါ။ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့နှစ် ၅၀ လောက်က ကလေးဘဝအရွယ်မှာပဲ မိဘတွေနဲ့အတူ မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပေမဲ့၊ မြန်မာပြည်တွင်းမှာ ကြာကြာနေခဲ့ဖူးသူတော့ မဟုတ်ပါဘူး။ တိုင်းပြည်တွင်း အခြေအနေ မျိုးစုံကြောင့် မိသားစုလိုက် မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပြီး နိုင်ငံရပ်ခြားမှာ ကြီးပြင်းခဲ့တာပါ။ အသက် ၁၆ နှစ်အရွယ်မှာတော့ အမေရိကန်ပြည်ထောင်စုကို တဦးတည်း ပြန်လာခဲ့ပြီး အထက်တန်းနဲ့ တက္ကသိုလ်ပညာတွေ သင်ယူလ့လာခဲ့ပါတယ်။ လ ျှပ်စစ် အင်ဂျင်နီယာဘာသာရပ်ကို အထူးပြု လေ့လာခဲ့တဲ့ မမီမီအောင်ဟာ ဒီကနေ့မှာတော့ အောင်မြင်တဲ့ သိပ္ပံပညာရှင်တယောက် ဖြစ်နေပါပြီ။ ၂၀၁၉ ခုနှစ်က ထုတ်ဝေတဲ့ “အာကာသဘုရင်မများ” လို့ဆိုတဲ့ Space Queens မှတ်တမ်းရုပ်သံမှာ တခြားသော အာကာသ သိပ္ပံပညာရှင်အမျိုးသမီးတွေနဲ့အတူ အလေးပေး ဖော်ပြခံခဲ့ရပါတယ်။ ဒီလိုအောင်မြင်တဲ့ ပညာရှင်တယောက်ဖြစ်အောင် ဘယ်လို ကြိုးပမ်းအားထုတ်ခဲ့တာပါလဲ။

“အကုန်လုံးအားလုံးကို နားလည်ပြီး သိပြီး လုပ်ခဲ့တာမျိုးထက် ကိုယ်လုပ်စရာရှိတာကို လုပ်ရမယ့်အဆင့်တိုင်းမှာ အကောင်းဆုံး အားထုတ်ကြိုးပမ်းခဲ့တာကြောင့် အခုလို အခြေအနေ ရောက်လာတာလို့ ကျမ ထင်တယ်။ ကိုယ်ဖြတ်သန်းခဲ့တာနဲ့ပတ်သက်လို့ ခက်ခဲပင်ပန်းတယ်လို့ ကျမ ထင်သလားလို့ စဉ်းစားကြည့်ရင် ဒါကို ရုန်းကန်မှုလို့တော့ ကျမ မပြောချင်ဘူး။ အဲ့ဒီလိုမယူဆဘူး။ ကြိုးကြိုးစားစား လုပ်ဆောင်ရတဲ့ အခြေအနေလို့ပဲ သတ်မှတ်တယ်။ တခုခုကို လုပ်ဖို့အတွက် စိတ်အားထက်သန်မှုတော့ လိုပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲ ဘာဖြစ်ချင်တာလဲ ဆိုတာကို ရှာဖွေရပါမယ်။ ဖြတ်သန်းမှုအဆင့်တိုင်းမှာ ကံကောင်းတဲ့သူတယောက် ဖြစ်ခဲ့တယ်လို့လည်း ကျမ ထင်ပါတယ်။ ဒီပတ်ဝန်းကျင်မှာ ကိုယ်စိတ်ဝင်စားတာဘာလဲ။ ကိုယ်ဘာလုပ်ချင်တာက ဘာလဲ။ ကိုယ်ကရော ဘယ်လိုနေရာမှာ အားသာသလဲ။ အဲ့ဒီအချိန်မှာ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်အတွက် ဘာတွေက အရေးကြီးနေလဲ စသဖြင့် ဘာလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက် ချရတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆုံးဖြတ်ရပါတယ်။ ဆိုတော့ ကျမ အကြံပေးချင်တာကတော့ ကမ္ဘာကြီးက အကြီးကြီးပါ။ ကိုယ်ဖြတ်သန်းတဲ့ အဆင့်တိုင်းမှာ ကိုယ့်အတွက် အကောင်းဆုံး အားထုတ်ကြိုးပမ်းပါ။ ကြိုးစားရင် တက်လမ်းတွေရှိတယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။”

ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးသလို၊ ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ရတယ်ဆိုတာကိုတော့ မမီမီအောင်က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပါတယ်။

“ကိုယ့်ကို လူတွေက လက်ခံပါ့မလား။ ကိုယ်နဲ့ အဆင်ပြေပါ့မလား ဆိုတာထက် ကိုယ်ဟာ ဘယ်လိုရည်မှန်းချက်အတွက် ကြိုးစားလုပ်ဆောင်နေတာလဲ ဆိုတာကို အဓိက ကြည့်သင့်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုတွေမှာဆိုရင် ကိုယ့်အဖွဲ့ရဲ့ ရည်မှန်းချက်က ဘာလဲ ကိုယ်လုပ်နိုင်တာက ဘာလဲဆိုတာကို သိပြီးလုပ်ရပါမယ်။ အဓိက ကတော့ ပြောရဲဆိုရဲ ရပါမယ်။ ကိုယ့်ကိုယ်ကို နောက်ကျချန် မထားသင့်ပါဘူး။ ကိုယ်က ငယ်လို့၊ အမျိုးသမီးဖြစ်နေလို့၊ ဆင်းရဲလို့ စသဖြင့် ကိုယ့်ရဲ့ နောက်ခံအခြေအနေတွေကို တွေးပြီး သိမ်ငယ်ပြီး နုတ်ဆိတ်မနေဖို့ပါပဲ။ အဲ့ဒီလိုအရာတွေ အားလုံးကို ထားခဲ့ပါ။ ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောပါ။ ရည်မှန်းချက်ထားပါ။ သူမို့ ငါမို့ဆိုတာတေ ွ မတွေးဘဲ ရည်မှန်းချက်ကိုကြည့်ပြီး အလုပ်လုပ်ပါ။ ဒီလိုဆိုရင်တော့ လူတိုင်းအတွက် နေရာတခု ရလာလိမ့်မယ်ဆိုတာ အကြံပေးချင်ပါတယ်။”

သိပ္ပံနဲ့အင်ဂျင်နီယာ ပညာရပ်နဲ့ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာရင် မတူညီတဲ့ အတွေးအခေါ်တွေ၊ တီထွင်ကြံဆမှုတွေနဲ့ တိုးတက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း မမီမီအောင်က ယုံကြည်ထားပါတယ်။

“အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ မတူညီတဲ့ ကွဲပြားမှုတွေ ရှိပါတယ်။ ဒါက သိပ်ကိုအရေးပါတဲ့အရာတွေပါ။ ကျမ အစောပိုင်းက ပြောခဲ့တာလိုပဲ။ ကျမတို့တွေ ခုလိုအခြေအနေရောက်အောက် အများကြီး ကြိုးစားခဲ့ရတယ်။ ခရီးလည်း ရောက်ခဲ့ပါတယ်။ တချိန်တည်းမှာလည်း ကျမတို့မေ ျှာ်မှန်းတဲ့ သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေမှုတွေ၊ ကျမတို့သိချင်တဲ့ သိပ္ပံဆိုင်ရာ အဖြေတွေရဖို့ အာကာသစူးစမ်းလေ့လာမှုတွေမှ မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာကိုပဲ ကျမတို့ စူးစမ်းနေတဲ့ သိပ္ပံဆိုင်ရာရှာဖွေမှုတွေ အများကြီး ရှိပါတယ်။ ဒါတွေ ပိုသိလာဖို့ နောက်ထပ် အများကြီး ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ ဒါတွေကိုလုပ်ဆောင်တဲ့နေရာမှာ ရှေးရိုးပုံစံနဲ့ သွားလို့မရပါဘူး။ အားလုံး တယောက်ချင်းစီရဲ့ မတူကွဲပြားတဲ့ တတ်သိ ကျွမ်းကျင်မှုတွေ စုပေါင်းပြီး လုပ်ရတာပါ။ အပြန်အလှန် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေ လိုပါတယ်။ ကျမတို့ အင်္ဂါဂြိုဟ်အတွက် ရဟတ်ယာဉ် ဖန်တီးတုန်းကလိုပေါ့။ စက်သေးသေးလေးထဲမှာ လိုအပ်တဲ့စွမ်းရည်တွေ အားလုံးပါအောင် ဖန်တီးရတယ်။ ကျမတို့အားလုံး ပူးပေါင်း မဆောင်ရွက်နိုင်ဘူး ဆိုရင် အဲ့ဒီအဖြေရခဲ့မှာ မဟုတ်ပါဘူး။ အစဉ်အလာစည်းတွေကိုဖျက်၊ နေရာအမျိုးမျိုး အခြေအနေအမျိုးမျိုးကနေ လာကြတဲ့ မတူကွဲပြားတဲ့ အတွေးအမြင်တွေ၊ အတွေးအခေါ်တွေ စုပေါင်းပြီး လုပ်ခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ ကျားမ၊ သူငါ ဆိုတာတွေ မရှိဘူး။ ဒါကြောင့် အမျိုးသား၊ အမျိုးသမီး ဘယ်သူဖြစ်ဖြစ် သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရပ်တွေမှာ သူ့အပိုင်းနဲ့သူ တတ်ကျွမ်းကြတဲ့သူတွေ၊ မတူကွဲပြားတဲ့ အတွေးအခေါ်တွေ အားလုံး ဆက်စပ် စုပေါင်း ရပါတယ်။ ကိုယ့်ကိုယ်ကို ဖြစ်နိုင်ပါ့မလား လုပ်နိုင်ပါ့မလားလို့ သံသယမဖြစ်ပါနဲ့လို့ အဓိက ပြောချင်ပါတယ်။”

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဇွဲလုံ့လရှိရှိနဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် ကိုယ်လိုရာပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာကို မမီမီအောင်ရဲ့ အတွေ့အကြုံက သက်သေပြနေပါတယ်။ ကိုယ့်ရဲ့ စွမ်းရည်နဲ့ တီထွင်ကြံနိုင်မှုတွေကို လေ ျှာ့တွက်ခဲ့ကြရင် ဒီကနေ့ လူသားတွေ လပေါ်ရောက်ခဲ့ကြမှာမဟုတ်သလို၊ အင်္ဂါဂြိုဟ်ပေါ် ရဟတ်ယာဉ် စေလွှတ်နိုင်တာမျိုးတွေလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်လုပ်နိုင်တာကို ယုံယုံကြည်ကြည်နဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ဖို့သာ အရေးကြီးတယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

Your browser doesn’t support HTML5

အင်္ဂါဂြိုဟ် ရဟတ်ယာဉ်စီမံကိန်း ဦးဆောင်ခဲ့သူ မမီမီအောင်

===================================

[Unicode Version]













