အသက်အငယ်ဆုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင်

မအိသဉ္ဇာမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲတွေ မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်သလို၊ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁, ၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒီလို ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မအိသဉ္ဇာမောင်ကတော့ အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဖြစ်ပါတယ်။ လူငယ် အမျိုးသမီးတယောက်ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေး အတွေ့အကြံ၊ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု အခက်အခဲ၊ ဘယ်လို နိုင်ငံရေး အိပ်မက်တွေနဲ့ ဒါတွေကို ကျော်ဖြတ်ဖို့ ကြိုးစားနေသလဲ ဆိုတာတွေကို မအိသဉ္ဇာမောင်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

“အရင်က ကျမက ကျောင်းသားသမဂ္ဂထဲမှာ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ရင်းနှီးခဲ့တယ်။ ရင်းနှီးခဲ့ပြီးတော့ ကျမ နောက်ပိုင်းမှာစဉ်းစားတယ်။ ကျောင်းသား နိုင်ငံရေးကိုပဲ ဆက်သွားမလားပေါ့။ ဒါမှမဟုတ် ပါတီထဲဝင်ပြီးတော့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် လှုပ်ရှားမလားဆိုတာ စဉ်းစားတဲ့အခါကျတော့ ဒီလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ကျတော့ ကျမတို့ ကျောင်းသားလှုပ်ရှားမှုတွေထဲက ရင်းနှီးတယ်။ ရင်းနှီးတဲ့အခါကျတော့ ဒီပါတီထဲ ဝင်ဖြစ်သွားတယ်။ ဝင်ဖြစ်သွားပြီးတော့မှ နိုင်ငံရေးကို ဆက်ပြီး လှုပ်ရှားဖြစ်တယ်ပေါ့။ အဓိက ကတော့ ကျမတို့ ဒီအောက်ခြေမှာဖြစ်နေတဲ့ အသံတွေအားလုံးကို လွှတ်တော်ထဲမှာ တင်ပြချင်တယ်။ အခုက လွှတ်တော်ထဲရောက်နေတဲ့ လွှတ်တော်အမတ်တွေကလည်း ကျမတို့အသံတွေကို ဘာမှပြောပေးခြင်းမရှိဘူး။ ထုတ်ဖော်ပြောကြားခြင်းလည်း မရှိဘူး။ ဆိုတဲ့အခါကျတော့ ကျမက ဒီကိစ္စအတွက် ရွေးကောက်ပွဲ ဝင်ဖို့အတွက် ပြင်နေတာ ၂ နှစ်လောက်တော့ ရှိပြီပေါ့။ အရင်ကတော့ အသက်ကလည်း မပြည့်သေးတဲ့အခါကျတော့။ ဒီတခေါက်မှာတော့ ကျမ အသက်လည်းပြည့်သွားတဲ့အခါကျတော့ ဒီတခေါက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖြစ်တာပေါ့။”

ဒါကတော့ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသက်အငယ်ဆုံး အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင် ပြောသွားတာပါ။ မအိသဉ္ဇာမောင် ဟာ ခုလို နိုင်ငံရေးပါတီတခုမှာ ပါဝင်မလှုပ်ရှားခင်တုန်းကတော့ မြန်မာနိုင်ငံမှာ ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာဖို့ လှုပ်ရှားခဲ့တဲ့ အမျိုးသမီးလူငယ်တယောက် ဖြစ်ပါတယ်။ ရတနာပုံကျောင်းသားသမဂ္ဂ ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သလို၊ ၂၀၁၅ ကျောင်းသားသပိတ်မှာ ဦးဆောင် ပါဝင်ခဲ့တဲ့အတွက် ၁ နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်အဖွဲ့ကို ဦးဆောင်နေပြီး၊ ပါတီတခုလုံးရဲ့ ဦးဆောင်ကဏ္ဍမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် မအိသဉ္ဇာမောင် အတွက် ဒီနှစ် ၂၀၂၀ ပြည့်ရွေးကောက်ပွဲကတော့ ပထမဆုံးအကြိမ် ဝင်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲပါ။ ငယ်ရွယ်သူ တယောက်လည်းဖြစ်၊ အမျိုးသမီးတယောက်လည်း ဖြစ်တဲ့အတွက် တချို့လူတွေရဲ့ အမြင်မှာ ချန်လှပ်ထားလိုတာတွေကို တွေ့ရတယ်လို့ မအိသဉ္ဇာမောင်က ပြောပြပါတယ်။

“ကျမ ကျတော့ ကိုယ့်ဟာကိုယ် ၂၅ နှစ်ပြည်ပြီးပြီ။ ဝင်ပြိုင်လို့ရတဲ့အရွယ်မိုလို့ ဝင်ပြိုင်တယ်ဆိုပေမဲ့ တခြားသူတွေ မျက်လုံးထဲမှာကျတော့ ကျမကို ကလေးလို့မြင်ကြတယ်။ ကျမ ဘာပဲပြောပြော ကျမရဲ့ မူဝါဒတွေ ဘယ်လို ကောင်းအောင်ပဲ ပြောပြော သူတို့စိတ်ထဲမှာ ကလေးတယောက်ကလာပြီး စကားပြောနေတယ်ပဲ ထင်တာ။ ထပ်ပြီး အတွေ့အကြုံ ယူပါဦးပေါ့။ တော်တယ်။ ဟုတ်တယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ တခြား လူကြီးတွေကိုပဲ ရွေးလိုက်ဦးမယ်ပေါ့။ မင်းတို့ လူငယ်တွေ အတွက်ကတော့ ၂၀၂၅ မှ ပြိုင်လည်း ကိစ္စမရှိဘူး။ အဲ့ဒီလိုမျိုးတွေ မဲဆန္ဒရှင်တွေရဲ့ သတင်းစကားတွေ အဲ့လို တက်လာတာမျိုး ရှိတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေရာမျိုးကို ရောက်လာတဲ့အတွက် တော်တယ်လို့ပြောတာရှိသလို လက်ကမ်းကြိုတာတွေလည်း ရှိတယ်။ အဲ့ဒီလို အကောင်းအဆိုးက ဒွန်တွဲနေတယ်။ ဒါပေမဲ့ ငယ်တဲ့အခါကျတော့ မိန်းခလေးလည်း ဖြစ်တဲ့အခါကျတော့ ကျမ ဘာပဲပြောပြော ပတ်ဝန်းကျင်က နည်းနည်း သြဇာမသိသလိုတော့ ဖြစ်တာပေါ့။”

ဒီလိုအမြင်တွေ၊ ခွဲခြား ဆက်ဆံတာတွေ ကြုံရပေမဲ့လို့ ဒါတွေကို သူ့အတွက် အခက်အခဲ၊ အတားအဆီးအဖြစ် မအိသဉ္ဇာမောင်က မမြင်ပါဘူး။ ဒါဆိုရင် ဘယ်လိုအရာတွေက အဓိက အခက်အခဲတွေ ဖြစ်နေတာပါလဲ။

“ကျမရဲ့ လူငယ်ဖြစ်လို့ အမျိုးသမီးဖြစ်လို့ ဆိုတဲ့ဟာကို အခက်အခဲလို့တော့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ ပတ်ဝန်းကျင်၊ ကျမတို့အာရှမှာဆိုရင်လည်း ပြန်ကြည့်လိုက်။ အခုဆိုရင် ထိုင်း ကျောင်းသားလှုပ်ရှားမှုဆိုရင် ကျောင်းသားတွေချည်းပဲ ဦးဆောင်နေတာ။ ဟောင်ကောင် လှုပ်ရှားမှုဆိုရင်လည်း ကျောင်းသားတွေ တက်လာတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာဆိုရင်လည်း ကျောင်းသားလူငယ်တွေ အများကြီးပါတယ်။ ဆိုတော့ ဒီဟာကိုတော့ အခက်အခဲလို့တော့ မမြင်ဘူးရှင့်။ ဒါပေမဲ့ အခက်အခဲက ဘာလဲဆိုတော့ လက်ရှိ နိုင်ငံရေးဖြစ်နေတဲ့ အခင်းအကျင်း ကတော့ အခက်အခဲပဲ။ ကျမတို့က အခုချိန် ဝင်ပြိုင်ရတာက ကိုယ်စားလှယ်အချင်းချင်း ပြိုင်ရတာမျိုး ဖြစ်မနေဘူး။ ကျမတို့က ပါတီရဲ့ ပုံရိပ်တခုနဲ့ ပြိုင်ရတယ်။ ပါတီခေါင်းဆောင် တယောက်ရဲ့ ပုံရိပ်နဲ့ပြိုင်ရတာ ဖြစ်နေတဲ့အခါကျတော့၊ ကျမတို့က ကိုယ့်မဲဆန္ဒနယ်ထဲမှာ ရှိတဲ့ ကိုယ်စားလှယ်လောင်းအချင်းချင်း ပြိုင်ရတာမျိုး ဖြစ်မနေတဲ့အခါကျတော့ တခြားကိုယ်စားလှယ်လောင်းက ဘာမှမလုပ်ဘဲ ဒီအချိန်မှာ ထိုင်နေတယ်ဆိုရင်တောင် ကျမတို့က ၁၀ ဆ ကြိုးစားရတာ။ နောက်တခုက ကျမတို့ဆိုရင် ပုံဖျက်ခံထားရတဲ့ အရာတွေ အများကြီး ရှိတယ်။ ကျမတို့ ပါတီကိုရော၊ ကျမတို့လို လူငယ်မျိုးဆက်သစ်တွေ၊ ပါတီငယ်လေးတွေက တက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေဆိုရင် သူတို့ကို မဲပေးလိုက်လို့ရှိရင် မဲကွဲသွားမယ်။ လွှတ်တော်ထဲမှာ ညွှန့်ပေါင်းဖြစ်လို့မရဘူး ဆိုတော့ အဲ့ဒီလိုမျိုးလေ ဝါဒဖြန့်ခံထားရတာတွေက အများကြီးပဲ ဖြစ်နေတဲ့အခါကျတော့ ဒီနိုင်ငံရေး အခင်းအကျင်းကြီးကို ကျော်ရတာက အရမ်းခက်တယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အနေအထားမှာ ပြည်သူတွေကြား ထောက်ခံမှု ရပြီးသား သြဇာအရှိန်အဝါကြီးမားတဲ့ နိုင်ငံရေးပါတီတွေကို ကျော်လွန် အနိုင်ရဖို့ဆိုတာ ပါတီငယ်လေးတွေက ကိုယ်စားလှယ်လောင်းတွေ အတွက် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ပါတီကြီးတွေကနေ ဝင်ပြိုင်ရင် လွှတ်တော်အမတ် ဖြစ်နိုင်ချေ ပိုများပါလျက် မအိသဉ္ဇာမောင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်သာ ဝင်ပြိုင်နိုင်တဲ့ နိုင်ငံရေး ပါတီငယ်တခုကနေ ဘာကြောင့် ပါဝင် ယှဉ်ပြိုင်ဖြစ်တာပါလဲ။

“ပါတီကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ လူငယ်တွေအတွက် သီးခြား လွတ်လပ်ခွင့် ပေးထားတယ်။ ကိုယ်ကလည်း လူငယ်ဆိုတဲ့အခါကတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားရတာကို ကြိုက်တယ်။ ဆိုတော့ ပါတီက ကျတော့ လူငယ်တွေအတွက် အဲ့ဒီ အာမခံချက် ရှိတယ်။ လွတ်လပ်မှုနဲ့ပတ်သက်ပြီး အာမခံချက်ရှိတယ်။ နောက်တခုက ပါတီရဲ့ စည်းမျဉ်းစည်းကမ်း ကောင်းတယ် ပေါ့နော်။ ပါတီရဲ့ မူဝါဒ ကောင်းတယ်။ နောက် အရေးကြီးဆုံးတခုကတော့ ဒီပါတီကို လှုပ်ရှား အသက်ဝင်နေတဲ့ သူတွေကလည်း တော်တော်လေး နိုင်ငံရေးအရ ဂုဏ်သိက္ခာ ကောင်းတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျမ ဒီပါတီထဲ ဝင်ဖြစ်သွားတာ။ တခြား ပါတီတွေလည်း သူ့ဟာနဲ့သူ အားသာချက်တွေကတော့ ရှိမှာပဲ။ ဒါပေမဲ့ ကိုယ်နဲ့ကျတော့ မကိုက်ဘူးထင်တယ်။ ဥပမာ - တခြား ပါတီကြီးတွေဆိုရင် ထိန်းချုပ်မှု တအား ကြီးတယ်လို့ ထင်တယ်။ လူငယ်တွေအပေါ်မှာ။ လူငယ်တွေက အရည်အချင်း ဘယ်လောက်ပဲရှိရှိ အရှေ့ကို ထွက်မလာနိုင်ဘူးဖြစ်တာ။ ဒီပါတီကျတော့ အဲ့ဒီလိုမဟုတ်ဘူး။ နောက်တခုက လူငယ်တွေအတွက် ကိုတာ ရှိတယ် ဒီမှာ။ ဥပမာ ကျမဆိုရင် လူ့ဘောင်သစ်လူငယ်မှာ ဥက္ကဋ္ဌတာဝန် ဖြစ်တဲ့အတွက် ပါတီမှာ ကျမအတွက် ကိုတာ seat တနေရာ ရတယ်။ ဆိုတော့ ကိုယ်အရည်အချင်းရှိရင် အရည်အချင်း ရှိသလို တက်လို့ရတယ်။ ပါတီထဲက ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း သွားရင် ပါတီမူဝါဒအတိုင်း သွားရင်တော့ အဆင်ပြေတယ်။ အဲ့ဒါကြောင့်မို့ ကျမ ဒီပါတီကို ရွေးချယ်လိုက်တာ။”

လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပြည့်အ၀ မေ ျှာ်လင့်ထားတယ်လို့လည်း မအိသဉ္ဇာမောင်က ပြောပါတယ်။ တကယ်လို့ လွှတ်တော်အမတ်တယောက် ဖြစ်လာရင် တိုင်းပြည်အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါလဲ။

“ဟုတ်ကဲ့။ ကျမမှာ တင်ပြထားတဲ့ နိုင်ငံရေးအစီအစဉ်တွေ ရှိတယ်။ ပထမတချက်က ကျမတို့ လွှတ်တော်ထဲ ရောက်သွားရင် တင်မယ့်အဆိုပေါ့နော်။ လူထုဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမယ့်အဆိုပေါ့။ ဒါ ကျမတို့က ၄၃၆ (က)၊ (ခ) အောက်ကနေ သွားတဲ့ဟာမျိုး မဟုတ်ဘူး။ လွှတ်တော်ထဲမှာ သီးခြား အဆိုတခု ပြန်တင်မယ်။ ပြန်တင်ပြီးတော့မှ အဲ့ဒါကို ၅၀ % ကျော်က ထောက်ခံတယ်ဆိုရင် ကျမတို့ လူထုဆန္ဒခံယူပွဲနဲ့ ပြန်ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမယ်ဆိုတဲ့ဟာမျိုးပေါ့။ နောက် အဆိုတခုကတော့ အကယ်၍ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လေ ျှာ့ချရေး အဆိုပေါ့။ ဒီ ကျမတို့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားက ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ဦးရေ ဆိုတာ ရေးထားတယ်။ ဆိုတော့ ၁၁၀ ဦးထက် မပိုတာဆိုပေမဲ့ ၁၁၀ ဦးထက် လျော့လို့ရတယ်။ အနည်းဆုံး တယောက် ဖြည့်လို့ရတယ်။ ဆိုတော့ ဒီတပ်မတော်သား ကိုယ်စားလှယ်ဦးရေ လေ ျှာ့ချရေးအတွက် အဆိုတွေ ကျမ တင်ဖို့ရှိတယ်။ နောက်တခုကတော့ ကျမတို့ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီးတော့ ပြန်လည် ပြင်ဆင်သင့်တဲ့အရာတွေ။ ဒါကတော့ ကျမ မဲဆန္ဒနယ်ရော တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတွေ အတွက်ရော ကျမတို့ နိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီး လက်ရှိ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ညီအောင်လို့ ပြန်လည် ပြင်ဆင်ဖို့အတွက် ကျမတို့လုပ်ထားတာတွေ ရှိတယ်။”

တကယ်လို့ လွှတ်တော်ထဲမရောက်လည်း ဒီလိုကိစ္စတွေက တိုင်းပြည်အတွက် အပြောင်းအလဲလုပ်ဖို့ လိုအပ်တဲ့အရာတွေ ဖြစ်တာမို့ သူ့အနေနဲ့ကတော့ လွှတ်တော်ပြင်ပကနေလည်း ဆက်ပြီး ကြိုးစားသွားမှာဖြစ်တယ်လို့ မအိသဉ္ဇာမောင်က ပြောပါတယ်။ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ ခုထက်ပိုပြီး တက်တက်ကြွကြွ ပါဝင်လာမယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ မအိသဉ္ဇာမောင်က မေ ျှာ်လင့် ယုံကြည်ထားပါတယ်။

“ကျမ ကတော့ လူငယ်တွေ အများကြီး ပါခိုင်းစေချင်တယ်။ နောက် အမျိုးသမီးတွေ အများကြီး ပါစေချင်တယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ ဦးဆောင်တဲ့လူကြီးတွေရော၊ နိုင်ငံရေး အခန်းကဏ္ဍတွေမှာရော ကြည့်လိုက်ရင် အားလုံးက လူကြီးတွေ။ ဆိုတော့ အဲ့ဒီလူကြီးတွေနဲ့ အခု ၁၈ နှစ်လူငယ်တွေနဲ့ဆိုရင် အတွေးအခေါ်က တအား ကွာသွားပြီ။ ကွာသွားတယ်ဆိုတော့ လူငယ်တွေ ပါနိုင်လောက်တဲ့ အခင်းအကျင်းမျိုးကို ဖန်တီးပေးသင့်တယ်လို့ ထင်တယ်။ ဒီအတိုင်း ပါလာပါလို့ ပြောတာထက်စာရင် သူတို့လိုက်ပါနိုင်တဲ့ အခင်းအကျင်းမျိုး ဦးဆောင်ပေးသင့်တယ် ထင်တယ်။ ဥပမာအားဖြင့် ကျမတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆိုရင် ကျမတို့ ၂၅ နှစ်ပြည့်မှ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ရတယ်။ ဒါပေမဲ့ ၁၈ နှစ်လောက်နဲ့ ဝင်ပြိုင်လို့ရတယ်လို့ ဥပဒေကို ပြောင်းလိုက်လည်း ဘာမှမဖြစ်ဘူး။ ရွေးချယ်တာက လူထုက ရွေးချယ်ရမှာလေ။ အလိုအလျောက် တက်သွားတဲ့ဟာမျိုး မဟုတ်တဲ့အတွက် ပါဝင်ခွင့်ကို အဲ့ဒီလိုမျိုးလေး ဖြေလေ ျှာ့ပေးလိုက်ရင်တော့ လူငယ်တွေ ပိုပြီးတော့ ပါဝင်လာနိုင်တယ်လို့ ထင်တယ်။ နောက်တခုက အကာအကွယ်ပေးမှုလည်း ရှိရမယ်။ ဒီအတိုင်း ပါလာခိုင်းလို့မရဘူး။ အခုရွေးကောက်ပွဲ နီးလာချိန်မှာ တိုက်ခိုက်ခံရတာ အများဆုံးက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တိုက်ခိုက်ခံရတာ အများဆုံးပဲ။ အခုဆိုရင် ကျမဆိုရင်လည်း လူမှုမီဒီယာ ကွန်ရက်ပေါ်မှာ အများကြီး တိုက်ခိုက်ခံရတယ်။ ဒါပေမဲ့ ကျမတို့ကို လုံလုံလောက်လောက် ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဆိုတဲ့အခါကျတော့လေ ဒီအတိုင်း လွှတ်လိုက်လို့မရဘူး။ ကဲ ပါလာပါ ဆိုပြီး ဒီအတိုင်း ဆွဲခေါ်လိုက်လို့မရဘူး။ သူတို့အတွက် အကာအကွယ်လည်း ပေးရမယ်လို့တော့ ကျမထင်တယ်။ သူတို့ ပါလာနိုင်တဲ့ အခွင့်အလမ်းတွေ လုပ်ပေးသင့်တယ်။ အကာအကွယ်တွေ လုပ်ပေးသင့်တယ်လို့ ထင်တယ်။ ဒါမှသာ လူငယ်တွေ အများကြီး အမျိုးသမီးတွေ အများကြီး ပါလာနိုင်ပါလိမ့်မယ်။”

တကယ်တော့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ် တက်အားတွေပါ။ လူငယ်တွေရဲ့ အနာဂတ်လှပါမှ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း တောက်ပနိုင်မှာဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ လူငယ် မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့က လူကြီးတွေရဲ့ တာဝန်ဖြစ်သလို၊ ဒီလို မွေးထုတ်ပေးခြင်းအားဖြင့် တိုင်းပြည်အတွက် အနာဂတ်ကို အကောင်းဆုံး ပုံဖော်ရာ ရောက်နိုင်တယ်ဆိုတာ တင်ပြရင်းနဲ့ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

Your browser doesn’t support HTML5

အသက်အငယ်ဆုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း မအိသဉ္ဇာမောင်

===================================

[Unicode Version]

အသကျအငယျဆုံး အမြိုးသမီး လှှတျတောျကိုယျစားလှယျလောငျး မအိသဉ်ဇာမောငျ (အမြိုးသမီးကဏ်ဍ)













