စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာ သတိထားစိစစ်စေလိုတယ်လို့ ဒါဇင်နဲ့ချီတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေကြပေမဲ့လည်း ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း (၁၀၀) ဖွံဖြိုးရေး အထောက်အကူပေးမယ့် အစီအစဉ် အသေးစိတ် ကို ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ ရခိုင်ပြည်နယ်တွင်း ထိရောက်မှုရှိစေရေး မြန်မာအစိုးရနဲ့ စစ်တပ်အပေါ်မှာ မူတည်နေကြောင်း အကဲခပ်တွေနဲ့ လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
World Bank ကမ္ဘာ့ဘဏ် ကနေ ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် အခုလို အကူအညီပေးမယ့် အစီအစဉ်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်မြောက်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရချိန် ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် အဓိက နိုင်ငံတကာ အထောက်အပံ့တခု ဖြစ်လာတယ်လို့ ဆိုရမှာပါ။
ဒါနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ တုန့်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့အပေါ် စိုးရိမ်မကင်းဖြစ်သလို၊ အကြမ်းဖက်မှုကို ရှုတ်ချကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ္ဘာ့ဘဏ်အနေနဲ့ အကူအညီ ပေးနေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဒေသခံလူထု လိုအပ်နေတဲ့ ဖွံဖြိုးရေးကို အထောက်အကူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ရပ်ဆိုင်း ထားဖို့ ဆိုတဲ့အချက်ကို ကမ္ဘာ့ဘဏ်အနေနဲ့ လက်မခံကြောင်း ရိုက်တာသတင်းဌာနကို တုန့်ပြန်တဲ့ စာမှာ ဖေါ်ပြထားပါတယ်။
ဒါပေမဲ့လည်း အခုလို ကမ္ဘာဘဏ်ရဲ့ ဒေါ်လာ သန်း ၁၀၀ စီမံကိန်း ရခိုင်လူထုအတွက် အကျိူးထိရောက်မှု ရှိစေဖို့ အစိုးရနဲ့ စစ်တပ်အပေါ်မှာ မူတည်နေတယ်လို့ အမေရိကန်-ရခိုင် လူမှုအဖွဲ့အစည်း ဒုတိယဥက္ကဌ ဦးသိန်းထွန်းဇံက အခုလိုသုံးသပ်ပါတယ်။
“အရပ်သားတွေ ပြေးလွှားနေရတယ် သေကျေနေတဲ့ ကိစ္စတွေက ကျနော်မြင်တာကတော့ ၁၀၀ ရာခိုင်နှုန်းနီးပါးအစိုးရနဲ့ စစ်တပ်မှာပဲ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ သူတို့တွေ အရပ်သားတွေနေတဲ့နေရာတွေပေါ့နော် ၊ လူထုတွေ ရှိတဲ့နေရာတွေ ရပ်ရွာတွေ ကျေးရွာတွေမှာ ဝင်ပြီးတော့ ဒုက္ခမပေးနေဘူး အဲလိုမျိုးဆိုရင် ဒီနေရာတွေက ဘာမှ ပြဿနာတက် နေမယ့်နေရာတွေမဟုတ်ဘူးခင်ဗျ။ အခု အဲဒီနားမှာ ၂ ဘက်သွားပြီးတော့ စစ်ဖြစ်တယ်ဆိုတာထက် သူတို့တွေကနေ ရခိုင်လူထုတွေက တနည်းတဖုံအားဖြင့် ရည်ရွယ်ပြီးတော့ အညိုးထားပြီးတော့ ဒုက္ခပေးနေတဲ့ ပုံစံမျိုးမြင်နေရတယ်ပေါ့နော် ။”
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဖွံဖြိုးရေး ဒေါ်လာ သန်း (၁၀၀) အထောက်အကူပေးမယ့်အစီအစဉ်မှာ ဆင်းရဲနွမ်းပါးသူတွေကို သင်တန်းနဲ့ အခြားအကူအညီတွေ ပေးမှာဖြစ်သလို၊ အလုပ်အကိုင်တွေ ဖန်တီးပေးရေး လုပ်ငန်းရှင်တွေကို ငွေကြေးထောက်ပံ့မယ့် အစီအစဉ်တွေပါဝင်ကြောင်းနဲ့ ဒီအစီအစဉ်တွေကို အကောင်အထည်ဖေါ် စောင့်ကြည့်မယ့် အစိုးရရဲ့ ဆောင်ရွက်မှုတွေကို ကမ္ဘာ့ဘဏ်ကနေ ကူညီပံ့ပိုးမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ မေလ (၁၀)ရက်နေ့ ရက်စွဲနဲ့ အသေးစိတ် ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့စီးပွားရေးပညာရှင် ဦးကံထွန်းကလည်း ကမ္ဘာ့ဘဏ် အနေနဲ့ ဒီလိုဖွံဖြိုးရေးအကူအညီအတွက် အကျိုးအမြတ်သေချာတွက်ပြီးမှ ဆောင်ရွက်လေ့ရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။
“ကမ္ဘာ့ဘဏ်က ဒီလိုလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ထိရောက်မှု အနည်းနဲ့အများရှိမယ်လို့ သူတို့ သုံးသပ်လို့ ဒီလိုလုပ်တယ်လို့ ဆုံးဖြတ်တယ်လို့ ယူဆပါတယ်။ တိုင်းပြည်အတွက်ရော သူတို့အတွက်ရော အကျိုးမရှိပဲနဲ့တော့ လုပ်မယ်လို့မထင်ဘူးလေ ဒီလိုအဖွဲ့အစည်းကြီးက။ ဖွံ့ဖြိုးဆဲအနည်းဆုံးဖြစ်တဲ့ မြန်မာပြည်ရဲ့ ရခိုင်ပြည်နယ်မှာ ဒီလိုလုပ်မယ်ဆိုရင် ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်မယ်။ ရည်ရွယ်ချက်ကလည်း လုပ်ရမှာပဲ စွန့်စားမှုတွေကတော့ ရှိတယ်၊ ရှိတာကို ကြောက်ပြီးတော့ ရှောင်နေမယ့်အစား ကိုယ့်ဟာကိုယ်လည်းမလုပ်နိုင်ဘူး ကမ္ဘာဘဏ်လိုအဖွဲ့အစည်းကလည်း အကျိုးမရှိဘဲ မလုပ်ဘူးလို့ ယူဆတဲ့အတွက် ဒီလုပ်ငန်းကတော့ ရမယ့်အမြတ်က အရှုံးနည်းမယ်လို့ အန်ကယ်ကတော့ ယူဆပါတယ်။”
မြန်မာနိုင်ငံတဝန်း မတူညီတဲ့ အသိုင်းအဝိုင်းတွေကြား စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးခြင်းအားဖြင့် ငြိမ်းချမ်းရေး အကျိူးအမြတ်တွေရရှိအောင် ကူညီဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပန်ကြားထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ တုန့်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ဖွံဖြိုးရေးအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်ကနေ ဒါဇင်နဲ့ချီတဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီနှစ် အစောပိုင်းက တွေ့ဆုံဆွေးနွေးရာမှာ- ရခိုင်ဒေသမှာ အဓိက ပဋိပက္ခဖြစ်စေတဲ့ လူ့အခွင့်အရေးပြဿနာ၊ တန်းတူညီမျှရေးနဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု စတာတွေကို ဖြေရှင်းပေးခြင်းမရှိပဲ အဓိပ္ပါယ် ပြည့်ဝတဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံဖြိုးရေးအစီအစဉ်တွေကို ဘယ်လို အကောင်အထည်ဖေါ်မလဲဆိုတာ လူ့အခွင့်အရေးအဖွဲ့တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
ဒါအပြင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်တွင်း နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ်တွေအပေါ် မြန်မာအစိုးရက ကန့်သတ်ထားချိန်မှာ ဒီလို ကမ္ဘာဘဏ်ရဲ့ စီမံကန်းတွေ ထိထိရောက်ရောက် အကောင်အထည်ဖေါ်နိုင်ပါ့မလားဆိုတာကိုလည်း သံသယရှိနေကြတယ်လို့ ဆိုပါတယ်။
Your browser doesn’t support HTML5