၂၀၁၈ ကမ္ဘာ့ဖလား ပြင်သစ်ဗိုလ်စွဲ

France fans react on the Champs-Elysees avenue during their World Cup final

၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်ကို ရုရှားနိုင်ငံ မော်စကိုမြို့က Luzhniki ဘောလုံးကွင်းမှာ ကစားတာမှာ ပြင်သစ်က ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။

ခရိုအေးရှားအသင်းက ပွဲစကတည်းက ပြင်သစ်ဘက်ကို ဖိကစားခဲ့ပြီး၊ ဂိုးသွင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ၁၈ မိနစ်မှာတော့ ပြင်သစ်အသင်း ပယ်နယ်တီဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ်ဘောရတာကို ဂရီးဇ်မန်းက ဂိုးရှေ့ကန်တင်ပေးတာမှာ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူးကစ်ချ် ခေါင်းနဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့် ပြင်သစ်အဖွင့်ဂိုးရခဲ့ပါတယ်။ ခရိုအေးရှားအတွက် ချေပဂိုးကိုတော့ ၂၈ မိနစ်မှာ အင်တာတောင်ပံတိုက်စစ်မှူး Perisic က ဧရိယာထဲကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။

ဒါပေမဲ ၃၈ မိနစ်မှာတော့ ပြင်သစ်အသင်း ထောင့်ကန်ဘောရတာမှာ ခရိုအေးရှားက Perisic နဲ့ လက်ထိသွားတဲ့အတွက် အငြင်းပွားစရာဖြစ်နေတဲ့အတွက် ဒိုင်က VAR စနစ်ကို အသုံးပြုခဲ့ရပါတယ်။ ဒိုင်က ဗီဒီယိုပြန်ကြည့်ပြီးတဲ့နောက် ပယ်နယ်တီအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ပြင်သစ်က ပယ်နယ်တီရပြီး အဲဒီပယ်နယ်တီကို ဂရီးဇ်မန်းက ကန်သွင်းခဲ့လို့ ဒုတိယဂိုးရခဲ့ပြီး ပထမပိုင်းမှာ ပြင်သစ်က ၂ ဂိုး ၁ ဂိုး နဲ့ ဦးဆောင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စတဲ့အခါမှာတော့ ပြင်သစ်အတွက် တတိယဂိုးကိုတော့ ၅၉ မိနစ်မှာ ကွင်းလယ်လူ Pogba မှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့လို့ ပြင်သစ်အသင်းတတိယဂိုးရခဲ့ပါတယ်။ ပြင်သစ်အတွက် စတုတ္တဂိုးကိုတော့ Mbappe က ၆၅ မိနစ်မှာ ပယ်နယ်တီ ဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

၆၉ မိနစ်မှာတော့ ခရိုအေးရှားဘက်က မန်ဇူးကစ်ချ်က ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ပြင်သစ်နောက်တန်းက ဂိုးသမားလောရစ်ကို ပြန်အပေးမှာ လောရစ်က တဘက်က လိုက်လာတဲ့ မန်ဇူးကစ်ချ်ကို လိမ်ဖို့ကြိုးစားခဲ့ပေမယ့် မန်ဇူးကစ်ချ်က တားလိုက်လို့ ခရိုအေးရှားဘက်က ဂိုးရသွားခဲ့ပါတယ်။

ခရိုအေးရှားအနေနဲ့ ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ နောက်ဆုံးမှာ ပြင်သစ်က ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တုန်းကလည်း တကြိမ်ဗိုလ်စွဲထားတာကြောင့်၊ ဒါဟာ ပြင်သစ်အတွက်တော့ ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ရတာ ဖြစ်ပါတယ်။ ပြင်သစ်နည်းပြ Didier Deschamps အတွက်တော့ ဒါဟာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ကမ္ဘာ့ဖလားကို ဗိုလ်စွဲဖူးတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားကို အနိုင်ယူပြီး ပြင်သစ်ဗိုလ်စွဲ