ယူကရိန်းမှာဖမ်းမိတဲ့ မြောက်ကိုရီးယားစစ်သား သေဆုံး

မြောက်ကိုရီးယားစစ်သားတွေအကြောင်း သတင်းတင်ဆက်မှုကိုတောင်ကိုရီးယားဆိုးလ်ဘူတာရုံက ရုပ်သံမှာ ပြသထုတ်လွှင့်နေစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၄)

ယူကရိန်းတို့ဖမ်းမိတဲ့ ဒဏ်ရာရထားသူမြောက်ကိုရီးယားစစ်သားဟာ ဒဏ်ရာနဲ့သေဆုံးသွားပြီလို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်ကိုရီးယားစစ်သားတယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိပေမဲ့ ရရှိထားတဲ့ပြင်းထန်ဒဏ်ရာတွေကြောင့် တရက်အကြာ ဒီနေ့မှာ သေဆုံးသွားတယ်ဆိုတာ မဟာမိတ် ထောက်လှမ်းရေးဌာနတွေရဲ့ အတည်ပြုချက်ရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန NIS က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှားဘက်ကတိုက်ပေးဖို့ မြောက်ကိုရီးယားက စစ်သားတသောင်းကျော် စေလွှတ်ထားတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကရိန်းတို့က ခန့်မှန်းထားပါတယ်။ တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယား စစ်သား ၃,၀၀၀ လောက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelensky က လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားထားပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးကတော့ ဒဏ်ရာရ သေဆုံးသူ ၁,၀၀၀ လောက်ရှိမယ် လို့ ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားစစ်သားတွေအနေနဲ့ အကျွမ်းမဝင်တဲ့ စစ်မြေပြင်သစ်မှာ စစ်တိုက်ရတာကြောင့်ရော ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို တန်ပြန် ခုခံနိုင်စွမ်းမရှိတာကြောင့်ရောလို့ တောင်ကိုရီးယား စစ်တပ်က သုံးသပ်ပါတယ်။

ယူကရိန်းကိုရုရှားကျူးကျော်စစ်စတင်တဲ့ ၂၀၂၂ ဖေဖေါ်ဝါရီနောက်ပိုင်းကစလို့ ရုရှားနဲ့ မြောက်ကိုရီး ယားကြား စစ်ရေးပိုင်းပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်နေကြပါတယ်။ ဇွန်လတုန်းကပဲ ရုရှားသမ္မတ မြောက်ကိုရီးယားသွားခဲ့ပြီး ကာကွယ်ရေးဆိုင်ရာအဆင့်မြှင့်ဖို့ သဘောတူနိုင်ခဲ့တဲ့အပေါ် အားရကျေနပ်တယ်လို့ သမ္မတ Vladimir Putin ကပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းမှာဖမ်းမိတဲ့ မြောက်ကိုရီးယားစစ်သား သေဆုံး