မြန်မာကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ ယန်ဟီးလီ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကျပ်အတည်းအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ က မနေ့ ကြာသာပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

ဆယ်စုနှစ်များစွာ ကြာမြင့်လာတဲ့ ရခိုင်ပြည်နယ်ပြဿနာဟာ ပြည်တွင်းကိစ္စမဟုတ်တော့ပဲ နိုင်ငံရဲ့ နယ်နိမိတ်ကိုကျော်လွန်ခဲ့ပြီဖြစ်ကြောင်း မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သူရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယန်ဟီးလီကပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ဗြိတိန်ဦးဆောင်ရေးဆွဲတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းလည်း ထွက်ပေါ်လာပါတယ်။ မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒေသခံ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ချက်ချင်းရပ်တန့်အောင် လုံခြုံရေးကောင်စီက ကြားဝင်ဆောင်ရွက်ပေးဖို့ ပါမောက္ခ ယန်ဟီလီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းခဲ့ပါတယ်။

"မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမယ့် အစီအစဉ်ထဲ ထည့်သွင်းပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ ကျမအကြံပြုပါတယ်။"

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့လည်း သူက အခုလို အကြံပြုသွားပါတယ်။

"လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ထဲမှာလည်း မြန်မာတပ်မတော်အပါအဝင် လုံခြုံရေးတပ်တွေ ရဲ့ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ ဒီကိစ္စမှာပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းအားလုံးကိုလည်း သူတို့ကျူးလွန်မှုတွေအတွက် တာဝန်ခံဖို့ စတဲ့ အချက်တွေပါဝင်ဖို့လိုပါတယ်။"

မောင်တောဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလက အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့စဉ်အချိန်ကတည်းက လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ Crimes against Humanity လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနီးပါးထိ ရှိနေကြောင်း ဒီနှစ် ဖေဖေါ်ဝါရီလကတည်းက ကုလသမဂ္ဂကို သူအစီရင်ခံတင်ပြခဲ့ကြောင်းလည်း ယန်ဟီလီကပြောပါတယ်။ အခု ကုလသမဂ္ဂကနေ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေကို Ethnic Cleansing လူမျိုးတုန်း ရှင်းလင်းမှုအဖြစ် သတ်မှတ်ထားတာနဲ့ ပတ်သက်လို့ ယန်ဟီလီရဲ့ အမြင်ဘယ်လို ရှိပါသလဲလို့ သတင်းထောက်တဦးက မေးမြန်းရာမှာတော့-

"ကျမရဲ့ အစီရင်ခံစာထဲမှာ ပြောထားတဲ့အတိုင်း သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးပြီး ဆိုးရွားလှတဲ့ ဒုက္ခသည်စခန်းတွေမှာ သွားပြီးနေထိုင်ဖို့ ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရလို့ ဖြစ်ပါတယ်။ အခုချိန်ထိလည်း လူတွေ ထောင်နဲ့ချီပြီး ဆက်လက်ထွက်ပြေးနေရဆဲဆိုတဲ့ သတင်းတွေကြောင့် ကျမ အလွန်ကို စိုးရိမ်မကင်းဖြစ်မိပါတယ်။ ဒါကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်လား ဒါမှမဟုတ်လူမျိုးတုန်း ရှင်းလင်းမှုလား ဆိုတဲ့ အဓိပ္ပါယ်အတိအကျ သတ်မှတ်ပြဌာန်းမှုထက်စာရင် အရေးကြီးဆုံးလိုအပ်တာကတော့ ချက်ချင်းအရေးယူဆောင်ရွက်ဖို့ဖြစ်ပါတယ်။"

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့ ရခိုင်ပြဿနာဟာ ပြည်တွင်းရေးကိုကျော်ပြီး နိုင်ငံတကာထိ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ယန်ဟီလီက အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံထဲမှာ အထူးသဖြင့် ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အမုန်းတရားပြန့်ပွားအောင် ဖန်တီး တာတွေရှိပါတယ်။ ရန်လိုမုန်းတီးမှု သာမက အကြမ်းဖက်မှုတွေဖြစ်အောင်ပါ လှုံဆော်မှု အများအပြားရှိခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့် သူတို့အခွင့်အရေးအတွက် တောင်းဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ကိုမြန်မာလူမျိုးတွေရဲ့ စိတ်ထဲ ထင်မှတ်အောင် နှစ်ပေါင်းများစွာ စည်းရုံးသိမ်းသွင်းခံခဲ့ရပါတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ စုံစမ်းလေ့လာခွင့်ပေးဖို့ ကုလသမဂ္ဂဘက်က အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရအနေနဲ့ ဝင်ရောက်ခွင့်ပြုရေးအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေး အကန့်အသတ်မရှိ ဝင်ခွင့်ပေးဖို့ နဲ့ နိုင်ငံတကာသတင်းမီဒီယာတွေ ဝင်ရောက်သတင်းယူခွင့်ပြုဖို့ လိုအပ်ကြောင်း ယန်ဟီလီက ထောက်ပြခဲ့ပါတယ်။

တဆက်တည်းပဲ လက်ရှိ ပြည်တွင်းမှာ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆုတောင်းပွဲတွေကျင်းပနေတာနဲ့ ပတ်သက်လို့လည်း ယန်ဟီလီက-

"ဒါကြောင့် မြန်မာအစိုးရကို တောင်းဆိုချင်တာက အခုလက်ရှိပြုလုပ်နေတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆုတောင်းပွဲတွေကို အသုံးချပြီး မလိုမုန်းထားမှုနဲ့ တယူသန်မှုတွေကို တိုက်ဖျက်ရမှာဖြစ်ပါတယ်။ ဒါအပြင် လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်စေတဲ့ ဥပဒေတွေပြဌာန်းဖို့ လွှတ်တော်ထဲမှာ အများစုရဲ့ ထောက်ခံမဲတွေကို အသုံးချဖို့ လိုပါတယ်။"

ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပြီးလက်ခံရေးအစီအစဉ်မှာ ဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ရေး နဲ့ သူတို့ရဲ့ ဘဝတွေ ပြန်ပြီးတည်ဆောက်ရေး သေချာအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရဘက်ကအချိန်ဘယ်လောက်ကြာအောင် ယူမလဲ ဆိုတာကိုလည်း သူအနေနဲ့ စိုးရိမ်မိကြောင်း သတင်းထောက်တွေကို ပါမောက္ခယန်ဟီလီကပြောကြားခဲ့ပါတယ်။

ယန်ဟီလီဟာ သူရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာ ခံရဲ့လူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ တတိယကော်မီတီမှာ ဗုဒ္ဓဟူးနေ့က အစီရင်ခံတင်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်ချဖို့ အလားအလားရှိနေတယ်လို့လည်း ကုလသမဂ္ဂသံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံက ဦးဆောင် ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ ယန်ဟီးလီ တိုက်တွန်း