သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးလုံခြုံရေးကောင်စီဆုံးဖြတ်ချက် မချနိုင်အောင် မြန်မာ ကြိုးပမ်းနေ


ရခိုင်အရေးလုံခြုံရေးကောင်စီအတွင်းဆွေးနွေးစဉ် (စက်တင်ဘာ ၂၈၊ ၂၀၁၇)
ရခိုင်အရေးလုံခြုံရေးကောင်စီအတွင်းဆွေးနွေးစဉ် (စက်တင်ဘာ ၂၈၊ ၂၀၁၇)

ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲထားတဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက် မူကြမ်းမှာတော့ မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ချက်ချင်းရပ်ဖို့၊ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးတို့ကို အဓိက တိုက်တွန်းထားပါတယ်။ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ရေး မပါပေမယ့် အခိုင်အမာ တောင်းဆိုချက်တွေတော့ အများအပြား ပါဝင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့တော့ ကုလလုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက် မကျရေး ကြိုးပမ်းနေပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂက တစိုက်မတ်မတ် တောင်းဆိုချက် တခုဖြစ်တဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကို လက်သင့်ခံရေးဆိုတာကိုလည်း ဆက်လက် ငြင်းပယ်ထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ဒီဆုံးဖြတ်ချက်မှုကြမ်းကို လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်မချအောင်လို့တော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကို ကျနော်တို့ လုပ်နေပါတယ်လို့ ဒါပဲ ပြောချင်ပါတယ်။ အသေးစိတ်ကတော့ ပြောလို့မရဘူးပေါ့ သို့သော်လည်း ဒီဟာက သူတို့ စဉ်းစားတဲ့သဘောပဲ ရှိသေးတာပေါ့နော် အဲဒီတော့ ဘယ်လိုသူတို့လုပ်မယ်ဆိုတာကတော့ သူတို့လုပ်ထုံးလုပ်နည်းနဲ့ လုပ်ကြမှာပေါ့နော်။ လုပ်တဲ့အခါကျရင် လုံခြုံရေး ကောင်စီမှာရှိတဲ့ ကျနော်တို့ မိတ်ဆွေတွေ ကိုချဉ်းကပ်ပြီးတော့ ကျနော်တို့အနေနဲ့လည်း ဒီကြားထဲမှာ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေကို ကိုယ့်ရပ်တည်ချက်တွေကို အသိပေးထားတာရှိပါတယ်။ ချဉ်းကပ်ပြီးတော့ ကျနော်တို့စည်းရုံးပြောနေတာတွေ ရှိပါတယ်။ လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်မချနိုင်အောင်တော့ ကျနော်တို့လုပ်ရမှာပေါ့ အဲဒါ ကျနော်တို့ရပ်တည်ချက်ဖြစ်ပါတယ်။


မသိင်္ဂီထိုက်။ ။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးခရီးစဉ်ပေ့ါနော် အဖွဲ့ကိုလက်သင့်ခံဖို့ဆိုတဲ့ အချက်က တော်တော်များများ တွန်းနေတဲ့အထဲမှာ ပါပါတယ်။ ဆိုတော့ သံအမတ်ကြီးတို့ဘက်က ဒီအပေါ်မှာ သဘောထားပြောင်းလဲမှုရော ရှိပါသလား ပြတ်ပြတ်သားသားပြောထားတာပေါ့လေ။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာတွေကတော့ ကျနော်တို့လုပ်နေတယ် အဲဒီတော့ လုပ်နေတဲ့အချိန်မှာ ခုနပြောတဲ့ Fact finding mission တို့ကို လက်မခံပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုလုပ်မယ်။ ဆိုတော့ ဒီဟာကိုတော့ လောလောဆယ်အချိန်မှာတော့ ဒီသဘောထားနဲ့ ပတ်သက်ပြီးတော့ ပြောင်းလဲဖို့တော့ မရှိပါဘူး။ အဓိကတော့ အခုပြောနေကြတဲ့ဟာကတော့ Fact Finding Mission က ကျနော်တို့ အဓိကတော့ မဟုတ်ဘူးလို့မြင်တယ်။ အဓိကတော့ ဟိုဘက်ကိုရောက်နေတဲ့ထွက်ပြေးသွားတဲ့ သူတို့အဆို ၆ သိန်းပေါ့နော် အဲဒီကိန်းဂဏန်းအရေအတွက် ၊ ကျနော်တို့ကိုတော့ ဒီဟာကို ဘာမှ Comment ပေးစရာတော့မရှိဘူးပေါ့လေ။ ဒါကတော့ သူတို့ဘက်က ဂဏန်းကို ၊ ကျနော်တို့ဘက်က ဂဏန်းနဲ့တော့ သွားတိုက်လို့တော့မရဘူးပေါ့။ အဲဒီ ၆ သိန်းပြောတဲ့အရေအတွက်နဲ့ ပတ်သက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှုဘက်ကနေပြီးတော့ ပြောကြတာများပါတယ်။ အဓိကတော့ အဲဒီပြဿနာ ကမ္ဘာကတော့ အဲဒါက အဓိကဖြစ်နေတယ်။ ကျနော်တို့ကလည်းဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျနော်တို့ဘက်က စဉ်းစားပြီးတော့ အဓိကအဖွဲ့ပြီးဆောင်ရွက်နေတာတွေက ဒါကို ဦးတည်ထားတာပေါ့လေ။ ကျနော်တို့မြင်တာကတော့ Humanitarian Issue ကို ရှင်းဖို့က အဓိကပြဿနာဖြစ်မယ်လို့ ကျနော်တို့မြင်ပါတယ်။

မသိင်္ဂီထိုက်။ ။ သံအမတ်ကြီးတို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေ ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာရဲ့ ပံ့ပိုးမှု သံအမတ်ကြီးတို့ အားရကျေနပ်မှုရှိပါသလား။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ အခုအခြေအနေကတော့ သိတဲ့အတိုင်းပဲလေ ဟိုဘက်ကမ်းကိုရောက်နေတာက များတဲ့အခါကျတော့ အဲဒါကိုပဲ ကြည့်ပြီးတော့ ပေးတာကမ်းတာ လှုပ်ရှားဆောင်ရွက်တာက အဲဒီဘက်အတွက်ပဲ များတာကို ကျနော်တို့ဘက်ကိုလည်း ကျနော်တို့ အခုလုပ်နေတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အခုအထိတော့ Commitment တွေကတော့ သေချာတော့ မသိရသေးသော်လည်း လာဖို့တော့ ရှိမှာပါ။ ကျနော်သိသလောက်ဆိုရင် ကမ္ဘာ့ဘဏ်ကလည်း ကျနော်တို့ဘက်ကို ကူညီပေးဖို့အစီအစဉ်တွေရှိတယ်ဆိုပြီးတော့လည်း ကျနော်တို့ အလွတ်သလောလောလောဆယ်တော့ သိရတယ်။ သေချာတာမဟုတ်သော်လည်း သိရတယ်ပေါ့လေ။ အဲဒီတော့ နောက်ပိုင်းကျရင် ဒီကျနော်တို့ဘက်က လုပ်တဲ့ဟာတွေ အရှိန်ရလာတာနဲ့အမျှ ဒီဘက်ကမ်းကို ကျနော်တို့ဘက်က လက်ခံမှုတွေ စပြီးတော့ လုပ်နိုင်ပြီဆိုတဲ့ အချိန်ကျရင် လိုအပ်တာတွေကိုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လာဖို့တော့ ကျနော်တို့မျှော်လင့်ပါတယ်။ လာလည်းလာမှာပါ။ ဒါကတော့ ကုလသမဂ္ဂနဲ့လည်း ထိတွေ့ဆောင်ရွက်မှုတွေရှိပါတယ်။ အဲဒီတော့ ဒီဟာတွေကတော့ ဖြစ်လာမယ့်သဘောရှိပါတယ်။ လောလောဆယ်အခြေအနေမှာတော့ မြေပြင်အခြေအနေအရ လောလောဆယ် လိုအပ်ချက်လို့ မြင်နေတဲ့အခါကျတော့ အဲဒီဘက်ကိုပဲ သွားဖို့တော့ရှိမှာပေါ့။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ပါ သံအမတ်ကြီးအခုတော့ လုံခြုံရေးကောင်စီ မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ဒီမူကြမ်းထဲမှာပါတဲ့အချက်တွေကို စဉ်းစားဖို့ရောရှိပါသလား။ ဒီဟာကို ဆုံးဖြတ်ချက် မကျရေးတခုတည်းကိုပဲ ဦးတည်ထားပါသလား။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ကတော့ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်ချစရာမလိုဘူးလို့ ကျနေ်ာတို့ကတော့ ရပ်တည်ထားတာပါပဲ။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG