ရန်လိုမုန်းတီးမှုတွေကြောင့် အကြမ်းဖက်မှုဖြစ်ရဟု ကုလ ကိုယ်စားလှယ်ပြောဆို

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်တွင်းက အခြေအနေဟာ အကြီးအကျယ် ဆိုးရွားနေခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ က ကုလသမဂ္ဂ ကော်မတီတခုကို ဗုဒ္ဓဟူးနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာမူစလင် ၆ သိန်းလောက် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံထဲထွက်ပြေးခဲ့ရသလို၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ ဘယ်လို ခေါ်ဝေါ်သုံးနှုန်းမလဲ ဆိုတာ စဉ်းစားသုံးသပ်နေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ သံတမန်ရေးရာသတင်းထောက် Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေတဲ့ လူတွေပြည့်သိပ်နေပြီးသား ဒုက္ခသည်စခန်းတွေရှိရာကို ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ အလုံးအရင်း ထပ်မံ ရောက်လာတာကြောင့် ဒီအခြေအနေကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေတာပါ။ ရက်စက် ကြမ်းကြုတ်မှုတွေ ဖြစ်အောင် ကြောက်စရာကောင်းပြီး သိက္ခာကင်းမဲ့တဲ့ ပြောဆိုမှုတွေ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောပါတယ်။

“စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ပတ်သက်လာရင် စာနာမှု ဆိုတာမပြောနဲ့၊ နားလည်မှု ဆိုတာတောင် မရသလောက်ပါပဲ။ မြန်မာလူမျိုးတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေဟာ ဌာနေလူမျိုးတွေ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ဘယ်လို အခွင့်အရေးပဲ တောင်းတောင်း ရပိုင်ခွင့်မရှိဘူးဆိုတဲ့ အတွေးတွေက ဆယ်စုနှစ်တွေနဲ့ချီ ကိန်းအောင်းနေတာပါ။”

လူမှုကွန်ရက်တွေကိုသုံးပြီး ရိုဟင်ဂျာတွေအပေါ် ရန်လိုမုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်အောင် ပြောဆိုရေးသားနေကြတယ်လို့ လည်း အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောသွားပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ သုံးသပ် ပြောဆိုမှုတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုစွမ်း ကတော့ ငြင်းပါတယ်။

“ဆယ်စုနှစ်တွေနဲ့ချီပြီး ဖွံ့ဖြိုးမှုမရှိ၊ ကမ္ဘာကြီးနဲ့ကင်းကွာနေတဲ့ ပြည်တွင်းပဋိပက္ခ အမွေဆိုးကို ကိုင်တွယ်ရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အစီရင်ခံစာထဲမှာ ထင်ဟပ်စေချင်ပါတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အားထုတ် ကြိုးပမ်းမှုတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်စေနိုင်တဲ့ အကြံပြုချက် တချို့ကို စိတ်ပျက်မိပါတယ်။”

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က Joanne Lin ကတော့ - ရိုဟင်ဂျာ မူစလင် ၆ သိန်းနီးပါး ထွက်ပြေးရတဲ့ အခြေအနေဟာ လူမျိုးတုံး ရှင်းလင်းသုတ်သင်ရာ ရောက်တယ်လို့ သူတို့အဖွဲ့က ယူဆထားပြီး ပြဿနာရဲ့ ပမာဏကို ပေါ်လွင်စေတယ်လို့ ဗွီအိုအေကို စကိုက်ကနေတဆင့် ပြောပါတယ်။

“ထွက်ပြေးနေရတဲ့ သူတွေဟာ ဝါရှင်တန်မြို့တော်က လူဦးရေလောက် ရှိပါတယ်။ ကလေးငယ်တွေ၊ အမျိုးသမီး၊ အမျိုးသား အရပ်သား အားလုံး အသက်လု ထွက်ပြေးနေကြရတာပါ။”

အမေရိကန်လွှတ်တော်အမတ် တချို့ကလည်း မြန်မာနိုင်ငံတွင်းက လုပ်ရပ်တွေဟာ လူမျိုးတုံး သုတ်သင်ရှင်းလင်းရာ ရောက်နေတယ်လို့ ဆိုပြီး ဒီလိုသုံးနှုန်းဖို့ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ အစိုးရ အကြီးတန်းအရာရှိတဦးကတော့ ဒီအသုံးအနှုန်းကို သုံးဖို့ အဆင်သင့်မဖြစ်သေးတဲ့အကြောင်း ပြောပါတယ်။

“ကျနော် ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ခေါ်ဝေါ်သုံးနှုန်းမှုနဲ့ပတ်သက်လို့ ကျနော်တို့ ရှောင်နေတာမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဆုံးဖြတ်သတ်မှတ်ဖို့အတွက် အချက်အလက်နဲ့ မူဝါဒ ဆန်းစစ်မှုတွေကို အသေအချာ ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrik Murphy ပြောသွားတာပါ။ မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် ဗီဇာကင်းလွတ်ခွင့် ဆိုင်းငံ့တာ အပါအဝင် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ဆောင်ရွက်နေတဲ့အကြောင်း လည်း မစ္စတာ မာဖီက ပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

ရန်လိုမုန်းတီးမှုတွေကြောင့် အကြမ်းဖက်မှုဖြစ်ရဟု ကုလ ကိုယ်စားလှယ်ပြောဆို