နျူကလီးယားစက်ရုံ မီးလောင်မှု ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ 

Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံက မီးခိုးတွေထွက်နေပုံကို ယူကရိန်းဘက်ကထုတ်ပြန်ခဲ့သည့်မှတ်တမ်းဗီဒီယိုမှာ မြင်ရစဉ် (ဩဂုတ် ၁၁၊ ၂၀၂၄)

ယူကရိန်းတောင်ပိုင်းက ရုရှားသိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံ တနင်္ဂနွေညက မီးလောင်မှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်း တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ဥရောပရဲ့ အကြီးဆုံး ဒီ နျူကလီးယားဓာတ်အားပေးစက်ရုံမှာ မီးလောင်မှုဖြစ်ပွါးခဲ့ပေမဲ့ ဓါတ်ရောင်ခြည် မြင့်မားတဲ့ လက္ခဏာတော့ မရှိဖူးလို့နှစ်ဘက်လုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကကျွမ်းကျင်သူတွေကတော့ နျူကလီးယား ဓာတ်ပေါင်းဖို ခြောက်လုံးတပ်ဆင်ထားတဲ့ စက်ရုံတည်ရှိရာ နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စက်ရုံရဲ့ မြောက်ပိုင်း ဧရိယာတဝိုက် မီးခိုးလုံးကြီးတွေ တက်လာတာကို တွေ့မြင်ရတယ်လို့ ပြောပါတယ်။ တနင်္ဂနွေနေ့ ညသန်းခေါင်မတိုင်မီပဲ မီးငြိမ်းသွားတယ်လို့ ရုရှားနိုင်ငံပိုင် TASS နဲ့ RIA သတင်းတွေက Rosatom နျူကလီးယားစွမ်းအင်ကုမ္ပဏီထုတ်ပြန်ချက်ကို ကိုးကားဖော်ပြပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေ ရုရှားပိုင်နက်ထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက်သတ္တပတ်မပြည့်ခင်မှာပဲ အခုလို နျူကလီးယားဓာတ်အားပေးစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ ယူကရိန်းရဲ့ နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom ကတော့ အအေးခံတာဝါတိုင်တခုနဲ့ တခြား ပစ္စည်းတွေပျက်စီးသွားကြောင်း Telegram မှာရေးထားပါတယ်။ ဒီအအေးခံတာဝါတိုင်ဟာ အသုံးမပြုတော့တဲ့ နေရာဖြစ်တယ်လို့တော့ ရုရှား TASS သတင်းမှာ တုံ့ပြန်ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

နျူကလီးယားစက်ရုံ မီးလောင်မှု ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ