ယူကရိန်းလုပ် ပထမဆုံး တာဝေးပစ် ဒရုန်း-မစ်ဇိုင်း မိုင် (၄၀၀) ကျော်ပစ်ခတ်နိုင်

တာဝေးပစ် "Peklo" မစ်ဇိုင်း ဒရုန်းသစ်ထုတ်လုပ်ရာစက်ရုံမှာ တွေ့ရတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဒီဇင်ဘာ ၆၊ ၂၀၂၄)

ယူကရိန်းစက်ရုံတခုမှာ ထုတ်လုပ်တဲ့ တာဝေးပစ် "Peklo" မစ်ဇိုင်း ဒရုန်းသစ်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က သောကြာနေ့က မိတ်ဆက်လိုက်ပါတယ်။ ပထမဆုံး အသုတ်အနေနဲ့ ထုတ်လုပ်တဲ့ ဒီမစ်ဇိုင်းဒရုန်းတွေကို ယူကရိန်းတပ်ဖွဲ့တွေရှိရာ ဖြန့်ဝေ ပေးခဲ့ပြီးကြောင်းလည်း သမ္မတက ပြောပါတယ်။

သမ္မတ ရုံးကထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာတော့ ဒေသနေရာ မပြောထားတဲ့ စက်ရုံတခုမှာ သမ္မတ Zelenskyy နဲ့အတူ ယူကရိန်း ကြည်းတပ် အကြီးအကဲ အိုလက်ဆန်းဒါး ဆီယာစကီး Oleksandr Syrskyi နဲ့ တခြား အစိုးရ တာဝန်ရှိသူတွေ စက်ရုံထဲမှာ လိုက်လံ စစ်ဆေး ကြည့်ရှုနေတာကို တွေ့ရပါတယ်။ ဒုံးကျည်နဲ့ ဒရုန်း နှစ်မျိုးသုံးရတဲ့ လက်နက် Peklo ဆိုတဲ့ နာမည်က ယူကရိန်း ဘာသာစကားနဲ့ ငရဲ လို့ အဓိပ္ပါယ် ရပြီး တနာရီကို မိုင် ၄၃၀ ကျော် နှုန်းနဲ့ မိုင် ၄၃၀ ကျော် အဝေးထိရောက်အောင် သွားနိုင်တဲ့အကြောင်းလည်း သမ္မတ Zelenskyy က သူ့ရဲ့ X လူမှုကွန်ရက်ကတဆင့် ပြောခဲ့ပါတယ်။ တိုက်ပွဲအတွင်း ထိရောက်မှုရှိတာကို သက်သေ ပြထားပြီး ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒီဒရုန်း လက်နက်တွေဟာ ကုန်ကျစရိတ် သက်သာပြီး သူ့ရဲ့စွမ်းအား ကတော့ ရုရှားနိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်တွေ လောက်အထိကို အစွမ်းထက်တယ်လို့ ယူကရိန်းအရာရှိတွေကလည်း ပြောပါတယ်။ ဒီလို ခေတ်မီတဲ့ ယူကရိန်းကိုယ်ပိုင်ထုတ် လက်နက်တွေ ရှိဖို့ အင်မတန် အရေးကြီးသလို၊ ဒီလက်နက်တွေကို ပမာဏများများနဲ့ ထုတ်လုပ် အသုံးပြုတာတွေ ဆက်လုပ်သွားမယ်လို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။

နိုင်ငံတကာ မဟာမိတ်တွေရဲ့ ကူညီ ထောက်ပံ့မှုတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်း တာဝေးပစ် ဒရုန်းလက်နက် ၃ သောင်းကျော် တပ်ဆင်ပေးသွားဖို့ ပြင်ဆင်နေတဲ့အကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပြီး နောက်တရက်မှာ အခုမစ်ဇိုင်း ဒရုန်းသစ်ကို သမ္မတက မိတ်ဆက် ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ သူ့ဟာသူ အလိုအလောက် ထိန်းချုပ်နိုင်တဲ့ ဒီဒရုန်းလက်နက်ဟာ ရန်သူ့ ပစ်မှတ်တွေကို ပိုပြီး တိတိကျကျ ချိန်ရွယ် တိုက်ခိုက်နိုင်တယ်လို့လည်း ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းလုပ် ပထမဆုံး တာဝေးပစ် ဒရုန်း-မစ်ဇိုင်း မိုင် (၄၀၀) ကျော်ပစ်ခတ်နိုင်