သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အလားအလာ အကဲခတ်တွေအမြင် 


Myanmar Elections
Myanmar Elections

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ထပ်မံသုံးသပ်မယ့်အကြောင်း စစ်ကောင်စီအကြီးအကဲကပြောလိုက်တာကြောင့် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေအပေါ် မေးခွန်းတွေလည်း ထပ်မံထွက်ပေါ်လာနေပါတယ်။ မဲစာရင်းတွေမှန်ကန်ဖို့နဲ့ မဲဆန္ဒရှင်တွေ ခြိမ်းခြောက်ဖိအားပေးတာမခံရဘဲ မဲပေးနိုင်ဖို့ ကြိုးပမ်းနေတဲ့အပေါ်မူတည်ပြီး ရွေးကောက်ပွဲကို ထပ်သုံးသပ်သွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်း အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို မိန့်ခွန်းပြောရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထည့်ပြောသွားခဲ့တာပါ။ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲ အလားအလာအပေါ် နိုင်ငံရေး သုံးသပ်သူတွေအမြင်ကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

ဒီမိန့်ခွန်းရဲ့အဓိကအချက်အပေါ် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

“စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ ၂၀၂၃ ထဲမှာ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဖို့လိုအပ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်လို့ ကျနော်တို့နားလည်ပါတယ်။ ဒါပေမဲ့လို့ အဲဒီရွေးကောက်ပွဲဟာ သူ့ဘက်က တဖက်သတ် ဘယ်လောက်ပဲ စီစဉ်ချင်အုံးတော့ တကယ်တန်းတိုင်းပြည်အခြေအနေက သူဖြစ်ချင်သလို ဖြစ်ခွင့်ပေးမနေဘူးဆိုတာ နားလည်ပါတယ်ဗျ။

ဗိုလ်ချုပ်မှူးကြီးရဲ့မိန့်ခွန်းအပေါ်မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကလည်း အခုလို ပြောပါတယ်။

“ ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ သူပြောသွားတဲ့ဥစ္စာက ချုပ်လိုက်လို့ရှိရင်တော့ နိုင်ငံသားတိုင်းပေါ့ ဖိအားတွေ၊ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေမရှိဘဲနဲ့ လွတ်လွတ်လပ်လပ် မိမိစိတ်ကြိုက် ရွေးချယ်ပြီးတော့ မဲပေးနိုင်ခွင့် ရှိရမယ်ဆိုတဲ့ဟာ တချက်။ နောက်တခုက မဲစာရင်းတွေ တိကျမှန်ကန်ရေးပြောတယ်။ ဒါကြောင့်မို့ တကယ်လို့ ဒီအခြေအနေတွေကို ဖန်တီး ပေးနိုင်၊ မပေးနိုင်ဆိုတာအပေါ်မှာတည်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပဖို့ကိစ္စကို ဆက်လက်ပြီးတော့ သုံးသပ်လုပ်ဆောင်သွားမယ်လို့ - အဲလို နိဂုံးချုပ်ပြောသွားတာ သတိထားလိုက်မိတယ်။ ဒါကြောင့်မို့လို့ သူခိုင်းထားတဲ့၊ သူပြောပြထားတဲ့အခြေအနေတွေ စိတ်ကျေနပ်လောက်အောင် ဖြစ်ပေါ်မလာဘူးဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကို ရွှေ့သင့်ရင်ရွှေ့ရလိမ့်မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်။

အဲဒီတော့ ဘာကြောင့် အခုလို စစ်ကောင်စီခေါင်းဆောင်ပြောတာနဲ့ ဖြစ်လာနိုင်ခြေအပေါ် AFP ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို ပြောပါတယ်။

“လိုရင်းကတော့ သူတို့ယူထားတဲ့ လက်ရှိအနေအထားကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခုနဲ့ အပ်မယ်ဆိုတဲ့သဘောပါပဲ။ အဲဒီအနေအထားကို လွတ်လပ်ရေးနေ့ သူ့ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းမှာပါတဲ့ဥစ္စာနဲ့ ချိတ်ဆက်လို့ရှိရင် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ပိုပြီးတော့ အာရုံစူးစိုက်တဲ့ပုံပေါက်ပါတယ်။ အဲဒီလိုမျိုး နိုင်ငံအနှံ့မှာ လွတ်လွတ်လပ်လပ် လူထုအပေါ်မှာ မည်သည့်သြဇာသက်ရောက်မှုမှမရှိဘဲနဲ့ ကျင်းပနိုင်တဲ့အခင်းအကျင်းဖြစ်လိုတယ်ဆိုလို့ရှိရင် အမျိုးသားကာကွယ်ရေးအရ လုံခြုံရေးကောင်စီကို ခေါ်တာပေါ့.....ကာလုံ...။ သူ့ဘက်က သူ့ကို- ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းထားတာဟာ ဒုတိယခြောက်လပတ်ရဲ့ နောက်ဆုံးအချိန်ကိုရောက်ပြီ။ အဲဒီတော့ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၃ မှာ လက်ရှိ နိုင်ငံလုံးခြုံပြီးမှ လွတ်လပ်ပြီး တရားမျှတတဲ့အခင်းအကျင်း ရှိပြီလား၊ မရှိသေးဘူးလား။ အဲဒီလို သူ့ရဲ့တင်ပြတဲ့အစီရင်ခံစာအပေါ်မှာကြည့်ပြီးမှ ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းကြရမှာဖြစ်ပါတယ်။”

ဒီအပေါ် SNLD ရဲ့ပြောခွင့်ရလည်းဖြစ်တဲ့ဦးစိုင်းလိတ်ကလည်း အခုလို ပြောပါတယ်။

“သာမန်အခြေအနေအရဆိုရင်တော့ သူက သြဂုတ်လထဲမှာ ရွေးကောက်ပွဲ ကျင်းပရမှာပေါ့နော်။ သာမန်အချိန်မဟုတ်ဘူးဆိုရင်တော့ ၆ လတကြိမ်၊ ၆ လတကြိမ် - နှစ်ကြိမ်တိုးပြီးလို့ရှိရင် ဆက်ပြီး တိုးကောင်းတိုးလို့ရမှာပေ့ါနော်။ ဒါကတော့ ဖွဲ့စည်းပုံအရလည်းပဲ စကားကထပ်ပြောရအုံးမှာ။ ဒါပေမဲ့ အဲဒီထက်အရေးကြီးတာက အခုအခြေအနေအထိ ၂၀၂၃ နှစ်ကုန်တဲ့အထိကို တဘက်သတ်စစ်ရပ်ထားတယ်ဆိုပေမဲ့လို့ တိုက်ပွဲဆက်ဖြစ်နေတယ်။ မနေ့တနေ့ကမှပဲ ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်နေတာတွေ ရှိတယ်။ နောက် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးမှာ- အစရှိတဲ့ဒေသတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခကြုံနေရတာကို ဘယ်လိုပြန်ကုစားမလဲ။ နောက် နိုင်ငံတကာရဲ့ဖိအားပေးမှုတွေလည်းရှိနေတယ်။

ဒီရွေးကောက်ပွဲ ရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ် ဒေါက်တာအေးမောင်ကလည်း အခုလို ထောက်ပြပါတယ်။

“တကယ်လို့များ သူ့ရဲ့တင်ပြချက်၊ သမ္မတကြီးဦးမြင့်ဆွေဦးဆောင်တဲ့ကာလုံကို တင်ပြတဲ့အစီရင်ခံစာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီးကို နိုင်ငံအနှံ့ကျင်းပနိုင်ဖွယ်မရှိသေးဘူး၊ အချို့တိုင်းကြီးတွေမှာ ဒီလိုပဲ အကြမ်းဖက်မှုတွေရှိနေတယ်။ လူထုရဲ့စိုးရိမ်စိတ်ကမြင့်နေတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့အစီရင်ခံစာမှာ အဆင့် ဘယ်နှစ်ဆင့်ထားပြီးမှ ရွေးကောက် ပွဲကိုကျင်းပဖို့သင့်တယ်ဆိုတာမျိုးများ ပါမလား...ပေါ့။ သို့မဟုတ် တနိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်ကျင်းပနိုင်မယ့် တောရောမြို့ပါလို့ ပြောမှာလား။ သို့မဟုတ် လုံခြုံမှုရှိတဲ့ မြို့ပေါ်မှာ၊ တချို့ဒေသတွေမှာ ဒေသအနှံ့ စသဖြင့်များ အဆင့်ဆင့်ခွဲပြီးကာမှ တင်ပြပေးမလားဆိုတဲ့ သူ့ရဲ့အစီရင်ခံစာနဲ့ လာမယ့်အခင်းအကျင်းက ဆိုင်ပါလိမ့်မယ်။

တချိန်တည်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်တာကနေ တချို့မျှော်လင့်ထားတဲ့ထွက်ပေါက်မရဘဲ လက်ရှိပဋိပက္ခတွေ ရှေ့ဆက်ပိုတိုးလာနိုင်ခြေကိုလည်း သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]














XS
SM
MD
LG