[[Zawgyi/Unicode]]
တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာ အမေရိကန်မူဝါဒတွေကို အစောဆုံး ရှေ့လထဲ ပြန်လည်သုံးသပ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အမေရိကန် အောက်လွှတ်တော်မှာလည်း အင်္ဂါနေ့ကပဲ တရုတ်ရေးရာ အထူးကော်မတီတရပ်ဖွဲ့စည်းရေး ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၆၅ - ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုလိုက်တာပါ။
ရီပတ်ဘလစ်ကန်အမတ် Mike Gallagher ကို အဲဒီ တရုတ်ရေးရာကော်မတီရဲ့ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌသစ် Kevin McCarthy က တာဝန်ပေးခဲ့ပြီး ပါတီကြီး နှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေနဲ့ ဒီကော်မတီကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်အမတ် အတော်များများ ဒီကိစ္စမှာ စိတ်ဝင်စား တက်ကြွမှုရှိကြသလို အကောင်းမြင်စိတ်ရှိကြကြောင်းလည်း Gallagher က VOA တရုတ်ဌာနနဲ့ မေးမြန်းရာမှာ ပြောပါတယ်။ ဒီ တရုတ်ရေးရာအထူးကော်မတီကို အတွေ့အကြုံရင့်ကျက်တဲ့ သင့်လျော်သူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့လည်း သူကဆိုပါတယ်။
ဒီကော်မတီရဲ့ပထမဆုံး ကြားနာပွဲကို ဖေဖေါ်ဝါရီလလယ်လောက်မှာ ကျင်းပသွားမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ဒီမိုကရက်ပါတီအမတ်တွေဘက်ကလည်း စိတ်အားထက်သန်မှု ရှိကြောင်းလည်း Gallagher က ပြောပါတယ်။
အမေရိကန်ဟာ တရုတ်ကို ကမ္ဘာ့အသိုင်းဝိုင်းစနစ်မှာပါဝင်စေမယ့်မူဝါဒကို ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကျင့်သုံးနေတာဖြစ်ကြောင်း မဲမခွဲခင်ကလည်း လွှတ်တော်ဥက္ကဋ္ဌ McCarthy က ပြောပါတယ်။
သမ္မတအိမ်ဖြူတော်ကလည်း သူတို့အစိုးရအဖွဲ့အတွက် ဒီကိစ္စဟာ ဦးစားပေးတရပ်ဖြစ် တာကြောင့် ဒီကော်မတီမှာပါတဲ့ ဒီမိုကရက်တွေရော၊ ရီပတ်ဘလစ်ကင်တွေနဲ့ပါ လက်တွဲလုပ်မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ သမ္မတဘိုင်ဒန်လက်ထက်မှာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း တခါမှ မရဘူးသေးတဲ့ လွတ်လပ်ပွင့်လင်းမှုတွေ ရရှိစေဖို့ တရုတ်နိုင်ငံကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Karine Jean - Pierre ကပြောပါတယ်။
=========================