သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို ပုတ်ခတ်ဖို့ ရုရှားနည်းကို တရုတ်ကျင့်သုံး


(Zawgyi/Unicode)
တရုတ်ဟာ ရုရှားရဲ့ လုပ်နည်းလုပ်ဟန်တွေကို အတုယူပြီး အမေရိကန်ရဲ့ ချို့ယွင်းချက်တွေကို ဖော်ထုတ် ထင်ဟပ်ပြနိုင်အောင်ကြိုစားနေသလို လက်ရှိ အနောက်နိုင်ငံတွေမှာ အခြေအတင် ဖြစ်နေတဲ့ လူမျိုးရေး၊ နိုင်ငံရေး သဘောထား ကွဲပြားမှုတွေကို အသုံးချနေကြောင်း သတင်းတု သတင်းမှားများဆိုင်ရာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

တရုတ်နိုင်ငံတွင်းက တသန်းကျော်သော Uyghur မွတ်ဆလင်တွေကို ထိန်းသိမ်းထားတာ အပါအဝင် တရုတ် အစိုးရရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် အာရုံစိုက်မှု လျော့သွားစေရေး ကြိုးပမ်းမှု အနေနဲ့ အမေရိကန်နဲ့ အနောက် ဥရောပက လူမျိုးရေး မတရားမှုတွေ၊ ဝင်ငွေ မညီမျှမှုတွေ အပေါ် တရုတ် ဝါဒဖြန့်သူတွေ အာရုံစိုက် ဆောင်ရွက် လာတာဟာဆိုရင် ရုရှား အစိုးရ၊ ရုရှား နိုင်ငံပိုင် မီဒီယာနဲ့ အများစု ဆင်တူနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဟောင်ကောင်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ရဲ့ နှိပ်ကွက်မှုတွေ အပေါ် ဝေဖန်မှုတွေကို အာဖရိကန် အမေရိကန် တွေ အပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုနောက်ပိုင်း ဖြစ်လာတဲ့ အမေရိကန်ရဲ့ လူမှုရေး မတည်ငြိမ်မှုတွေနဲ့ တန်ပြန် ဝေဖန်ခဲ့ကြောင်း အမေရိကန် အခြေစိုက် ပညာရှင် အဖွဲ့ တခု ဖြစ်တဲ့ Atlantic Council ရဲ့ လတ်တလော လေ့လာချက်မှာ ဖော်ပြပါတယ်။ တရုတ်ရဲ့ သတင်းတု သတင်းမှား ဖြန့်ဝေရေး နည်းဗျူဟာတွေဟာ ပိုပြီး ဆန်းပြား နက်နဲလာကြောင်း Freedom House အဖွဲ့ကြီးရဲ့ တရုတ်နဲ့ ဟောင်ကောင်ဆိုင်ရာ သုတေသန ရေးရာ ညွှန်ကြားရေးမှူး Sarah Cook ကလည်း ပြောပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ တရုတ်တွေ ရေးကြ ၊ ပြောကြတာတွေဟာဆိုရင် အမေရိကန် ပြည်ထောင်စု အတွင်းက လူမျိုးရေး ကိစ္စတွေကို တရုတ် အစိုးရဘက်က ပိုပြီး အာရုံစိုက်လာနေတာကို ထင်ဟပ်နေပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်း လူနည်းစုတွေ အပေါ် အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြုမူ ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လအတွင်း ထုတ်တဲ့ တရုတ်ရဲ့ အစီရင်ခံစာထဲမှာ လူမျိုးရေး ခွဲခြားမှုဟာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆက်ပြီး ရှိနေတယ်လို့ ရည်ညွှန်းထားပါတယ်။

တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်ပ ကမ္ဘာက ဝေဖန်လာရင် တရုတ်ရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်ဘက်က နှစ်ပေါင်းများစွာ တုံ့ပြန်လာတာပါ။ အခု အချိန်မှာတော့ အနောက်နိုင်ငံတွေကို တန်ပြန်နိုင်အောင် ကြိုးစားလာပြီး ပိုပြီး ထိပ်တိုက်တွေ့လာတဲ့ တရုတ်ရဲ့ မဟာဗျူဟာက ရုရှားအစိုးရရဲ့ လုပ်နည်းလုပ်ဟန်ကို ပုံတူကူး ဆောင်ရွက်လာတာလို့ သုံးသပ်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)





XS
SM
MD
LG