သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအတွင်း ရွေးကောက်ပွဲ မဲစာရင်းကောက်ယူမှု အခြေအနေ


ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)
ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် (ဓာတ်ပုံ-ရွေးကောက်ပွဲကော်မရှင်)

[[Zawgyi/Unicode]]

ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ မဲစာရင်းအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ယူနေတာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်း ရေစကြိုမှာလည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ခဲ့ပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

လာမယ့် သြဂုတ်လမှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မြို့ကြီးတချို့မှာ မဲစာရင်းကောက်ယူနေပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့မှာတော့ လူဦးရေ သန်းခေါင်စာရင်းကောက်ယူနေတဲ့အဖွဲ့ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဇူလိုင် ၁၃ ရက် သောကြာနေ့မှာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလို တိုက်ခိုက်တာကြောင့် စာရင်းကောက်ယူနေသူတွေကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရဲတဦး သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

“ဒီနေ့ဈေးဟောင်းရပ်ကွက် သူတို့စာရင်းယူတဲ့အချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပစ်တယ်လို့ ကျနော် ကြားသိရတယ်။ အဲ့ပစ်တဲ့နေရာနားမှာ အဆောက်အအုံတခုရယ် ပြီးရင်ဆိုင်ကယ်တွေ ပျက်စီးတာလည်းရှိတယ်။ ရဲတပ်ဖွဲ့ထဲက တယောက် ကျဆုံးတယ်လို့ ကြားသိရတယ်။”

ဟားခါးမြို့ လူဦးရေသန်းခေါင်စာရင်း ကောက်ယူလို့ ၃ ရက်မြောက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အခုလို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလို သန်းခေါင်စာရင်း မကောက်ယူခင် ဇန်နဝါရီ ၉ ရက်နေ့မှာ ဟားခါး CDF က ရွေးကောက်ပွဲကိုကန့်ကွက်ပြီး ကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူ၊ မဲပေးသူတွေကိုလည်း အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါက ချင်းပြည်နယ်က အခြေအနေပါ။ မကွေးတိုင်း ရေစကြိုမြို့ပေါ်မှာဆိုရင်လည်း သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ရုံးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ရေစကြို ပကဖ တာဝန်ခံ ရဲဘော်ဝေကြီးက အခုလိုပြောပြပါတယ်။

“လဝကရုံးနဲ့ပတ်သက်ရင် မှတ်ပုံတင်လုပ်တဲ့ပြည်သူတွေအပေါ်မှာ မတရား ပိုက်ဆံတွေ တောင်းနေတဲ့ကိစ္စတွေ၊ စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကိုပေါ့နော် လုပ်ဖို့ လူဦးရေစာရင်းတွေ ပြင်ဆင်မယ့်ကိစ္စတွေရှိတယ်။ အဲ့တော့ ကျနော်တို့ လဝက ရုံးထဲကိုဝင်တယ်။ ဝင်ပြီးတော့ ဒီအတိုင်းထားလို့ အဆင်မပြေတဲ့အခါကျတော့ မီးရှို့ဖျက်ဆီးခဲ့တယ်ပေါ့။ လဝက စာရင်းတွေကို အခြေခံပြီးတော့ ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် တနည်းတဖုံနဲ့ လိမ်ညာလှည့်ဖျားပြီး လုပ်ဆောင်မယ့် အခြေအနေကို မြင်လို့ ကျနော်တို့က အခုစပြီး အရေးယူလိုက်တာ။”

စစ်ကောင်စီဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ လူဦးရေ သန်းခေါင်စာရင်းတွေကို ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးအချို့ နေရာတွေမှာသာ ကောက်ယူနေနိုင်ပြီး လက်နက်ကိုင် အားကောင်းနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ရဲ့ နေရာတော်တော်များများမှာ လူဦးရေစာရင်း ကောက်ယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရွေးကောက်ပွဲကို ငြင်းဆန်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်လာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==========================

[[Unicode]]










XS
SM
MD
LG