သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် သာသနာရေး ဝန်ကြီး သတိပေး


ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ
အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို
ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်းတစုံတရာသော ပြဿနာအရှုပ်အရှင်းရှိလာမယ်ဆို ရင် ကျူးလွန်တဲ့အတိုင်း တည်ဆဲဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ မည်သည့်ရဟန်းမဆို အမုန်း စကား ဒါမှမဟုတ် တည်ငြိမ်အေးချမ်းရေးကို ထိပါးတဲ့ပြောဆိုဟောပြောမှုရှိခဲ့ရင် တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့လည်းပြောဆိုလိုက်တာပါ။ ဒီသတင်းကို ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို သွားရောက် သတင်းယူခဲ့တဲ့ မေခကပေးပို့ထားပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေး ကုန်း မြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို ၂ရက်တာကျင်းပတာမှာ မဘသအဖွဲ့ နဲ့ပတ်သတ်ပြီး အစည်းအဝေးပထမနေ့မှာ ကြားဖြတ်အစီအစဉ် အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက (မဟန)က မဘသအဖွဲ့အပေါ်ထုတ်ပြန်ထားတဲ့ အချက်ကိုဘဲ ဆွေးနွေးသဘောတူခဲ့တယ်လို့ ပြောကြပါတယ်။ ဘယ်အပိုင်း ဘယ်လိုဆွေးနွေးခဲ့လဲ ဆိုတာကိုတော့ အတိအကျပြော ဆိုခြင်းမရှိပါဘူး။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး - မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြား လွှာတွေ နဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်တဲ့အကြောင်းနဲ့ ဂိုဏ်းပေါင်း စုံသံဃာ့ ညီလာခံ ကနေ ပေါက်ဖွား လာတဲ့အဖွဲ့ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် ဘယ်ဂိုဏ်းပေါင်းစုံ အစည်း အဝေးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုတာ၊ သန္ဓေတည် ပေါက်ပွားစေ တာ မရှိတဲ့အပြင် မဘသ ဆိုတဲ့အသုံး အနှုန်းကိုတောင် ခေါ်ဝေါ်သုံးစွဲခဲ့တာ မရှိခဲ့တဲ့ အကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကကြေညာထားပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကတော့ မဘသအဖွဲ့အနေနဲ့ ဘာသာရေး အခြေခံပြီး လူမှုရေးအဖြစ်ရပ်တည်မယ်ဆိုရင် တပါးသူ၊ အခြားသောဘာသာ၊ အခြားလူ ပုဂ္ဂိုလ်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအနေနဲ့ လက်ကမ်း ကြိုဆိုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမူတွေ၊ သွေးကွဲစေအောင် ဝါဒဖြန့်ချီမှုတွေ လုပ်ဆောင် လာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် တားဆီး ထိန်းသိမ်းသွားမှာဖြစ်ပြီး လိုအပ်ရင် တည်ဆဲ ဥပဒေတွေအတိုင်း အရေးယူမယ်လို့ လည်းပြောဆိုလိုက်ပါတယ်။

(မဘသ) အနေနဲ့ သံဃာအဖွဲ့အစည်း မဟုတ်တာကြောင့် နောက်ပိုင်း တစုံတရာသော ပြဿနာ အရှုပ်အရှင်းရှိလာမယ်၊ အမုန်းစကားတွေဖြန့်ဝေမယ်ဆိုရင် ကျူးလွန်တဲ့ အတိုင်း တည်ဆဲဥပဒေပုဒ်မ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်ကပြောဆိုလိုက်ပါတယ်။

" ကျနော်တို့ဆီကို တရားဝင်ထုတ်ပြန်ပြီးတော့ တင်ပြပြီးတော့ တရားဝင်ခွင့်ပြုချက် ရယူထားတဲ့ဟာလည်း မဟုတ်ဘူး။ အဲ့တာအပြင် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းများနဲ့လည်း မကိုက်ညီဘူး။ ကျနော်တို့အနေနဲ့ကတော့ မဘသအဖွဲ့ဟာ ကျနော်တို့ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း မရှိပါဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ ကျန်ကိစ္စများကတော့ လက်ရှိတည်ဆဲဥပဒေအရပဲ ဖြစ်ပါတယ်။"

ဒီပြင် ဝန်ကြီးသူရဦးအောင်ကိုကလည်း လက်ရှိတရားဥပဒေ စိုးမိုးမှု အားနည်းနေသေးတာကြောင့်သာ အမှုတွေပေါ်ပေါက်မှု အားနည်းနေ တာဖြစ်ကြောင်း၊ တကယ်လို့ တရားဥပဒေစိုးမိုးလာခဲ့ရင် ဘယ်ပုဂ္ဂိုလ်မဆို ဥပဒေနဲ့မညီခဲ့တာတွေ ရှိရင် ဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

" ကနေ့ ဒီကနေ့ပေါ့လေ တရားဥပဒေစိုးမိုးမှုက အားနည်းနေတော့ တရားဥပဒေအားကောင်းအောင် တည်ဆောက်နေတဲ့အချိန်ဖြစ်တော့ တချို့ကိစ္စလေးတွေမှာ ဥပေက္ခာတရားရှိပါတယ်။ အဲ့ဒီ့တော့ တရားဥပဒေ အားကောင်းမှု ရှိလာတဲ့အခါမှာ မည်သည့်ပုဂ္ဂိုလ်မဆို အခိုင်အမာ တိုင်ကြားလာမှုတွေ ရှိလာလို့ရှိရင် ပြန်လည်ဖော်ထုတ်အရေးယူလို့ရပါတယ်။ ရာဇဝတ်မှုနဲ့ပတ်သက်လို့ရှိရင် time-barred ဆိုတာ မရှိပါဘူး။ မည်သည့် ရဟန်း သာမဏေ မဆို ခုနကပြောသလို တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အန္တရာယ်ရှိစေတဲ့ ပြောဆိုမှု ဟောပြောမှုများ ပြုလုပ်လို့ရှိရင် တိုင်ကြားလို့ရှိရင် နိုင်ငံတော်သံဃမဟာနာယကက တွေ့ရင် စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပါတယ်။"

မဘသ အဖွဲ့ထဲက အချို့ဟာ အမုန်းစကားဖြန့်တာမျိုး ရှိခဲ့တယ်လို့လည်း သာသာနာရေးဝန်ကြီးက ပြောဆိုပါတယ်။ နိုင်ငံတော်မဟာသံဃနာယက (မဟန) ရှိပြီးသားမို့ မဘသအဖွဲ့ရှိစရာမလိုဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ တဲ့နောက် မဘသအဖွဲ့အစည်းနဲ့ အစိုးရအကြား တင်းမာမှုရှိခဲ့တာပါ။ မဘသ အနေနဲ့ သံဃာ အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ မဟနက ကြေညာခဲ့တဲ့နောက်တော့၊ မဘသ အဖွဲ့အစည်းကို အရပ်ဖက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ကိုင်တွယ်သွားမယ်လို့ အာဏာပိုင်တွေဖက်က ပြောဆိုလာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG