သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီး သတိပေးချက် မဘသ ချေပ


ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို
ဇူလိုင်လ ၁၃ရက်နဲ့ ၁၄ရက် ကျင်းပနေတဲ့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန) ၄၇ပါးစုံညီ အစည်းအဝေး။ သတင်းဓာတ်ပုံ -သာသနာရေးဝန်ကြီး သူရဦးအောင်ကို

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို ရန်လိုသူတွေက ဖြန့်နေတာကြောင့် ပြည်သူတွေ ကြားမှာ မဘသ.ကို အထင်အမြင်လွဲစရာတွေဖြစ်လာတယ်လို့ မသဘအဖွဲ့ ဆရာတော်တပါး က မိန့်ကြားလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ မဘသ အဖွဲ့ ဆက်လက် ရပ်တည်ခွင့် ရှိမှာဖြစ်ပေမယ့် ဒီမိုကရေစီ လမ်းကြောင်းကို နောက်ပြန် သွားတာမျိုး၊ အာဏာရှင်စနစ်ကို အသက်ပြန် သွင်းတာမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက ပြောဆိုလိုက်အပြီး အခုလို တုန့်ပြန် လိုက်တာပဲ ဖြစ်ပါ တယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တလောက စင်္ကာပူနိုင်ငံခရီးစဉ်အတွင်း မဘသ- မရှိသင့်တော့ဘူးဆိုတဲ့ ပြောဆိုမှုထွက်ပေါ်လာပြီး နောက်ပိုင်း မဘသအဖွဲ့နဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃ မဟာနာယက(မဟန)အဖွဲ့က ဇူလိုင် ၁၂ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန် ပြီး မဘသအဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းထားတာမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။

သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းပိုင်ခွင့် ရှိတယ်လို့ ပြဌာန်း ထားတာကြောင့် မသဘ အဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ခွင့် ရှိမှာဖြစ်ပေမယ့် ရှောင်ရန် အချက်တွေနဲ့ပတ်သက်ပြီးလည်း သူက သတိပေး ပြောကြားသွားပါတယ်။

" တည်ဆဲ ၂၀၀၈ အခြေခံဥပဒေမှာ မဘသအဖွဲ့အပါအဝင် ဘာသာရေးနဲ့ဆိုင်တဲ့ အသင်းအဖွဲ့တွေ လူမှုရေးအသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ် ဆိုပြီး ပြဋ္ဌာန်းပါရှိပါတယ်။ အခြေခံဥပဒေပြဋ္ဌာန်းချက်အရတော့ ဘာသာရေးကို အခြေခံတဲ့ လူမှုရေးအဖွဲ့ အဖြစ် ကြေညာ ရပ်တည်ခွင့်ရှိတယ်။ တခုတော့ရှိတာပေါ့။

မဘသအနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွားလိုတယ်။ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစုတဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း မခံဘူးဆိုရင်တော့ လူမှုရေးဘာသာရေးအသင်းအဖွဲ့တဖွဲ့အဖြစ်နဲ့ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။"

အခုလို အထင်မြင်လွဲမှားစရာ အခြေအနေတွေ ပေါ်လာရတာဟာ မဘသပေါ် ရန်လိုသူတွေက ဖြန့်နေတဲ့ သတင်းမှားတွေကြောင့် အထင်မှား စရာတွေဖြစ် လာရတယ် လို့ မသဘ(ဗဟို)ရဲ့ ပြောခွင့်ရဆရာတော် ဒေါက်တာ ဦးတေဇနိယက မိန့်ပါတယ်။

" ဘုန်းဘုန်းတို့ မဘသမှာ မူဝါဒတွေ ချမှတ်ထားပြီးသား။ ဘာသာပေါင်းစုံကြားထဲမှာ တဘာသာနဲ့ တဘာသာ လေးစားလိုက်နာရေး မူဝါဒ ဘုန်းဘုန်းတို့ဆီမှာ ရှိတယ်။ ဘုန်းဘုန်းတို့ အရင်တုန်းကလည်း ဒီအတိုင်းပဲ သွားတာပဲ။ ဒီကြားထဲမှာ ဘုန်းဘုန်းတို့ မဘသအပေါ် ရန်သူတွေက အစီအစဉ်တကျ သတင်းအမှားတွေ သတင်းအတုတွေနဲ့ လုပ်နေတယ်။ မူဝါဒ ဖြန့်နေပါတယ်။ အဓိက ကတော့ မဘသကို မဟုတ်မဟတ် သတင်းတွေ လွှင့်နေတာကြောင့် ဘုန်းဘုန်းတို့ မဘသအဖွဲ့ကို ဒီလိုဖြစ်နေတာဖြစ်ပါတယ်။"

မဘသပေါ် ဘယ်သူတွေက ရန်လိုနေတယ်ဆိုတာကိုတော့ ဆရာတော် ဦးတေဇနိယက ရှင်းမပြခဲ့ပါဘူး။ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယ မင်္ဂလာဓမ္မသဘင်မှာ နှစ်ရက်ကြာ ကျင်းပတဲ့ မဟနအစည်းအဝေးမှာ မဘသ အဖွဲ့အစည်းနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း တရပ် ရေးဆွဲသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ ဘာသာဝင်တွေကြား မလိုလားအပ်တဲ့ ပဋိပက္ခပြဿနာ တွေ မပေါ်ပေါက်စေဖို့ လိုအပ်ရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။

" ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့ တင်ပြချက်အရ အမုန်းစကားဖြန့်ဝေမှု သွေးခွဲမှုတို့ကြောင့်မို့လို့ မလိုလားအပ် တဲ့ နောက်ဆက်တွဲ ပြသနာတွေ ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့ အတွက်ကို တားဆီးရေး ဥပဒေမူကြမ်းတခုရေးဆွဲဖို့အတွက်ကို ဆုံးဖြတ်ကြပါတယ်။ ဘာသာတခုနဲ့တခုကြားမှာလည်းပဲ ပဋိပက္ခဖြစ်စေမယ့်ဟာတွေကို ပြုလုပ်တဲ့ ရဟန်းသာမဏေဖြစ်ဖြစ် လူပုဂ္ဂိုလ်ဖြစ်ဖြစ် လိုအပ်ရင် အရေးယူဖို့ ကိစ္စကိုလည်းပဲ လျောက်ထားခဲ့ပါတယ်။"

ဘာသာရေးဆိုင်ရာ ပဋိပက္ခတားဆီးရေး ဥပဒေကြမ်းကို ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ရေးဆွဲဖို့ သဘောတူခဲ့ကြ ပါတယ်။ တကယ်တော့ မဘသအဖွဲ့ဟာ ကိုယ့်ဘာသာ၊ သာသနာနဲ့ ကိုယ့်လူမျိုးအတွက်သာ လုပ်ဆောင်လိုတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆရာတော် ဦးတေဇနိယက မိန့်ပါတယ်။

" ဦးဇင်းတို့ကတော့ အစကတည်းက မဘသဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက်သီးသန့်ပဲ။ တကယ်က အာဏာလည်း မမက်ဘူး။ ပါတီလည်း မဖက်ဘူး။ တကယ့်ကို ဉာဏဿစရိယ၊ ဗုဒ္ဓဿ စရိယ ဆိုတဲ့ ဗုဒ္ဓလမ်းစဉ်အတိုင်း ကိုယ့်ဘာသာ ၊ ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက်ပဲ လုပ်တာပဲဖြစ်ပါတယ်။"

မဘသအဖွဲ့ကို လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး သတိပေးချက် မဘသ ချေပ
please wait

No media source currently available

0:00 0:04:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG