သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားတပ်မတော်နေ့အကြို တောင်ကိုရီးယား တပ်လှန့်ထား


မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား။ (ဧပြီ ၁၅-၂၀၁၇)
မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား။ (ဧပြီ ၁၅-၂၀၁၇)

မြောက်ကိုရီးယားမှာ အရေးကြီးတဲ့ နှစ်ပတ်လည်နေ့တနေ့ နီးကပ်လာနေတဲ့အတွက် အရေးပေါ် တပ်လှန့်ထားကြောင်း တောင်ကိုရီးယားက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုတခု ထပ်လုပ်မယ့် သတင်းတွေနဲ့အတူ ၂ နိုင်ငံ နယ်စပ် ဒေသမှာလည်း စစ်အင်အားတွေ တိုးမြှင့်ထားတာပါ။

တရုတ်နိုင်ငံမှာလည်း ဗုံးကြဲလေယာဉ်တွေရဲ့ လှုပ်ရှားမှုတွေဟာ ပုံမှန်ထက်ပိုများ နေတဲ့အတွက် အသင့်အနေအထား ပြင်ဆင်ထားပုံရကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ တဦးတည်းသော မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ သိပ်မစိုးရိမ်တဲ့ သဘောထားမျိုး ပြောဆိုထားတာပါ။ ရုရှားနိုင်ငံကလည်း မြောက်ကိုရီးယားနဲ့ နယ်စပ်အနီး စစ်လက်နက်နဲ့ အင်အား တိုးမြှင့်ချထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း အစိုးရပြောခွင့်ရသူကို ကိုးကားပြီး RIA ရုရှားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှုတခု မကြာခင် ပြုလုပ်ဖို့ ရှိနေတဲ့အကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတွေက မကြာသေးခင် သီတင်းပတ်တွေမှာကတည်းက ပြောဆိုနေကြတာပါ။

နောက်တကြိမ် နျူကလီးယား စမ်းသပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်ရော၊ တရုတ်နိုင်ငံကပါ မြောက်ကိုရီးယားကို သတိပေးထားပါတယ်။ မြောက်ကိုရီးယားက အင်္ဂါနေ့ကျရင် ၈၅ ကြိမ်မြောက် ကိုရီးယားပြည်သူ့တပ်မတော် ထူထောင်တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပဖို့ ရှိနေပြီး၊ ဆောင်းရာသီ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ချိန်မှာ တိုက်ဆိုင်ကျင်းပမှာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယားနိုင်ငံက ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Lee Duk-haeng ကပြောပါတယ်။

နျူကလီးယားကိစ္စ အပါအဝင် မြောက်ကိုရီးယား အရေးဆွေးနွေးဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေ အင်္ဂါနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG