သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ KNU အကြား မိုင်းရှင်းလင်းရေးညှိနှိုင်း


မိုင်းထိလို့ ခြေထောက်ပြတ်သွားသူတွေအတွက် ခြေတု တပ်ဆင်ပေးတဲ့ သံလွင်မြစ်ကမ်းနဘေးနေထိုင်သူ ကျေးရွာသားများ။
မိုင်းထိလို့ ခြေထောက်ပြတ်သွားသူတွေအတွက် ခြေတု တပ်ဆင်ပေးတဲ့ သံလွင်မြစ်ကမ်းနဘေးနေထိုင်သူ ကျေးရွာသားများ။

အများပြည်သူအသုံးပြုလမ်း၊ဈေး၊ ကျောင်းနေရာတွေကို မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ စတင်ဖို့ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားညှိနှိုင်းနေပြီး KNU ဘက်က အကြောင်းပြန်ကြားလာရင် လုပ်ငန်းစတင်မှာဖြစ်ပါတယ်။ မိုင်းရှင်းလင်းရေး လုပ်ငန်းနဲ့ပတ်သက်ပြီးပြည်ပက နည်းပညာနဲ့ အထောက်ကူပြုပစ္စည်းတွေကိုသာ လက်ခံမှာဖြစ်ကြောင်းလည်း တပ်မတော်ဘက်ကပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၃ရက်ကနေ ၅ရက်နေ့အထိ ၃ရက်ကြာကျင်းပတဲ့ ၁၀ကြိမ်မြောက် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးက ဒီလ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ စတင်ဖို့ သဘောတူခဲ့ တာဖြစ်ပါတယ်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ JMC-U ရဲ့ အတွင်းရေးမှူး ၂ ဗိုလ်မှုးကြီး ဝဏ္ဏအောင်က -

"မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ်လို့ ကျနော်တို့ NCA မှာရေးသားဖော်ပြ ထားပါတယ်။ NCA မှာ ပါတာနဲ့အညီပေါ့ မိုင်းရှင်းလင်းရေးလုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဆောင်ရွက်ဖို့အတွက်လည်း ကျနော်တို့ KNU နဲ့ ညှိနှိုင်းနေပါတယ်။ KNU အဖွဲ့ဘက်ကလည်း ပြန်လည်ညှိနှိုင်းပြီးတော့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သူတို့လည်း ကျနော်တို့နဲ့ပြန်လည် ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာ ကျနေ်ာတို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ပြည်ပကနေ အကူအညီပေးချင်တယ်ဆိုရင် ကျနော်တို့ နည်းပညာယူပါ့မယ် အထောက်အကူပစ္စည်းယူပါ့မယ်။ မိုင်းရှင်းတာကတော့ ကျနော်တို့ နှစ်ဖွဲ့ပေါင်းပြီး ရှင်းသွားဖို့ ကျနော်တို့ တပ်မတော်ရဲ့သဘောထားကတော့ ရှိပါတယ်။ "

မိုင်းရှင်းလင်းရေးလုပ်ငန်းနဲ့ပတ်သက်ပြီးဆွေးနွေးရာမှာ တနင်္သာရီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်ဘက်မှာ မြေမြုပ်မိုင်းကင်းရှင်းတဲ့အတွက် ကရင်ပြည်နယ်က စတင်ဖို့ သဘောတူခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

မိုင်းရှင်းလင်းရေးလုပ်ငန်းစတင်ရင် ပြည်သူလူထုအသုံးပြုရာနေရာတွေကို အဓိက ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဗိုလ်မှုးကြီး ဝဏ္ဏအောင်က ပြောပါတယ်။

" မိုင်းရှင်းလင်းတယ်ဆိုတာ အဓိက ကတော့ ကျနော်တို့က ပြည်သူလူထုအတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ အများပြည်သူသုံးတဲ့လမ်းတွေ အများပြည်သူသုံးတဲ့ ကျောင်း၊ ဈေးတွေ စသဖြင့်ပေါ့။ ပြည်သူအတွက် ကျနေ်ာတို့က အကာအကွယ်ပေးဖို့ နံပတ်တစ်ပေါ့ သူတို့စစ်စခန်းတွေ သူတို့တပ်စခန်းတွေနားက မိုင်းတွေကို ဖော်ထုတ်ခိုင်းတာမဟုတ်ပါဘူး။ နံပတ်တစ် မိမိသွားနိုင်တဲ့အဆင့်ပေါ့ ပြည်သူလူထု အများသုံးမယ့်နေရာတွေကိုပဲ ပထမအဆင့်ရှင်းကြတာပေါ့ ဒီ့ထက်မကယုံကြည်မှုတွေ ရှိလာမယ် တယောက်နဲ့ တယောက် ယုံကြည်မှု တကယ်ပြင်းထန်လာပြီဆိုရင်တော့လည်း ဒုတိယအဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမယ့်အနေအထားပါ။"

မိုင်းရှင်းလင်းရေးကို နှစ်ဖက်ယုံကြည်မှုတည်ဆောက်ပြီး ဆောင်ရွက်မှာဖြစ်တာကြောင့် ဘယ်အချိန်မှာ ဆောင်ရွက်မယ်ဆိုတဲ့ အချိန်သတ်မှတ်ထားတာလည်း မရှိကြောင်း ပြောပါတယ်။

ပဋိပက္ခဖြစ်နိုင်ခြေရှိတဲ့နေရာတွေမှာ ဒေသဆိုင်ရာအဆင့် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L တွေဖွဲ့စည်းဖု့ိလည်း သဘောတူညီခဲ့ပါတယ်။ အဓိက စတင်ဖွဲ့စည်းမယ့်နေရာတွေကတော့ ရှမ်းပြည်နယ်က လင်းခေး၊ ကရင်ပြည်နယ်က ဖာပွန်နဲ့ ပဲခူးတိုင်းဒေသကြီးကဘောဂလိတို့ဖြစ်ပါတယ်။

JMC-Uရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်ကတော့ လက်ရှိပြီးဆုံးသွားတဲ့ အစည်းအဝေးဟာ အပြုသဘောဆောင်တဲ့ အစည်းအဝေးဖြစ်ကြောင်းပြောဆိုပါတယ်။

အထူးသဖြင့် JMC-S ခေါ် ပြည်နယ်အဆင့် ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက် လာတာကြောင့် အောက်ခြေအဆင့်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ လမ်းစပေါ်လာကြောင်း အခုလို ဆက်ပြောပါတယ်။

" အခုဆိုရင် ကျနော်တို့အထဲမှာပါတဲ့ အရပ်သားတွေကလည်း သူတို့က ပြည်သူကိုယ်စား လာတာ ဖြစ်တာကိုး။ လာတော့ ကျနော်တို့ ပြည်သူတွေ အောက်မှာ ခံစားရတဲ့ အခက်အခဲတွေ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကို တင်ပြကြတယ်။ တင်ပြတဲ့အခါမှာ ကျနော်တို့ ရှေ့မှာ ရှိတဲ့ပြသနာလေးတွေကို ပူးတွဲပြီးတော့ ဖြေရှင်းနိုင်မယ်။ လူထုခံစားနေရတဲ့ အခက်အခဲပြသနာတွေကို အခုဆိုရင်တော့ ဖြေရှင်းနိုင်မယ့်အဆင့်ကို ရောက်နေပြီလို့ ပြောရမှာပါ။ အဲ့တာတော့ အားရစရာကောင်းပါတယ်။"

ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အ ဆင့်ဆင့်ရဲ့ ရုံးတွေ၊ ဝန်ထမ်းတွေရဲ့လုံခြုံရေး၊ စိစစ်အတည်ပြုရေးအဖွဲ့ရဲ လုံခြုံရေး၊ ပူးတွဲနယ်လှည့်စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေးကို ပုံမှန်အားဖြင့် ၂လတကြိမ်ကျင်းပပြီး နောက်တကြိမ် အစည်းအဝေးကိုတော့ ဇွန်လကုန်ပိုင်းလောက်မှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG