သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံသတင်းသမား ၃ဦးအမှု မြန်မာလူ့အခွင့်အရေးကော်မရှင် မစွက်ဖက်ဟုဆို


မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံသတင်းသမား ၃ဦး
မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံသတင်းသမား ၃ဦး

မတရားသင်း အက် ဥပဒေ ပုဒ် ၁၇/၁နဲ့ သီပေါ အကျဉ်းထောင်မှာ DVB နဲ့ ဧရာဝတီ သတင်းဌာနက သတင်းထောက် ၃ ဦး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး သတင်းထောက်က သူ့အလုပ် သူလုပ်တဲ့အပေါ် အရေး မယူသင့်ပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ် တာ ထင်ရှားတယ် ဆိုရင်တော့ အရေးယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဝင် တဦးက ပြောလိုက်ပါတယ်။ တပ်မတော်က ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ သတင်းထောက် ၃ဦး ရဲ့ အာမခံလျှောက်ထားမှုကို သီပေါမြို့နယ် တရားရုံးက ဒီကနေ့ ထပ်ပြီး ပယ်ချလိုက်တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ သြဂုတ်လ ၁၈ရက်နေ့ သီပေါမြို့နယ် တရားရုံးမှာ မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁နဲ့ တ ရားစွဲဆိုခံထားရတဲ့ DVB သတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော် ခေါ် လဝီဝမ်တို့ရဲ့ အာမခံလျှောက်ထားမှု ဒုတိယအကြိမ် ပယ်ချခံလိုက်ရပါတယ်။

တရားလိုပြ သက်သေတွေ စစ်ဆေးတဲ့ အဆင့်မပြီးသေးတာမို့ အာမခံပယ်ချ တာဖြစ်တယ်လို့ တရားသူ ကြီးဘက်က အကြောင်းပြချက်ပေးတဲ့အကြောင်း သတင်းထောက်ဖက်က ကိုယ်စားပြု တရားလွှတ်တော် ရှေ့ နေ ဒေါ်ရွှေမိုးညွန့်က ပြောပါတယ်။

" သူက သက်သေတွေကျန်သေးတယ် အမှုဖြစ်အကြောင်းအရာတွေကလည်း အရေးကြီးတဲ့ စာရွက်စာတမ်းတွေ လူသက်သေတွေတင်သွင်းတဲ့အဆင့်မပြီးသေးဘူးပေါ့။ အဲ့တာကြောင့် ပယ်တယဆိုပြီ အမိန့်ချတယ် တဘက်က ဥပဒေအရာရှိကလည်း အဓိက သက်သေဖြစ်တဲ့ ဗိုလ်မှူုးမြတ်မွန်အောင်ကို စစ်ဆေးပြီးတော့မှ သက်သေပေးသင့်ကြောင်းလျှောက်ထားတော့ အရေးကြီးသက်သေတွေကျန်သေးတယ် လုံခြုံရေးကြောင့် အာမခံမပေးဘူးပေါ့။"

ဒီကနေ့ တရားရုံးချိန်းမှာ တပ်မတော်ဘက်က တရားလိုပြသက်သေ ဗိုလ်မှူး မြတ်မော်အောင်ကို စတင် စစ်ဆေးခဲ့ပြီး တရားလိုဘက်က သက်သေခံ CD ပြားကို တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံပစ္စည်းဟာ မူရင်းသက်သေခံချက်တွေ မဟုတ်တဲ့အတွက် ဥပဒေနဲ့ မညီညွတ်တာမို့ ရှေ့နေတွေက ကန့်ကွက်ခဲ့တဲ့အကြောင်း ဒေါ်ရွှေမိုးညွန့်က ပြောပြပါတယ်။

" တရားလိုပြသက်သေ ဗိုလ်မှူးမြတ်မွန်အောင်ကို စစ်တယ်။ သူ့ကိုစစ်နေချိန်မှာပဲ သူတို့ဘက်ကနေ စီဒီတပြားကို သက်သေခံအဖြစ်သွင်းတယ်။ သွင်းတဲ့အခါမှာ ကျမတို့ဘက်က ကန့်ကွက်တယ် ဥပဒေနဲ့မညီဘူး။ မူရင်းသက်သေခံချက်တွေ မပါလာတော့ဘူး မူရင်းသက်သေခံပစ္စည်းက ဖုန်းထဲမှာ ရှိနေတာ ဖုန်းထဲကဒေတာတွေကို နိုင်ငံတော်လုံခြုံရေးအရ ဖျက်ပစ်လိုက်တယ်ဆိုပြီး အကြောင်းပြတယ်။"

သတင်းထောက် ၃ဦး ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ သတင်းထောက်တွေ သူ့အလုပ် သူလုပ်တဲ့အပေါ် ဖမ်းဆီးတာ မဖြစ်သင့်ဘူူးလို့ ပြောပါတယ်။ ဒါပေမယ့် တဖက်မှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ်တာ ထင်ရှားတယ်ဆိုရင်တော့ အရေးယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

" အများပြည်သူသွားလို့ရတဲ့နေရာကို သူတို့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအပေါ်မှာတော့ အရေးမယူသင့်ဘူးပေါ့နော်။ နောက်တခုက သတင်းထောက် တယောက်အနေနဲ့ သတင်းကိုရယူဖို့ လုပ်တာအတွက်လည်း အရေးမယူသင့်ဘူးပေါေ့နာ် ဒါက ပထမအပိုင်းပါခင်ဗျ ဒုတိယအပိုင်းကတော့ သူတို့သည် လက်နက်ကိုင်သောင်းကျန်းသူနဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်တယ်ဆိုတဲ့အလုပ်ကို လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကိုတွေ့ရင်တော့ ဒါအရေးယူရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့တော့ တရားရုံးပေါ် ရောက်ရှိနေပြီးဖြစ်တဲ့ အမှုကိစ္စတွေကို ကြားဝင် စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဦးယုလွင်အောင်က ဆိုပါတယ်။

" အခုဟာက တရားရုံးကိုရောက်သွားပြီဆိုတော့ ကျနော်တို့ ဘာမှ ဝင်ရောက်စွက်ဖက်လို့ မသင့်တော်ဘူးပေါ့။ တပ်မတော်ကလည်း သူ့လက်ထဲမှာ မရှိတော့ဘူး။ တရားရုံး တင်လိုက်ပြီဖြစ်တဲ့အတွက် တရားရုံးကပဲ မြန်မြန်ဆန်ဆန် စစ်ဆေးပေးဖို့ပဲ ရှိပါတယ်။ တပ်မတော်ကို အကြံပေးလည်း တပ်မတော်က သူ့လက်ထဲမှာ မရှိတော့ဘူး။ တရားရုံးရောက်သွားပြီဖြစ်ပါတယ်ခင်ဗျာ။"

မြန်မာ လူ့အခွင့်အရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သီပေါအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်း သိမ်းခံထားရတဲ့ သတင်းထောက် ၃ဦးနဲ့ သွားရောက်တွေ့ဆုံခဲ့သလို ရှမ်းပြည်မြောက်ပိုင်းက အကျဉ်း ထောင်တွေကို သွားရောက်လေ့လာခဲ့ပါသေးတယ်။

DVB သတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းဌာနက သ တင်းထောက် ဦးသိန်းဇော် ခေါ် လဝီဝမ်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က တအာင်း အမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA လက်နက်ကိုင် နယ်မြေမှာလုပ်တဲ့ မူးယစ် ဆေးဝါးဖျက်ဆီးတဲ့ပွဲကို သွား ရောက် သတင်းယူပြီး အပြန်လမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ နောက်တကြိမ် ရုံးချိန်းကိုတော့ သြဂုတ်လ ၂၅ရက်နေ့မှာ ပြန်လည် ချိန်းဆိုထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG