သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Irma ကျုးဘားနိုင်ငံ အရှေ့ပိုင်းကို ဖြတ်သန်းနေပြီး သောကြာနှောင်းပိုင်းမှာ ကျူးဘားမြောက်ဘက်နဲ့ Bahamas ကိုတိုက်ခတ်မည်


ဟာရီကိန်း Irma
ဟာရီကိန်း Irma

ဟာရီကိန်း Irma ဟာ ကျုးဘားနိုင်ငံ အရှေ့ပိုင်းနေရာ တော်တော်များများကို ဖြတ်သန်း တိုက်ခတ်နေပြီး၊ ဒီနေ့သောကြာနေ့ နှောင်းပိုင်းမှာတော့ အနောက်မြောက်ဘက်ကို ရွေ့လျားနေတဲ့ မုန်တိုင်းဟာ ကျုးဘားနိုင်ငံ မြောက်ပိုင်းနဲ့ Bahamas နိုင်ငံ နေရာတော်တော်များများကို တိုက်ရိုက် ဝင်ရောက်လိမ့်မယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ပြောပါတယ်။

ပြင်းအား အဆင့် ၅ ရှိတဲ့ Irma ဟာရီကိန်းဟာ ဒီကနေ့ အစောပိုင်းမှာတော့ အဆင့် ၄ အဖြစ် လျှော့ချလိုက်ပေမဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကို ဒီရက်ပိုင်းအတွင်း ဝင်ရောက်ဖို့ ရှိနေတဲ့ မုန်တိုင်းဟာ လက်ရှိ အင်အားအတိုင်း ဆက်ရှိနေနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြတာပါ။ မုန်တိုင်းဗဟိုချက်ဟာ ကျုးဘားနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းနဲ့ Bahamas အလယ်ပိုင်းဒေသတွေကို ဒီကနေ့နဲ့ မနက်ဖြန်မှာ ဖြတ်သန်းရွေ့လျားပြီး၊ ဖလော်ရီဒါ တောင်ပိုင်းဒေသ တော်တော်များများကိုတော့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Bahamas, Turks နဲ့ Caicos ကျွန်းစုတွေနဲ့ ကျုးဘားနိုင်ငံက ဒေသတော်တော်များများ အပြင်၊ ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာတော့ ဟာရီကိန်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ Irma ဟာရီကိန်း ချဉ်းကပ်လာနေတဲ့ ဖလော်ရီဒါ တောင်ပိုင်းမှာ လူ ၅ သိန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့လည်း မနေ့တုန်းကပဲ အမိန့်ထုတ်ပြန်ထားပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာမှာ အင်အားအပြင်းဆုံး မုန်တိုင်းအဖြစ် စံချိန်တင်ထားတဲ့ Irma မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တာပါ။ မုန်တိုင်းဒဏ် တိုက်ရိုက်ခံခဲ့ရတဲ့ Barbuda ကျွန်းဟာဆိုရင်လည်း လူသူနေလို့မရနိုင်လောက်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ရကြောင်း Antigua နဲ့ Barbuda ဝန်ကြီးချုပ် Gaston Browne က ပြောဆိုထားပါတယ်။ Antigua နဲ့ Barbuda ကျွန်းစုတွေဟာ ပြင်းအားအဆင့် ၃ ရှိတဲ့ Jose ဟာရီကိန်းမုန်တိုင်း စနေနေ့မှာ ထပ်မံဝင်ရောက်မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရတာပါ။

XS
SM
MD
LG