သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၄)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To get under someone’s skin, Throw in the towel နဲ့ To ride out something တို့ကို တင်ပြထားပါတယ်။

(၁) To get under someone’s skin

To get under (အောက်ကိုရောက်စေတာ)၊ someone’s (လူတဦးတယောက်ရဲ့)၊ skin (အရေပြား) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ရဲ့ အရေပြားအောက်ကို ရောက်တာ ဖြစ်ပါတယ်။ လူတဦးအနေနဲ့ သူ့အသားကို အကောင်တစ်ကောင်က လာကိုက်လို့ နာသွားမယ်၊ ယားမယ် စသဖြင့် ခံစားချက်တွေ ရှိမှာမို့၊ အဲဒီလူအနေနဲ့ စိတ်တိုမိမှာတော့ အမှန်ပါပဲ။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီသဘောပါပဲ။ To get under your skin ဆိုရင် တခုခုကြောင့် လူတဦးဦးကို စိတ်တိုစေတာ၊ ခံရခက်စေတာ၊ စိတ်ထဲမကျေမချမ်း ဖြစ်စေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အမေရိကန်သတင်းမီဒီယာအများစုက သမ္မတ Donald Trump အကြောင်း ရေးသားထောက်ပြကြရာမှာ အများအားဖြင့်က သူ့ကိုဝေဖန်တာတွေ ဖြစ်တဲ့အတွက်ကြောင့်၊ မကြာခဏ သမ္မတ Trump အနေနဲ့ စိတ်တိုပြီး တုံ့ပြန်လေ့ရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့သူ့ကို အိမ်ဖြူတော်အရာရှိချုပ် John Kelly က ထိန်းချုပ်နေတယ်ဆိုတဲ့ သတင်းဟာ သူ့သိက္ခာကို ထိခိုက်စေတယ်ဆိုပြီးတော့ သူ့ကို အခံရအခက်ဆုံး ၊ စိတ်အတိုဆုံး ဖြစ်စေတယ်လို့ Washington Post သတင်းစာကြီးက ထောက်ပြခဲ့ရာမှာ The media narrative that really gets under Trump's skin လို့ ရေးသားခဲ့ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Jane’s constant nagging really got under her husband’s skin.

Jane ရဲ့ အမြဲတမ်း ပူညံပူညံ လုပ်တဲ့အကျင့် ဟာ သူ့ခင်ပွန်းကိုတကယ်ပဲ စိတ်တိုစေတယ်။

(၂) Throw in the towel

Throw in (အထဲကို ပစ်သွင်းလိုက်တာ)၊ the towel (မျက်နာသုတ်ပုဝါ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နာသုတ်ပုဝါကို အထဲကိုပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက လက်ဝှေ့ထိုးပွဲကနေ ဆင်းသက်လာတာပါ။ နည်းပြတဦးအနေနဲ့ သူ့ရဲ့လက်ဝှေ့သမားဟာ ပြိုင်ဘက်ရဲ့ လက်သီးလုံးတွေကို ဆက်တိုက်မိနေလို့ အလူးအလဲခံနေရတယ်၊ ပွဲဆက်မထိုးနိုင်တော့ဘူးလို့ ယူဆရင် မျက်နာသုတ်ပုဝါကို ကြိုးဝိုင်းအောက်ပစ်ချလိုက်ပြီး အရှုံးပေးတဲ့လက္ခဏာကိုပြသတဲ့အလေ့အကျင့် ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က နေ့စဉ်ဘဝမှာနိုင်ဖို့ ၊ အောင်မြင်ဖို့ အခြေအနေမရှိလို့ လက်မြှောက်အရှုံးပေးပြီး ဆက်မလုပ်ချင်တော့ဘူးဆိုရင် ဒီအီဒီယံကို ရည်ညွှန်းသုံးနိုင်ပါတယ်။ သမ္မတ Trump က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်က Obamacare လို့ခေါ်တဲ့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစီအစဉ်ကို အစားထိုးဖို့၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ ပေးခဲ့တဲ့ကတိကို၊ လက်တွေ့လုပ်ဆောင်ပေးရမဲ့တာဝန်က Republican အမတ်တွေအပေါ်အဓိကကျရောက်တာဖြစ်ပါတယ်။ ဒါပေမဲ့လွှတ်တော်တွင်းမှာ ၊ Democrat အမတ်အားလုံးအပြင် ၊ Republican အမတ်တချို့က ဒါကိုလက်မခံနိုင်ခဲ့ကြတဲ့အတွက် ၊ အဓိကတာဝန်ရှိတဲ့ Republican အမတ်ခေါင်းဆောင် တွေက Obamacare ကို အစားထိုးဖို့၊ ဒါမှမဟုတ် ပြင်ဆင်ဖို့ ကြိုးပမ်းမှုကိုလက်မြှောက်အရှုံးပေးရမဲ့အခြေအနေမှာရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ Washington Post သတင်းစာကြီးက Are Trump and Republicans finally throwing in the towel on Obamacare? လို့ ခေါင်းကြီးတပ်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Ethnic leaders should not throw in the towel in their efforts for peace in Myanmar.

တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းရာမှာ လက်လျှော့အရှုံးမပေးသင့်ဘူး။

(၃) To ride out something

To ride (စီးတာ) ၊ out (အပြင်ဘက်) something (တခုခု) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုကို အပြင်ဘက်ကိုရောက်အောင် စီးတာ ဖြစ်ပါတယ်။ ဒီအသုံးက ပင်လယ်ပြင်မှာ သင်္ဘောတွေမုန်တိုင်းလမ်းကြောင်းမှာကျနေတယ်ဆိုရင်၊မုန်တိုင်းကိုရှောင်မလား၊မုန်တိုင်းကိုရင်ဆိုင်ဖြတ်ကျော်မလားဆိုတဲ့ရွေးလမ်းရှိရာမှာ၊ တချို့တို့ကမုန်တိုင်းကိုရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီး၊ ကြိုတင်ကာကွယ်မှုတွေယူခါ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံပြီးအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပြဿနာအခက်အခဲ အန္တရာယ်ကို သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုးပမ်းတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာသေးမီက Florida ပြည်နယ်ကို မုန်းတိုင်အဆင့် (၄) ရှိတဲ့ Hurricane Irma ဝင်တိုက်မဲ့အခြေအနေမှာ သက်ဆိုင်ရာအာဏာပိုင်တွေက မုန်တိုင်းလမ်းသင့်နေတဲ့ မြို့တွေက လူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းခိုလှုံဖို့ ညွှန်ကြားချက်ထုတ်ခဲ့ပေမယ့်လို့လဲ လိုက်နာတဲ့လူတွေ ရှိသလို၊ မလိုက်နာတဲ့လူလည်း ရှိခဲ့ပါတယ်။ ရေ၊ အစားအသောက် စသဖြင့်တို့ကို စုဆောင်းပြီး ကိုယ့်အိမ်မှာဘဲ မုန်တိုင်းဒဏ်ကို ကြန့်ကြန့်ခံကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ အိမ်ပိုင်ရှင်တွေလည်း ရှိခဲ့ တာကြောင့် သတင်းမီဒီယာတွေက Homeowners prepare to ride out storm လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There was a big storm, but the ship luckily managed to ride it out.

မုန်တိုင်းကအင်အားကြီးပေမယ့်လဲ၊ သင်္ဘောက ကံအားလျော်စွာ ဘေးမသီ၊ ရန်မခ အန္တရာယ်ကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက To get under someone’s skin, Throw in the towel နဲ့ To ride out something တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG