သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၃)


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Not out of the woods, To be on the same page နဲ့ All options on the table တို့ကို တင်ပြထားပါတယ်။

(၁) Not out of the woods

Not out of (အပြင်ဘက်ကို မရောက်သေးတာ)၊ the woods (သစ်တော) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သစ်တောအပြင်ဘက်ကို မရောက်သေးတာ ဖြစ်ပါတယ်။ သစ်တောလို့ဆိုရာမှာ အခက်အခဲ၊ ပြဿနာ၊ ဒုက္ခအသက်အန္တရာယ်၊ ဆူးညှောင့်ခလုတ် စသည်တို့ကို တင်စားပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ လူတဦးအတွက် အခြေအနေဟာ နည်းနည်းကောင်းလာပေမယ့်၊ လုံးဝတော့ မကောင်းသေးတာ၊ ကွင်းလုံးကျွတ်တော့ အခက်အခဲဒဏ်က မလွတ်သေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ အသဲအသန်ဖြစ်နေတဲ့ လူနာတဦးအနေနဲ့ သက်သာလာလို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ မရှိတော့ပေမယ့် ၊ အခြေအနေကတော့ လုံးဝစိတ်မချရသေးဘူးဆိုရင် Not out of the woods လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးကို အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်ကို သြဂုတ်လ (၂၅) ရက်နေ့က မုန်တိုင်းအဆင့် (၄) ရှိတဲ့ Hurricane Harvey တိုက်ခတ်ခဲ့ရာမှာ အမေရိကန်မုန်တိုင်းသမိုင်းမှာ အများဆုံးလို့ဆိုရမယ့် လက်မ (၅၀) မိုးရွာသွန်းခဲ့တဲ့အတွက် အန္တရာယ်လည်းကြီး၊ သမိုင်းလည်းတင်တဲ့ မုန်တိုင်းလို့ ဆိုကြပါတယ်။ ဒီမုန်တိုင်းနောက်ပိုင်း အားပျော့သွားပေမယ့်လဲ ရေကြီးမှုကြောင့် မုန်တိုင်းအန္တရာယ်ကတော့ ဆက်လက်ကျန်နေသေးတဲ့အတွက်ကြောင့် DHS ခေါ်တဲ့ အမိမြေလုံခြုံရေးဌာန ယာယီဝန်ကြီးက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ မုန်တိုင်းကတော့ အားပျော့သွားပေမယ့်လဲ မုန်တိုင်းဒဏ်ကနေ မလွတ်သေးဘူးလို့ သတိပေးခဲ့ရာမှာ သတင်းမီဒီယာတွေက DHS warning: ‘We are not out of the woods yet on Harvey’. လို့ သတင်းခေါင်းကြီးတွေမှာ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary’s surgery went fine, but she was not out of the woods yet.

Mary ခွဲစိတ်ကုသမှု ခံယူတာကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့လဲ သူ့အခြေအနေကတော့ လုံးဝစိတ်မချရသေးပါဘူး။

(၂) To be on the same page

To be (ဖြစ်တာ၊ ရှိတာ)၊ on (အပေါ်မှာ)၊ the same page (စာမျက်နှာတူတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စာမျက်နှာအတူတူမှာ ရှိနေတာ ဖြစ်ပါတယ်။ တနည်း လူနှစ်ဦး ဖတ်နေတဲ့ စာမျက်နှာနံပတ်ချင်း တူတာကို ဆိုလိုပါတယ်။ ဖတ်နေတဲ့ စာမျက်နှာချင်း တူတယ်ဆိုကတည်းကိုက ဖတ်တဲ့ အကြောင်းအရာကလည်း အတူတူဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိစ္စရပ်တခုခုနဲ့ ပတ်သက်လို့ လူတဦးနဲ့ နောက်တဦးကြား သဘောထားအမြင်၊ ခံယူချက်၊ နားလည်မှု၊ အဓိပ္ပါယ်ကောက်ယူမှုှုတွေ အတူတူဖြစ်နေတာ၊ တသဘောတည်း ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို မြောက်ကိုရီးယားပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ သမ္မတ Donald Trump က မြောက်ကိုရီးယားနဲ့ ဆွေးနွေးပြီး အဖြေရှာလို့ မရနိုင်ဘူးလို့ Twitter ကနေ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ကာကွယ်ရေးဝန်ကြီး Jim Mattis ကို မေးမြန်းခဲ့ရာမှာ သူကတော့ သံတမန်ရေးအရ အဖြေရှာနိုင်မယ့် နည်းလမ်းတွေကတော့ အမြဲရှိပါတယ်လို့ ဖြေကြားခဲ့တဲ့အတွက်ကြောင့် သမ္မတနဲ့ သူတို့ကြား အမြင်ချင်း မတူညီကြတာကို သတင်းမီဒီယာတွေက ထောက်ပြခဲ့ရာမှာ Mattis ကတော့ သမ္မတနဲ့သူဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အမြင်ချင်းတူပါတယ်လို့ အလေးအနက် ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းခေါင်းကြီးတွေမှာ၊ Mattis insists he and Trump are on the same page on North Korea လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It is important for the ethnic leaders to be on the same page with the Myanmar government on peace talks.

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ မြန်မာအစိုးရနဲ့ အမြင်ချင်းတူဖို့ အရေးကြီးတယ်။

(၃) All options on the table

All options (ရွေးလမ်းအားလုံး) ၊ on the table (စားပွဲပေါ်မှာ) စကားစုတခုလုံးရဲ့ ဖြစ်ပြီး၊ တိုက်ရိုက်အဓိပ္ပါယ်က ရွေးလမ်းအားလုံးကို စားပွဲပေါ်မှာ တင်ထားတာ ဖြစ်ပါတယ် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ နေ့စဉ်ဘဝမှာ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ သံတမန်နည်းပဲဖြစ်ဖြစ်၊ စစ်မက်ရေးရာနည်းပဲဖြစ်ဖြစ် ဖြေရှင်းယူဖို့ အားလုံးကို လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို မြောက်ကိုရီးယားက သြဂုတ်လ (၂၉) ရက်နေ့က ဂျပန်နိုင်ငံပေါ်ဖြတ်ပြီး ပဲ့ထိန်းဒုံး ပစ်လွှတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ Trump က သံတမန်ရေးအရရော၊စစ်ရေးအရပါ ဖြေရှင်းနိုင်မဲ့ နည်းအားလုံးကိုလမ်းဖွင့်ထားတယ်လို့တုံ့ပြန်ခဲ့တဲ့အတွက်Trump on North Korea: ‘All options are on the table’ လို့ သတင်းမီဒီယာတွေကခေါင်းကြီးတွေမှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company’s chairman told the board members that all options were on the table to solve the financial problem.

ကုမ္ပဏီဥက္ကဋ္ဌက ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် နည်းမျိုးစုံကို ထည့်သွင်းစဉ်းစားဖို့ လမ်းဖွင့်ထားတယ်လို့ ဘုတ်အဖွဲ့ဝင်တွေကို ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Not out of the woods, To be on the same page နဲ့ All options on the table တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG