သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၉)


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Kick off, Feel the heat နဲ့ Sweet talk တို့ကို တင်ပြထားပါတယ်။

(၁) Kick off

Kick (ကန်တာ)၊ off (အဝေးသို့ကို ရည်ညွှန်းတဲ့ ဝိဘတ် preposition) ဖြစ်ပြီးစကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဝေးကို ကန်လိုက်တာ ဖြစ်ပါတယ်။ ဘောလုံးအားကစားနည်းမှာ ပွဲစဖို့ အသင်းနှစ်သင်းစလုံး ကွင်းထဲရောက်လာတာနဲ့ ဒိုင်လူကြီးက မြောက်ပန်းလှန်ပြီး နိုင်တဲ့အသင်းက ဘောလုံးစကန်တာကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုကို စတင်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က New Jersey ရှိ သူ့ရဲ့ Bedminster Golf Club အပန်းဖြေစခန်းမှာ သူ့မိသားစုနဲ့အတူ သြဂုတ်လ (၄) ရက်နေ့ကစပြီး (၁၇) ရက်ကြာ အနားလည်းယူ အလုပ်လည်းလုပ်တဲ့ Working vacation ကို ယူမယ်လို့ ကြေညာခဲ့ရာမှာ သတင်းမီဒီယာတွေက Trump Kicks Off 17-Day Stay at His New Jersey Golf Club လို့ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Every year the Thingyan water festival kicks off in Myanmar on April 13.

မြန်မာနိုင်ငံမှာ ဧပြီလ (၁၃) ရက်နေ့ဆိုရင် နှစ်စဉ်ပဲ ရေကစားတဲ့ သင်္ကြန်ပွဲတော်ကြီး စတင်ကျင်းပမြဲဖြစ်တယ်။

(၂) Feel the heat

Feel (ခံစားရတာ)၊ the heat (အပူ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကအပူဒဏ်ကို ခံစားရတာ ဖြစ်ပါတယ်။ အပူဒဏ်ဆိုကတည်းကိုက လူတဦးအနေနဲ့ နေရထိုင်ရ ခက်မှာဖြစ်တဲ့အတိုင်း၊ ဒီအသုံးရဲ့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဖိအားပေးခံရတာ၊ အတင်းတိုက်တွန်းခံရတာ၊ စိတ်ဆင်းရဲသောက ရောက်စေတာ၊ နေရထိုင်ရ ခက်စေတဲ့သဘောမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က သူ ရာထူးတာဝန် စထမ်းဆောင်စဉ်အခါက Australia ဝန်ကြီးချုပ် Malcolm Turnbull နဲ့ တယ်လီဖုန်း စကားပြောရာမှာ Australia ထံက ဒုက္ခသည် နှစ်ထောင်ကို အမေရိကန်က လက်ခံမယ်လို့ သမ္မတ Obama လက်ထက်က ကတိပေးခဲ့တာကို လိုက်နာဖို့ ဝန်ကြီးချုပ်က ပြောဆိုရာမှာ Trump က နိုင်ငံကို ဒုက္ခသည်တွေ အခြေချဖို့ ကန့်သတ်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီကြိုတင်သဘောတူညီမှုကို သဘောမကျပေမယ့်လို့လဲ သူ့အနေနဲ့ လက်ခံမယ်ဆိုတာကို အပြန်အလှန် ပြောခဲ့တဲ့ စာသားတွေကို Washington Post သတင်းစာကြီးက ပြီးခဲ့တဲ့ သတင်းပတ်က ဖော်ပြခဲ့ရာမှာ ဝန်ကြီးချုပ် Turnbull အနေနဲ့ တဘက်က Trump က သူကို ဖိအားပေးတာမျိုး ခံရတဲ့အပြင် သူ့နိုင်ငံမှာလည်း ဝေဖန်ခံရတာကြောင့် သတင်းမီဒီယာတွေက Australia Prime Minister Turnbull feels the heat from Trump ဆိုပြီး Trump လုပ်တဲ့အတွက် Australia ဝန်ကြီး Turnbull ဖိအားပေး ခံနေရပြီဆိုတဲ့ ခေါင်းကြီးနဲ့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Health ministry is feeling the heat because of the recent H1N1 ‘flu outbreak in Myanmar.

မြန်မာနိုင်ငံမှာ မကြာသေးခင်က H1N1 တုပ်ကွေးရောဂါ ဖြစ်ပွါးမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနလည်း စိတ်ဖိစီးမှုနဲ့ ကြုံတွေ့နေရတယ်။

(၃) Sweet talk

Sweet (ချိုတာ) ၊ talk (စကားပြောတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချိုတဲ့စကားပြောတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကျမတို့မြန်မာမှာ အချိုသပ်တယ်၊ ချော့ပြောတယ်၊ တဘက်သား ကျရလောက်အောင် မြှောက်ပြောတယ်ဆိုတာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို သမ္မတ Trump က Mexico သမ္မတ Enrique Peña Nieto နဲ့ ဇန်နဝါရီလတုန်းက ဖုန်းစကားပြောခဲ့တဲ့ စာသားတွေ ထွက်လာတဲ့အခါမှာ Trump က သူ့အနေနဲ့ ရွေးကောက်ပွဲတုန်းက ကတိပေးထားတဲ့အတိုင်း Mexico တံတိုင်းကြီးကို ဆောက်ဖို့ ကုန်ကျစရိတ်ကို Mexico က ကျခံစေရမယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း Mexico သမ္မတနဲ့ စကားပြောရာမှာ ဒီကုန်ကျစရိတ် ကုန်ကျခံဖို့ ချော့ပြောခဲ့တဲ့ စာသားတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သတင်းမီဒီယာတွေက ဒီစာသားတွေပေါ် မူတည်ပြီး Trump sought to sweet talk Mexico leader ဆိုပြီးတော့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ အသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary managed to sweet talk Joe into helping her change her flat tire.

Mary က ပေါက်သွားတဲ့သူ့ကားဘီးကို ကူညီပြီး လဲပေးဖို့ Joe ကို ချော့ပြောနိုင်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက Kick off, Feel the heat နဲ့ Sweet talk တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG