သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၈)


ရွေးကော်ခံသမ္မတ Donald Trump ကိုဆန့်ကျင်ဆန္ဒပြသူများ၊ ၁၉ ဒီဇင်ဘာ ၂၀၁၆။
ရွေးကော်ခံသမ္မတ Donald Trump ကိုဆန့်ကျင်ဆန္ဒပြသူများ၊ ၁၉ ဒီဇင်ဘာ ၂၀၁၆။
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To be out of the picture, To play hard ball နဲ့ To show your true colors တို့ကို တင်ပြထားပါတယ်။

(၁) To be out of the picture

To be (ဖြစ်စေတာ)၊ out of (အပြင်ဘက်ရောက်နေတာ)၊ the picture (ရုပ်ပုံ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရုပ်ပုံအပြင်ဘက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ရုပ်ပုံထဲမှာ မပါတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးဟာ အခြေအနေတခုခုနဲ့ မပတ်သက်တော့တာ၊ မဆိုင်တော့တာ၊ မသိနားမလည် ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို ဇူလိုင်လ (၂၇) ရက်နေ့ သောကြာနေ့က သမ္မတ Trump ကနေ Twitter ကတဆင့် သူ့ရဲ့ အိမ်ဖြူတော်အရာရှိချုပ် Reince Priebus နေရာမှာ လက်ရှိ အမိမြေလုံခြုံရေးဌာနဝန်ကြီး ဗိုလ်ချုပ်ဟောင်း John Kelly ကို အစားထိုးခန့်အပ်လိုက်တယ်လို့ ကြေညာခဲ့ရာမှာ သတင်းမီဒီယာတွေက Reince Priebus is out of the picture လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ သမ္မတရဲ့ လက်ရုံးတဆူဖြစ်ခဲ့သူ Reince Priebus ဟာ မကြာသေးမီက ပြဿနာတက်ခဲ့တဲ့အတွက်ကြောင့်လဲရုတ်တရက် နှုတ်ထွက်စာ တင်သွင်းခဲ့ပြီး ဗိုလ်ချုပ်ဟောင်း Kelly ကတော့ ဇူလိုင်လ ၃၁ ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်အရာရှိချုပ် ရာထူးတာဝန်ကိုစတင်ထမ်းဆောင်ခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ဖြူတော်မှာ သမ္မတရဲ့ အနီးကပ်အကြံပေးတွေအနက်မှာ Reince Priebus ရှိတော့မှာ မဟုတ်တဲ့အတွက်ကြောင့် သူဟာ Out of the picture ဖြစ်ပြီဆိုပြီး သတင်းမီဒီယာတွေက ရည်ညွှန်းသုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary divorced her husband recently. Now that he is out of the picture, she can do as she pleases.

Mary ဟာ မကြာသေးမီကပဲ သူ့ခင်ပွန်း John နဲ့ ကွာရှင်းလိုက်တယ်။ ဒါကြောင့် John ဟာ သူနဲ့ ဘာမှမဆိုင်တော့တဲ့အတွက်ကြောင့် Mary လည်း သူသဘောကျသလို နေထိုင်နိုင်တော့မယ်။

(၂) To play hard ball

To play (ကစားတာ)၊ hard (ခက်ခဲတာ၊ မာကျောတာ)၊ ball (ဘောလုံး) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးမာနဲ့ ကစားတာ ဖြစ်ပါတယ်။ ဒီအသုံးက အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များတဲ့ Baseball အားကစားနည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Baseball မှာ ရိုက်ချက်ပြင်းတာကိုခံနိုင်တဲ့မာတဲ့ဘောလုံးကို အသုံးပြုပြီး ကစားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အနိုင်ရဖို့ ကိုယ်လိုချင်တာကိုရဖို့ သမာသမတ်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မဖြစ်ဖြစ်တဲ့နည်းနဲ့ဖြစ်အောင် လုပ်ယူတာကို ဆိုလိုတာဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေး နဲ့ နိုင်ငံရေးလောကတွေမှာ ခပ်မာမာ ဆက်ဆံတဲ့ လူမျိုးကိုရည်ညွှန်းတာဖြစ်ပါတယ်။ သမ္မတ Trump အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်က Obamacare ဆိုတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်နဲ့ အစားထိုးမယ်လို့ ကတိပေးခဲ့တဲ့အတိုင်းပဲ လွှတ်တော်မှာ ရီပတ်ဘလင်ကန်အမတ်တွေက ကြိုးပမ်းခဲ့ရာမှာ လောလောဆယ်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လဲ မကြာသေးမီက Trump ကနေ ရီပတ်ဘလင်ကန်အမတ်တွေကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ခဲ့ပြီး ဒီဥပဒေကို မဖြစ်ဖြစ်အောင် ဖျက်သိမ်းပြီး အစားထိုးရမယ်လို့ ခပ်ကြမ်းကြမ်းပဲ ဖိအားပေးခဲ့တယ်တဲ့အတွက်၊ သတင်းမီဒီယာတွေက Trump plays hardball on ObamaCare repeal လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The factory’s owner played hard ball with the workers who were on strike. He refused to raise their overtime pay.

စက်ရုံပိုင်ရှင်က ဆန္ဒပြအလုပ်သမားတွေအပေါ် ခပ်မာမာ ဆက်ဆံနေတယ်။ အလုပ်သမားတွေရဲ့အချိန်ပိုကြေး တိုးပေးဖို့ ငြင်းဆိုခဲ့တယ်။

(၃) To show your true colors

To show (ပြတာ) ၊ your (သင့်ရဲ့)၊ true (အစစ်အမှန်)၊ colors (အရောင်တွေ)ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်ရဲ့ အရောင်စစ်အရောင်မှန် တကယ့်အရောင်ကို ပြသတာ ဖြစ်ပါတယ်။ ( မှတ်ချက်၊ စာလုံးပေါင်း မှာ colors အမေရိကန် ၊ colours ဗြိတိသျှ ) အလံတွေဟာ အရောင်တွေကွဲပြီး၊ အဲဒီအရောင်တွေဟာလဲအဓိပ္ပါယ်အမျိုးမျိုးရှိတာဖြစ်ပါတယ်။ ဒီအသုံးက ရှေးတုန်းက စစ်သင်္ဘောတွေမှာ ရန်သူတွေကို လှည့်စားနိုင်ဖို့အတွက် ကိုယ့်နိုင်ငံရဲ့အလံကို မလွှင့်ထူဘဲ တခြားနိုင်ငံရဲ့ အလံကို လွှင့်ထူရာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပင်လယ်ပြင်မှာ စစ်တိုက်ရာမှာ တရားဝင်လက်ခံထားတဲ့ စစ်ရေးဗျူဟာ စည်းမျဉ်းအရကတော့ သေနတ်တချက်မှ မပစ်ဖောက်ခင် ကိုယ့်နိုင်ငံရဲ့ တကယ့် အလံမှန်ကို ရွက်တိုင်မှာ လွှင့်ထူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ စစ်သင်္ဘောတွေကတော့ အဝေးတုန်းကတော့ တခြားနိုင်ငံတွေရဲ့ အလံကို ရန်သူကို လှည့်စားနိုင်အောင် လွှင့်ထူထားပြီး အနီးပစ်မှတ်ကွင်း ရောက်တော့မှ ကိုယ့်နိုင်ငံရဲ့အလံကို ပြောင်းပြီးလွှင့်ထူတာမျိုး လုပ်လေ့ရှိတဲ့အတွက်၊ ဒီလိုမျိုး လှည့်စားဖို့ကြိုးစားပြီး မှ၊ အရောင်မှန်၊ အလံမှန် ကိုလွှင့်ထူတဲ့ အလေ့အကျင့်ကနေ ဒီ အီဒီယံအသုံး ဆင်းသက်လာတယ်လို့ သိရပါတယ်။ ဒီနေရာမှာ အရောင်လို့ အဓိပ္ပါယ်ရတဲ့ Color ကို လူတဦးရဲ့ စိတ်နေစိတ်ထား၊ အပြုအမှု ရည်ရွယ်ချက် စသဖြင့်တို့ကို တင်စားရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အရေခြုံထားရာကနေ၊ ဟန်ဆောင်ထားရကနေ တကယ့်သရုပ်မှန် ပေါ်လာတာကို ဆိုလိုပါတယ်။ သမ္မတ Trump ကနေ မကြာသေးမီက Twitter လူမှုကွန်ရက်ကတဆင့် အမေရိကန်စစ်တပ်မှာ Transgender လို့ခေါ်တဲ့ လိင်ပြောင်းထားသူတွေကို ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ရုတ်တရက် ကြေညာခဲ့တဲ့အတွက်ကြောင့်လည်း ဒေါသထွက်ခဲ့ကြတဲ့ လိင်တူချစ်သူ ထောက်ခံသူတွေက Trump ရဲ့ ပင်ကိုယ်စိတ်ထားဟာ သူတို့တွေအပေါ်မှာ ဘယ်လိုရှိတယ်ဆိုတာကို ပေါ်လွှင်နေတယ်ဆိုပြီး တုံ့ပြန်ခဲ့ကြတဲအတွက်ကြောင့်လည်း The New York Times သတင်းစာကြီးက Furious gay rights activists see Trump's 'true colors' လို့ ခေါင်းကြီးမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ True colors အသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Most people are on their best behavior when dating. However, a few years after their marriage, they began to show their true colors.

လူအများစုက ရည်းစားဘဝ တွဲနေတုန်းဆို အကောင်းဆုံး ပြုမှုဆက်ဆံနေထိုင်တတ်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်လည်းကျပြီး နှစ်အနည်းငယ်ကြာလာတော့၊ ပင်ကိုယ်စရိုက်တွေပေါ်လာတော့တာပဲ။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက To be out of the picture, To play hard ball နဲ့ To show your true colors တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG