သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၂)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Get the boot, Time is up နဲ့ Walk on a tight rope တို့ကို တင်ပြထားပါတယ်။

(၁) Get the boot

Get (ရတာ)၊ the boot (ဖိနပ်၊ ဘွတ်ဖိနပ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘွတ်ဖိနပ်ကို ရလိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကန်ခံထိလိုက်တာ ဖြစ်ပါတယ်။ တနည်းတော့ အတင်းမောင်းထုတ်ခံရတာ၊ အလုပ်မှ ထုတ်ပြစ်ခံရတာမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို သမ္မတ Donald Trump ရဲ့ အိမ်ဖြူတော် ဗျူဟာရေးရာအကြီးအကဲ Chief strategist Steve Bannon က သူ့နောက်ခံသမိုင်းအရ လူဖြူကြီးစိုးရေးကို ထောက်ခံတဲ့ လူအဖြစ် ယူဆခြင်းကို ခံခဲ့ရတာ ဖြစ်တဲ့အတိုင်း Virginia ပြည်နယ် Charlottesville မှာ မကြာသေးမီက လူဖြူကြီးစိုးရေး အုပ်စုနဲ့ ဆန့်ကျင်တဲ့အုပ်စုတွေကြား ပဋိပက္ခ ဖြစ်ခဲ့ကြပြီးနောက်ပိုင်း သူကို အိမ်ဖြူတော်ရာထူးကနေ ထုတ်ပြစ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေက Bannon got the boot – Bannon ကန်ထုတ်ခံရပြီလို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John got the boot for getting into a fight with the manager.

John က မန်နေဂျာနဲ့ ရန်ဖြစ်တဲ့အတွက် အလုပ်ဖြုတ်ခံရတယ်။

(၂) Time is up

Time (အချိန်)၊ is up က ဒီနေရာမှာ အချိန်နဲ့ ပတ်သက်နေတော့ အချိန်စေ့ပြီ၊ ပြီးဆုံးပြီ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အချိန်စေ့ပြီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးအတွက် ပေးထားတဲ့အချိန် ကုန်သွားပြီဆိုရင် လူတဦးအနေနဲ့ အဲဒီတာဝန်ပေးထားချက်နဲ့ ပတ်သက်လို့ အဆုံးသတ်၊ နိဂုံးချုပ်ရတော့မှာကို ဆိုလိုပါတယ်။ ဒီအသုံးကို သမ္မတ Trump ရဲ့ အိမ်ဖြူတော် ဗျူဟာရေးရာအကြီးအကဲ Steven Bannon နဲ့ပဲ ပတ်သက်ပြီး သူ့ရဲ့ အယူအဆတွေကြောင့် ဝေဖန်မှုတွေ များလာတဲ့အတွက်ကြောင့် သူဟာ ရာထူးကနေ နှုတ်ထွက်ရမယ့်အချိန်တန်ပြီ၊ သူ့အတွက် ရက်စေ့နေပြီဆိုပြီး သတင်းမီဒီယာတွေက Time is up for Bannon လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The students had to hand in their test papers when the time was up.

ကျောင်းသားတွေက အချိန်စေ့သွားတဲ့အခါမှာ သူတို့ စာမေးပွဲ အဖြေစာရွက်တွေကို အပ်ကြရတယ်။

(၃) Walk on a tight rope

Walk (လမ်းလျှောက်တာ) ၊ on (အပေါ်မှာ)၊ a tight rope (တင်းနေတဲ့ကြိုး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တင်းနေတဲ့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်တာ ဖြစ်ပါတယ်။ ဆပ်ကပ်တွေမှာ သရုပ်ပြကြတဲ့ လူတွေအနေနဲ့ အမြင့်နှစ်ဘက်မှာ ချည်ထားတဲ့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်ပြကြရာမှာ မတော်တဆများ ကျသွားခဲ့ရင်တော့ဆိုပြီး အသည်းတထိတ်ထိတ်နဲ့ မြင်ကွင်းတွေကို ကြည့်ဖူးကြမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို နမူနာထားပြီး အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ သတိအလွန်ပဲထားပြီး ကိုင်တွယ်ကြရတဲ့ အခြေအနေမျိုးကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးကို အောက်လွှတ်တော် ဥက္ကဋ္ဌ ရီပတ်ဘလင်ကန်အမတ် Paul Ryan အနေနဲ့ တပါတီထဲဖြစ်တဲ့ သမ္မတ Trump ရဲ့ ပြောဆိုမှုတွေကြောင့် ပြဿနာ ဖြစ်နေတဲ့အပြင် လွှတ်တော်မှာလည်း သမ္မတ က အတည်ပြုစေချင်တဲ့ အဆိုတွေ တင်သွင်းမှုနဲ့ ပတ်သက်လို့ ဒီမိုကရက်တွေအပြင်၊ ရီပတ်ဘလင်ကန် အမတ်တချို့ကပါ ကန့်ကွက်ခဲ့ကြလို့ ဥပဒေကြမ်းတွေ အတည်ပြုနိုင်ဖို့က အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ CNN ရုပ်သံလွှင်ဌာနက Paul Ryan is walking a political tightrope on Trump လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ Trump နဲ့ ပတ်သက်လို့ Paul Ryan က နိုင်ငံရေးမှာ သိပ်ကို သတိထားကိုင်တွယ်နေရတဲ့ အခြေအနေမှာ ရှိနေပြီလို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Myanmar government is walking on a political tight rope regarding the tension in Rakhine state.

ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေကြောင့် မြန်မာအစိုးရဟာ နိုင်ငံရေးအရ သိပ်ကို သတိထား ကိုင်တွယ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Get the boot, Time is up နဲ့ Walk on a tight rope တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG