သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁၁)


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To play a game of chicken, To put someone on edge နဲ့ Hold your breath တို့ကို တင်ပြထားပါတယ်။

(၁) A game of chicken

A game (ကစားနည်းတနည်း)၊ of (ရဲ့)၊ chicken က သာမန်အားဖြင့် ကြက်ပေါက်စလေးလို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ ဘန်းစကားအရ သူရဲဘောကြောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သူရဲဘောကြောင်တဲ့ ကစားနည်းတနည်း ဖြစ်ပါတယ်။ ဒီအသုံးက ၁၉၅၀ ခုနှစ်များက Rebel without a cause ဆိုတဲ့ ရုပ်ရှင်ကနေ စခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ လူငယ်နှစ်ဦးက ချောက်ကမ်းပါးဆီကို ကားနှစ်စီးပြိုင် မောင်းပြီး ဘယ်သူကနောက်ဆုံး ချောက်ထဲမကျမီ သီသီလေး ခုန်ချပြေးမလဲဆိုပြီးမိုက်ရူးရဲဆန်တဲ့ သတ္တိပြိုင်မှုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က မိုက်ရူးရဲဆန်တဲ့ သတ္တိယှဉ်ပြိုင်မှုပဲ ဖြစ်ပါတယ်။ အခုအခါ သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ကြား အပြန်အလှန် ခြိမ်းခြောက်နေကြတဲ့အတွက်လည်း သတင်းမီဒီယာတွေက Trump – Kim Jong-un put the world in danger in a game of chicken ဆိုပြီး Trump နဲ့ Kim Jong-un တို့က ဘယ်သူက အရင် သရဲဘောဆန်ပြီး၊ နောက်ဆုတ်မလဲ ဆိုတဲ့သတ္တိပြိုင်မှုကြောင့် တကမ္ဘာလုံး အန္တရာယ်ကျရောက်စေတော့မယ်ဆိုပြီးရေးသားခဲ့တာတွေ့ရပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John likes to play a game of chicken until the other side gives up.

John က မိုက်ရူးရဲဆန်တဲ့ သတ္တိပြိုင်မှုကို သိပ်ကြိုက်တယ်။ တဘက်က အရှုံးပေးတဲ့အထိ သူ လုပ်လေ့ရှိတယ်။

(၂) To put someone on edge

To put (ရှိစေတာ)၊ someone (တဦးတယောက်ရဲ့)၊ on edge (အစွန်းပေါ်မှာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို အစွန်းကို ရောက်စေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးကို အစွန်းကို ရောက်စေတယ်ဆိုကတည်းကိုက အစွန်းနားမှာ ရောက်နေတဲ့လူက သူအောက်ကို လိမ့်ကျမှာ ကြောက်တာမို့ စိုးရိမ်ထိတ်လန့်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိုးရိမ်ထိတ်လန့်စေတာ၊ ကြောက်လန့်စေတာ၊ အလန့်တကြား ဖြစ်စေတာကို ဆိုလိုပါတယ်။ ဒီအသုံးကို သမ္မတ Trump က မြောက်ကိုရီးယားကို မီးကုန်ယမ်းကုန် တိုက်မယ်၊ ဒါထက်ပို ပြင်းပြင်းထန်ထန် ပြောအုံးမယ်၊ အမေရိကန်စစ်တပ်က Locked and loaded လက်နက်တွေ အဆင်သင့်ပြင်ထားပြီး စသည်ဖြင့်တို့ ပြောခဲ့ရာမှာ မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်ပိုင် Guam ကျွန်းကို မကြာမီ ရက်တွေအတွင်းမှာ ဒုံးနဲ့ပစ်ဖို့ လုပ်နေပြီလို့ ပြန်ခြိမ်းခြောက်ခဲ့တဲ့အတွက်ကြောင့် သတင်းမီဒီယာတွေက ၊ Is North Korea going to nuke the US ? Trump’s rhetoric puts the country on edge ဆိုပြီး မြောက်ကိုးရီးယားကအမေရိကန်ကို nuclear နဲ့ တိုက်တော့မှာလား၊ Trump ရဲ့ ပြောဆိုမှုတွေဟာ နိုင်ငံကို စိုးရိမ်ထိတ်လန့်စေခဲ့တယ်လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The threat of bomb attacks by militants put locals on edge.

ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်မယ်လို့ စစ်သွေးကြွတွေရဲ့ခြိမ်းခြောက်မှုကြောင့်ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်။

(၃) Hold your breath

Hold က (ဆိုင်းထားတာ၊ ခဏရပ်ထားတာ) ၊ your (သင့်ရဲ့)၊ breath (အသက်ရှူတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသက်ရှူတာ ခဏရပ်ထားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ကျမတို့ မြန်မာမှာ တခုခု ဖြစ်တော့မှာမို့ စိုးရိမ်လွန်လို့ အသက်တောင်ရဲရဲ မရှူရဲဘူးလို့ ပြောတဲ့အသုံးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ တနည်းတော့ ရင်တမမ၊ ရင်တထိတ်ထိတ်နဲ့ နေရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးးက သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ကြား တဘက်နဲ့တဘက် အပြန်အလှန် ပြောဆိုမှုတွေ ပြင်းထန်လာတဲ့အတွက်ကြောင့်လဲ Washington Post သတင်းစာကြီးက World holds its breath on North Korea ၊ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ကမ္ဘာကြီးက ရင်တမမ ဖြစ်နေလေရဲ့ ဆိုပြီး သတင်းစာခေါင်းကြီးမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary said she was holding her breath for the exam results to come out.

စာမေးပွဲအောင်စာရင်းတွေ ထွက်လာဖို့ သူ့အနေနဲ့ ရင်တမမနဲ့ စောင့်နေရတယ်လို့ Mary က ပြောခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက To play a game of chicken, To put someone on edge နဲ့ Hold your breath တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG