သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိပ်မပျှော်ခြင်း


အိပ်မပျှော်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ အိပ်မပျှော်တဲ့ဝေဒနာ အဖြစ်များလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။ အိပ်မပျှော်တဲ့ဝေဒနာ ဖြစ်ရခြင်းက အဓိကအကြောင်းမှာစိတ်ပိုင်းဆိုင်ရာတွေ (စိတ်ဖိစီးမှုများ၊ စိတ်ဓာတ်ကျဆင်းခြင်း) ကြောင့် ဖြစ်ရပြီး၊ တချို့တွေမှာ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ ခန္ဓာကိုယ်ရောဂါဒဏ်တွေ (ကင်ဆာ၊ အဆစ်အမြစ်ယောင်ခြင်း၊ နှာခေါင်းပိတ်ထိပ်ကပ်နာခြင်း၊ ပန်းနာရင်ကြပ်၊ နှလုံးရောဂါ၊ လည်ပင်းကြိတ်ဟော်မုန်းများခြင်း၊ အစာမကျေ လေထိုးလေအောင့်ဖြစ်ခြင်း၊ မီးယပ်သွေးဆုံးခြင်း စသည်ဖြင့်)၊ ဆေးဝါးပစ္စည်း (ကော်ဖီ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက် အပါအဝင်) တွေကြောင့် ဖြစ်ရကာ၊ တချို့မှာလည်း အိပ်ပတ်ဝန်းကျင် အနှောက်အယှက်တွေ (ဆူညံသံ၊ အလင်းဝင်တာ၊ အခြားနိုးထဖို့ လှုံ့ဆော်တာ) နဲ့ အလုပ်တစ်ညလုံး ဆင်းရပြီး နေ့ပိုင်းမှာ ကောင်းစွားအိပ်မရတာတွေကြောင့် ဖြစ်ပါတယ်။

အိပ်မပျှော်တဲ့ဝေဒနာဖြစ်နေပြီလို့ သတ်မှတ်နိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော် အိပ်မရတဲ့အထိ စောင့်ကြည့် ဆုံးဖြတ်သင့်ပါတယ်။ တစ်ပတ်အတွင်း (၃) ညကျော် ဆက်တိုက် အိပ်မပျော်၊ အိပ်မရလျှင် ဒီရောဂါပြဿနာရှိမရှိ ကို ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

အိပ်မရတဲ့ ဝေဒနာအတွက် ကုသရာမှာတော့ အဓိက အိပ်ဆေးကိုသာ အသုံးမပြုသင့်ဘဲ၊ ဖြစ်ရခြင်း အကြောင်းရင်းတွေ (ဥပမာ … အလင်းဝင်များနေတာ၊ ဆူညံသံတွေရှိတာ၊ ကလေးနှောက်ယှက်တာ၊ စိတ်သောကဖြစ်တာ) တွေကို ဦးစားပေး ဖြေရှင်းပေးသင့်ပါတယ်။ အိပ်ဆေးတွေကို (၄) ပတ် (၅) ပတ် ရက်ရှည် ပေးမိပါက၊ အိပ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နုံးနေတာ၊ မှတ်ဉာဏ်လျော့တာ၊ ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်လဲဒဏ်ရာရတာ၊ အိပ်ဆေးစွဲသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်မပျှော်ခြင်းကနေ ကာကွယ်ရာမှာ အဓိကအကြောင်းရင်းဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှု လျော့ချနိုင်အောင် အပန်းဖြေတာ၊ ဘဝနေပျော်အောင်နေတာ၊ အချိန်မှန်အိပ်ယာဝင်တာ၊ မှောင်ပြီး တိတ်ဆိတ်တဲ့ အခန်းမှာအိပ်တာ၊ ပုံမှန်အားကစားလေ့ကျင့်ခန်းလုပ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။

အခြားအကြောင်းရင်းတစ်ခုဖြစ်တဲ့ ရောဂါဒဏ်ကြောင့် ဖြစ်တာအတွက် အခြေခံရောဂါကို ပျောက်ကင်းအောင် ကုသပေသင့်ပါတယ်။ ဒါ့အပြင် အိပ်ယာဝင်ခါနီးမှာလည်း အိပ်မပျောမယ့် ကော်ဖီ၊ ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး မသောက်သုံးတာအပြင်၊ ထမင်းလို ကာဗိုဟိုက်ဒရိတ် (ခေါ်) ကဆီဓာတ်ပါတဲ့ အစာတွေ အများကြီး မစားသင့်ပါဘူး။ အိပ်ယာပတ်ဝန်းကျင် အနှောက်အယှက်တွေမဖြစ်ဘဲ သင့်တော်တဲ့ အိပ်ယာနေရာ ဖန်တီးနိုင်ဖို့အတွက် အိပ်ခန်းကို အိပ်ဖို့ပဲထားတာ (အလုပ်ခန်းအဖြစ် အသုံးမပြုတာ၊ ရုပ်မြင်သံကြားမထားတာ၊ အိပ်ယာထဲဖုန်းမပြောတာ)၊ ဆူညံသံတွေ မဝင်အောင်ထားတာ၊ အလင်းမဝင်အောင် ကန့်လန့်ကာ ကာထားတာ၊ အပူအအေးမျှတအောင် ထားရှိဖို့တွေ လုပ်ပေးသင့်ပါတယ်။

တကယ်လို့ ဒီဝေဒနာကို မကာကွယ် မကုသပေးနိုင်လျှင် အိပ်ရေးပျက်တာကြောင့် ကိုယ်ခံစွမ်းအားထိခိုက်တာ၊ မှတ်ဉာဏ်ကျတာ၊ အကြံကောင်းမထွက်တာ၊ စိတ်ဂဏမငြိမ်ဖြစ်တာ၊ စိတ်တိုတာ၊ လုပ်ငန်းခွင်အနှောက်အယှက်ဖြစ်တာ၊ စိတ်အားငယ်တာ၊ အားအင်ကုန်ခမ်းတာ၊ အာရုံစူးစိုက်မှုမရှိနိုင်တာ၊ တုံ့ပြန်မှုနှေးကွေးတာ၊ အာလေးလျှာလေးဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်တာ ပိုများလာလျှင် စိတ်သောကရောက်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာပြီး နောက်ဆက်တွဲအဖြစ် ကိုယ်အလေးချိန်တက်တာ၊ သွေးတိုးတက်တာ၊ နှလုံးထိခိုက်တာ၊ ဆီးချိုဖြစ်တာတွေအထိ ဆက်ဖြစ်လာနိုင်ပါတယ်။

ဒီရောဂါဝေဒနာဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG