သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု အန္တရာယ်


အကြမ်းဖက်မှု အန္တရာယ်
please wait

No media source currently available

0:00 0:05:26 0:00
တိုက်ရိုက် လင့်ခ်


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ ARSA (ခေါ်) ရိုဟင်ဂျာကယ်တင်ရေးတပ်အကြောင်း ပြည်တွင်းပြည်ပမှာ အမျိုးမျိုးပြောဆို ရေးသားကြပါတယ်။ ARSA အဖွဲ့ကို Saudi Arabia အခြေစိုက်အုပ်စုက ကူညီထောက်ပံ့နေတယ်လို့ ရဲမှူးချုပ်ဝင်းထွန်းက ပြောဆိုတာကို အောက်တိုဘာလ (၁၃) ရက်နေ့ထုတ် မဇ္စိုမသတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ARSA အဖွဲ့ကတော့ နိုင်ငံတကာအကြမ်းဖက်ဂိုဏ်းတွေနဲ့ လုံးဝအဆက်အသွယ် မရှိဘူးလို့ ဆိုပါတယ်။ ဘူးသီးတောင်၊ မောင်းတောကို ရိုဟင်ဂျာမြေလုပ်ဖို့ ARSA အဖွဲ့က ရည်ရွယ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ဂျီဟတ်ဘာသာရေးစစ်ပွဲအဖြစ် အသွင်ပြောင်းပစ်ဖို့ အစွန်းရောက် အစ္စလာမ်အုပ်စုက စိတ်ဝင်စားနေပုံရပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာသာရေးစစ်ပွဲ ဆင်နွဲဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ အာချေကျွန်းမှာ စစ်သင်တန်းတက်သူတွေရှိပြီး စစ်တိုက်ဖို့ စာရင်းပေးထားသူ တစ်သောင်းလောက်ရှိကြောင်း သိရပါတယ်။ ARSA မှာ အင်အား (၄၀၀၀) လောက်ရှိတဲ့အနက် (၂၀၀၀) နီးပါးရဲ့ အမည်စာရင်းရထားတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတာကို DVB သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ARSA ရဲ့ လူအင်အားကို မှန်းဆပြောဆိုတာတွေများပြီး ခိုင်လှုံတဲ့ အထောက်အထားက နည်းနေပါတယ်။

နိုင်ငံခြားသတင်းမီဒီယာတွေဟာ ARSA ဂိုဏ်းအကြောင်း ရေးတာနည်းပြီး ရခိုင်ကထွက်ပြေးသူတွေဟာ သူတို့ကို လက်နက်ပေးဖို့ စစ်တကောင်းမြို့ ဆန္ဒပြပွဲမှာ တောင်းဆိုကြပေမယ့် ARSA နဲ့ ဆက်စပ်မှု ရှိမရှိ မသိနိုင်ပါ။ ARSA လက်နက်ကိုင်အဖွဲ့ဟာ ဘာသာရေး ယုံကြည်ချက်ကို အခြေခံပြီး ဖွဲ့စည်းထားတာမို့ စိတ်ပိုင်းဆိုင်ရာမှာ အောင်မြင်မှုကို အဓိကထားပုံရပါတယ်။ တိုက်ပွဲတွေမှာ ARSA ဘက်က အကျအဆုံးများပေမယ့် ဒုက္ခသည်ပြဿနာကို တကမ္ဘာလုံးက အာရုံစိုက်လာတဲ့အတွက် သေရကျိုးနပ်တယ်လို့ ယူဆကြပါတယ်။ ဘင်္ဂလီဒုက္ခသည်ကို လူမှုရေး အကူအညီထောက်ပံ့တဲ့ အစ္စလာမ်အဖွဲ့အစည်းတွေ ရှိသလို၊ အစိုးရကို တော်လှန်ဖို့ ပြင်ဆင်နေတဲ့ အစွန်းရောက်အစ္စလာမ်ဂိုဏ်းလည်း ရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ကြီးကတော့ အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ARSA အစွန်းရောက်အဖွဲ့ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချတယ်လို့ မြန်မာ့အစ္စလာမ်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တချို့ကလည်း ARSA အကြမ်းဖက်လှုပ်ရှားမှုဟာ မြန်မာအစိုးရတပ်တွေ စစ်ဆင်ဖို့ အခွင့်အလမ်း ဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြင်ကြပါတယ်။ မြန်မာစစ်ခေါင်းဆောင်ပိုင်းကို ဒဏ်ခတ်အရေးယူတာမျိုးလုပ်ဖို့ အမေရိကန်နဲ့ ဥရောပက စဉ်းစားလာတဲ့အထိ ARSA လှုပ်ရှားမှု ဂယက်ရိုက်လာပါတယ်။ ဒါပေမဲ့ မြန်မာဟာ အိန္ဒိယနဲ့ တရုတ်ဆီက စစ်ပစ္စည်းတွေ ရယူနေတာမို့ အနောက်တိုင်း ဒဏ်ခတ်အရေးယူမှုဟာ ထိရောက်အောင်မြင်ဖို့ အလားအလာ မရှိကြောင်း မျက်မှောက်ခေတ်သမိုင်းက သက်သေပြနေပါတယ်။

ARSA လှုပ်ရှားမှု နောက်ကြောင်းကို သိနေတဲ့ အိန္ဒိယအစိုးရကသာ ဘင်္ဂလီဒုက္ခသည်နဲ့ အကြမ်းဖက်ဂိုဏ်းတို့ ရောထွေးယှက်တင် ဖြစ်နေပုံကို သတိထားမိပုံ ရပါတယ်။ သြဂုတ်လနှောင်းပိုင်းကစတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ရိုဟင်ဂျာမွတ်စလင် သုံးထောင်လောက် သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ က ပြောပါတယ်။ ရိုဟင်ဂျာပြဿနာကို အစ္စလာမ်တရားလွန်ဝါဒီ (သို့မဟုတ်) ဘင်္ဂလီအကြမ်းဖက်လှုပ်ရှားမှုအဖြစ် ဗမာအစိုးရက ဝါဒဖြန့်နေတယ်လို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာ ကို ဘင်္ဂလီလို့ မခေါ်ဖို့ မြန်မာအစိုးရကို ထပ်တလဲလဲ ပြောထားတယ်လို့လည်း မာမွတ်အလီ က ဆိုပါတယ်။ ဒီနေရာမှာတင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ အကြမ်းဖက်မှု နှိမ်နင်းရေးဟာ ရပ်တန့်နေမယ့်သဘော ရှိပါတယ်။ အစ္စလာမ်အစွန်းရောက် ဂျီဟတ်လှုပ်ရှားမှု မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုပါတယ်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်သတင်းမှာ ကောလဟာလနဲ့ အမှားအယွင်းများတာကြောင့် အခြေအနေ ပိုဆိုးကုန်တယ်လို့ မြန်မာပြည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ဟောင်း အငြိမ်းစာဗိုလ်မှူးချုပ် Anup Kumar Chakma က ပြောဆိုတာကို အောက်တိုဘာလ (၉) ရက်နေ့ထုတ် Dhaka Tribune သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်ကာလကစပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာမို့ တရားလွန်အစ္စလာမ် ဂျီဟတ်နဲ့ မပတ်သက်ဘူးဆိုတာ သဘောပေါက်ကြပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုရဲ့ ခြေကုတ်စခန်းဟာ စစ်တကောင်း ဖြစ်ပါတယ်။ ဒါကို အာရပ်ဒေသက အစ္စလာမ်ဂျီဟတ်စစ်ပွဲနဲ့ ဆက်စပ်သလို ပြောဆိုတာမျိုးဟာ နိုင်ငံရေးဝါဒဖြန့်ချက်လို ဖြစ်နေပါတယ်။

ဒါကြောင့် အကြမ်းဖက်မှုကို နှိမ်နင်းရာမှာ လက်နက်ကိုင် တိုက်ခိုက်တဲ့ နည်းတင်မကဘဲ အခြေခံပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကိုဖီအာနန် အကြံပေးကော်မရှင်အဖွဲ့က ထောက်ခံတင်ပြထားတာတွေကို အလေးအနက် အကောင်အထည်ဖော်ရပါလိမ့်မယ်။ ဒေါ်စု ဥက္ကဋ္ဌလုပ်ပြီး လူမှုဝန်ထမ်းဝန်ကြီး ဒုဥက္ကဋ္ဌလုပ်တဲ့ “ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း” ဟာ ကိုဖီအာနန်ကော်မရှင်ရဲ့ ထောက်ခံတင်ပြမှုတခု ဖြစ်ပါတယ်။ ဝန်ကြီးဌာနအဆင့်ရှိတဲ့ ရခိုင်ရေးရာရုံးကို တည်ထောင်ပြီး လက်တွေ့လုပ်ကိုင်ဖို့ ကိုဖီအာနန်ကော်မရှင်က အကြံပေးထားပါတယ်။

XS
SM
MD
LG