သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia နဲ့ စပိန် ထိပ်တိုက်တိုးဖွယ်ရှိ


Catalonia ဒေသ သမ္မတ Carles Puigdemont နဲ့ အတူ သူ့ကိုထောက်ခံသူ လူထု ချီတက်နေကြစဉ်။
Catalonia ဒေသ သမ္မတ Carles Puigdemont နဲ့ အတူ သူ့ကိုထောက်ခံသူ လူထု ချီတက်နေကြစဉ်။

Catalonia ဒေသကို စပိန်နိုင်ငံကနေခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာလိုက်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ Catalan အစိုးရကို ထုတ်ပစ်လိုက်ကြောင်းနဲ့ လွှတ်တော်ကိုပါ ဖျက်သိမ်းလိုက်တဲ့အကြောင်း စပိန်ဝန်ကြီးချုပ်က ကြေညာပါတယ်။ အဲဒီလိုကြေညာ လိုက်တဲ့အတွက် Catalan အုပ်ချုပ်ရေးနဲ့ လွှတ်တော်တို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အားလုံးကို ဗဟိုအစိုးရက ချုပ်ကိုင်လိုက်တာပဲဖြစ်ပါတယ်။ Catalonia ဒေသမှာတော့ လွတ်လပ်ရေးကြေညာတဲ့အပေါ် အောင်ပွဲခံနေဆဲပါ။ ဒီအခြေအနေ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

(လက်ခုပ်တီးသံ)

Catalonia ဒေသကို စပိန်ကနေခွဲထွက်ဖို့ ထောက်ခံမဲ ၇၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ပလာမဲ ၂ မဲနဲ့ Catalan လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပြီးတဲ့နောက် ခွဲထွက်ရေးထောက်ခံသူ လွှတ်တော်အမတ်တွေ လက်ခုပ်တီး အောင်ပွဲခံခဲ့ကြတာ ပါ။ မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် Catalonia ဒေသ သမ္မတ Carles Puigdemont က မိန့်ခွန်းပြောတာမှာ -

“စက်တင်ဘာလ ၂၇ ရက်နေ့ကလုပ်တဲ့ ရွေးကောက်ပွဲတွေကနေဖြစ်လာတဲ့ ကျနော်တို့နိုင်ငံရဲ့ တရားဝင် လွှတ်တော်ဟာ အဓိကမျှော်လင့်ထားကြတဲ့၊ အများအားဖြင့် ရုန်းကန်ရယူထားတဲ့ လုပ်ဆောင်ချက်တခုကို လုပ်လိုက်ပါပြီ။ တရားဝင်ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုကြီးက မဲဆန္ဒရှင်တွေပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း လုပ်ဆောင်လိုက်ကြပါပြီ။”

လွတ်လပ်ရေးကြေညာတဲ့အပေါ် အားလုံးက ထောက်ခံကြတာတော့ မဟုတ်ပါဘူး။ ကန့်ကွက်သူတွေထဲမှာ အထူးသဖြင့်တော့ စပိန်ဗဟိုအစိုးရက အဓိကပါပဲ။ လွတ်လပ်ရေးကြေညာတဲ့ တရက်ထဲမှာပဲ စပိန်အစိုးရက အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူ ပြီး အထက်လွှတ်တော်က အတည်ပြုထားတဲ့ အရေးပေါ်အခြေအနေ လုပ်ဆောင်ချက် တစိတ်တပိုင်းအနေနဲ့ Catalan အစိုးရကို ထုတ်ပစ်လိုက်သလို လွှတ်တော်ကိုလဲ ဖျက်သိမ်းလိုက်ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲအသစ်ကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပ မယ်လို့ စပိန်ဝန်ကြီးချုပ် Mariano Rajoy က အစည်းအဝေးအပြီးမှာ ကြေညာပါတယ်။

“အရင်တုန်းက ကျနော်တို့ ပြောထားသလိုပါပဲ၊ ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရပ်ဆိုင်းတာ၊ ဝင်စွက်ဖက်တာ၊ ဖြတ်တောက်ပစ်တာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖြစ်နိုင်သမျှအမြန်ဆုံး ပုံမှန်ပြန်ရောက်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းမှုဆိုင်ရာ တရားဝင်မှုကို ပြန်လည်ထူထောင်ပြီး Catalan လူထုကို လုပ်ပိုင်ခွင့် ပြန်အပ်နှင်းခြင်းအားဖြင့် ပုံမှန် အခြေအနေကို စတင်တာပါ။ ဒါကြောင့် Catalan လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့အကြောင်းနဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ Catalonia ဒေသ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ကျနော် ဒီကနေ့ အသိပေးအပ်ပါတယ်။”

Catalan လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးချိန်ကတည်းက ဒီကိစ္စ အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးဆိုတာ ထောက်ခံသူနဲ့ ကန့်ကွက်သူ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောခဲ့တာကိုကြည့်ရုံနဲ့ ခန့်မှန်းနိုင်ပါတယ်။ Joan Corominas က ခွဲထွက်ရေးကို ထောက်ခံသူ Catalan ဒေသ အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ လွှတ်တော်အမတ်တဦးပါ။

“ကျနော် သိပ်ကို စိတ်လှုပ်ရှားပါတယ်။ ကျနော်တို့ပျော်ပါတယ်။ တာဝန်တွေအများကြီး ရှိလာတာကတော့ အသေအချာပါပဲ။ Catalonia လူထုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း လုပ်လိုက်ရတာ၊ ဒီအချိန်အခါရောက်လာဖို့ နှစ်ပေါင်းများ စွာ အားပေးခဲ့သူတိုင်းအတွက် လုပ်ဆောင်ရတာ၊ အထူးသဖြင့် အောက်တိုဘာလ ၁ ရက် လူထုဆန္ဒခံယူပွဲမှာ မဲပေးခဲ့သူတွေ အတွက် လုပ်လိုက်ရတာကြောင့် ပျော်ပါတယ်။”

ကန့်ကွက်ခဲ့ကြသူတွေထဲမှာ Catalonia ပြည်သူ့ပါတီက ဒေသဆိုင်ရာလွှတ်တော်အမတ် Xavier Garcia Albiol လဲ တဦးအပါ အဝင်ပါ။

“Catalan လွှတ်တော်မှာ ဒီနေ့ ကျနော်တို့တွေ့ခဲ့ရတာ ရှက်ဖွယ်လိလိလုပ်ရပ်ပါ။ မမြင်နိုင်တဲ့ အနေအထားတခုကို ကျနော်တို့ ရောက်သွားပါပြီ။ ဖွဲ့စည်းမှုပိုင်း ပုံမှန်ပြန်ရောက်အောင် စပိန်အစိုးရက ချက်ခြင်းလုပ်မှာဖြစ်တာကြောင့် Catalonia ဟာ စပိန်နိုင်ငံရဲ့ အစိတ်အပိုင်းတခုအဖြစ်ကနေ ကွဲထွက်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုကိစ္စဟာ Catalonia သမိုင်းမှာ အမည်း မှောင်ဆုံးနေ့လို့ ကျနော်ယူဆပါတယ်။”

လွှတ်တော်အမတ်တွေကြားထဲမှာ အကွဲကွဲအပြားပြား ဖြစ်ရုံသာမက စပိန်လူထုကြားမှာလဲ ဒီလွတ်လပ်ရေးကိစ္စအပေါ် သဘော ထားက လုံး၀ ကွဲပြားနေပါတယ်။ အထူးသဖြင့် ထောက်ခံသူတွေက Catalan ဒေသခံတွေဖြစ်ကြပြီး အဲဒီထဲမှာ အသက် ၅၄ နှစ် အရွယ် Monserrat Prats လဲ ပါပါတယ်။

“ကျနော်တို့က လွတ်လပ်ရေး လိုလားသူတွေပါ။ ကျနော်တို့အများစုပါ။ ကျနော်တို့က ဒီမိုကရေစီကို လိုလားသူတွေပါ။ တရားမျှတတယ်လို့ ကျနော်တို့ယုံကြည်တာအတွက် တိုက်ပွဲဝင်နေကြတာပါ။”

Catalonia ဒေသအပြင်ဘက်က စပိန်နိုင်ငံသားအများစုကတော့ ဒီလို လွတ်လပ်ရေးကြေညာတာကို မနှစ်မြို့ကြပါဘူး။ မက်ဒရစ် မြို့တော်က အသက် ၈၅ နှစ်အရွယ် ပင်စင်စားအမျိုးသမီးကြီး Maria ရဲ့လေသံမှာဆို စိုးရိမ်စိတ်တွေထင်ဟပ်နေပါတယ်။

“Catalonia မှာဖြစ်နေတာတွေကို ကျမတော့ လုံးဝမကြိုက်ဘူး။ တဘက်နဲ့တဘက် ပစ်ခတ်ကြမယ့်အစား ဆွေးနွေး ပြောဆိုပြီး ဖြေရှင်းနိုင်မယ်လို့ တွေးထင်ကြမှာပဲ။ ကျမတော့ မပြောတတ်ဘူးရှင်။ နှစ်ဘက်စလုံးအနေနဲ့ နားလည်မှုတခုရဖို့တော့ လိုအပ်ပါတယ်။”

Catalonia ဒေသဟာ စပိန်နိုင်ငံမှာ အကြွယ်ဝဆုံးဒေသဖြစ်ပြီး စပိန်နိုင်ငံဟာလဲ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာ နံပါတ် ၄ အဆင့် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံပါ။ လက်ရှိမှာတော့ နိုင်ငံတကာက ဒီအခြေအနေကို စောင့်ကြည့်နေကြပါတယ်။

လက်ရှိမှာတော့ လွတ်လပ်ရေးကြေညာတာမှာ တာဝန်ရှိသူတွေကို နိုင်ငံတော်ပုန်ကန်မှု၊ သစ္စာဖောက်ဖျက်မှုစွဲချက်တွေနဲ့ တရားစွဲ ဖို့ စပိန်ရှေ့နေချုပ်ရုံးက လုပ်ဆောင်နေတဲ့အပြင် Catalan သမ္မ Carles Puigdemont နဲ့ ဒုသမ္မတ Oriol Junqueras တို့ကိုသာ မက ထောက်ခံတဲ့ လွှတ်တော်အမတ်တွေကိုပါ စွဲချက်တင်မလားဆိုတာ ဆန်းစစ်နေပါတယ်။

တဘက်မှာလဲ ထောက်ခံသူတွေက ကြေညာထားတဲ့လွတ်လပ်ရေးကို ရုပ်သိမ်းဖို့ ဘယ်လိုမှ မျှော်လင့်မရတာကြောင့် Catalonia အရေးဟာ မကြာခင်အချိန်အတွင်း အေးသွားမယ့်ပုံတော့ မရှိပါဘူး။

Catalonia နဲ့ စပိန် ထိပ်တိုက်တိုးဖွယ်ရှိ
please wait

No media source currently available

0:00 0:04:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG