သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာမှာ ပွင့်လင်းမြင်သာဖို့ ရခိုင်အကြံပေးအဖွဲ့ ဖွဲ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ခွာသွားတဲ့ ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ခွာသွားတဲ့ ဒုက္ခသည်များ

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ဖွဲ့စည်းလိုက်တာဟာ နိုင်ငံတကာအတွက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာနိုင်ကြောင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ဒီလို ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေကတော့ နိုင်ငံတကာဖိအားတွေ တုံ့ပြန်နိုင်ဖို့နဲ့ နိုင်ငံတကာအတွေ့အကြုံတွေ ရရှိစေဖို့ အတွက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်က ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ကို ဒီလ ၈ရက်နေ့က စတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒီအကြံပေးအဖွဲ့မှာ အမေရိကန်၊တောင်အာဖရိက၊ ထိုင်း၊ ဆွီဒင်နဲ့ အင်္ဂလန်က ထိပ်တန်းနိုင်ငံရေးသမားကြီးတွေပါဝင်သလို မြန်မာနိုင်ငံက နိုင်ငံတကာအရေးကြွမ်းကျင်သူတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ဒီလို ဖွဲ့စည်းလိုက်တဲ့အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“အကြံပြုဖို့အတွက် ပြည်တွင်း ပြည်ပ ပညာရှင်တွေ ပါတယ်ဆိုတော့ အတွေ့အကြုံရှိတဲ့လူတွေ ပါတာပေါ့။ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ပိုမိုထိရောက်မယ်ပေါ့။ သူတို့ကလည်း အကြံပြုဖို့အတွက် လေ့လာရမှာလေ။ စာတွေ့တော့ သူတို့ တွေ့မှာပေါ့။ လက်တွေ့လည်း သူတို့ လေ့လာပြီးတော့မှ အကြံပေးရမှာဖြစ်တဲ့အတွက်ကြောင့် ဒီဒေသနဲ့ပတ်သက်လို့ ကွင်းဆင်းလေ့လာတာတွေ ရှိမယ်။ အဲတော့ ဒေသအကြောင်းလည်း သူတို့ ပိုသိမှာပေါ့။ ပိုပြီးတော့ transparent ဖြစ်တယ်ပေါ့။ international မှာ။”

လက်ရှိ ရခိုင်ပြည်နယ်ကနေ လူ ၆သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ခွာသွားတဲ့ အခြေအနေတွေဟာ လူမျိုးပြုတ် ရှင်းလင်းရာရောက်နေတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲပြီး တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ ရခိုင်ပြည်နယ်ကို စုံစမ်းရေးအဖွဲ့တွေ သွားခွင့်ပြုဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်ကို ကွင်းဆင်းလေ့လာပြီး မြောက်ဦးစစ်တမ်းဆိုတဲ့ စာတမ်းရေးသားခဲ့တဲ့ နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ လက်ရှိ အကြံပေးအဖွဲ့ ဖွဲ့စည်းတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ ဒီအကြံပေးအဖွဲ့မှာ နိုင်ငံခြားသား ၅ယောက်ပါတာပေါ့။ နိုင်ငံခြားသား ၅ယောက်ပါပြီးဖွဲ့တဲ့အခါ အကြောင်းအချက် ၂ချက်ရှိလိမ့်မယ်လို့ ထင်တယ်။ ပထမအချက်ကတော့ UN ပေါ့။ နိုင်ငံတကာမှာ ရင်ဆိုင်ပြီးတော့ ဖြေရှင်းနိုင်ဖို့ ဒါကို ရည်ရွယ်ပုံရပါတယ်။ ပထမအချက်ကတော့ အရင်စစ်အစိုးရလက်ထက်ကလည်း နိုင်ငံတကာမှာ အကျပ်အတည်းကြုံတိုင်းမှာ Lobby အဖွဲ့ ငှားသလိုပဲလေ။ နံပတ်၂အချက်ကတော့ နိုင်ငံတကာအတွေ့အကြုံ ထိုင်းတို့ ဘာတို့မှာဖြေရှင်းတဲ့ မူဆလင်ပြဿနာဖြေရှင်းတဲ့ အတွေ့အကြုံတွေ လိုချင်ပုံရပါတယ်။ အဲလိုပဲသုံးသပ်ရမှာပေါ့။”

အကြံပေးအဖွဲ့မှာ လူထုရွေးခြယ်ထားတဲ့ သူတွေ ပါဝင်ရေးအတွက်လည်းအခုလို ထောက်ပြပါတယ်။

“ ကျနော့အနေနဲ့ကတော့ ရခိုင်ပြည်လူထုကနေပြီးတော့ ရွေးခြယ်၊ကိုယ်စားပြု mandate ပေးထားတဲ့သူတွေကို ဒီပြဿနာဖြေရှင်းတဲ့နေရာမှာပဲဖြစ်ဖြစ် အကြံပေးကော်မတီမှာပဲဖြစ်ဖြစ် ထည့်သွင်းဖွဲ့စည်းသင့်တယ်လို့ ထင်တယ်။ တကယ်လို့ အဲဒီလူတွေ ကိုယ်တိုင်ပါဝင်ဖွဲ့စည်းခြင်းမပြုဘဲ သူတို့ရဲ့ အကြံဉာဏ်တွေ မပါဘဲ ဖြေရှင်းမယ်ဆိုရင်တော့ ဖြေရှင်းဖို့ ခက်ခဲနေအုံးမယ်လို့ပဲ မြင်ပါတယ်ခင်ဗျ။ ”

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှာတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပူးတွဲ ဥက္ကဌအဖြစ် ပါဝင်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၂ခုနှစ်ကစတင်ပြီး လူမျိုးရေး၊ဘာသာရေးမတည်မငြိမ်မှုတွေဖြစ်ပွားခဲ့တာပါ။ ၂၀၁၅ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအစိုးရဖွဲ့ပြီးချိန်မှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်စတဲ့ ကော်မရှင်တွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို ဖော်ဆောင်ဖို့အတွက် ဒီနှစ် စက်တင်ဘာလမှာ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သလို ဒီကော်မတီဖွဲ့စည်းတဲ့ ကြေညာချက်မှာ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်တွေ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံရှိသူတွေနဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG