တောင်ကိုရီးယား ခေါင်းဆောင် အစောဆုံး အဆင်ပြေမယ့် အချိန် မြောက်ကိုရီးယား နိုင်ငံကို အလည်လာရောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်က ဖိတ်ကြားလိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူ Kim Yo Jong က ဒီကနေ့ စနေနေ့ တောင်ကိုရီးယား သမ္မတ အိမ်တော် Blue House မှာ သမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံမှု အတွင်း ကိုယ်တိုင် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဒီလို ဖြစ်လာရေး အတွက် လိုအပ်တဲ့ အခြေအနေမျိုး ဖြစ်အောင် ဆောင်ရွက်မယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ဖိတ်ကြားချက်ကို တုံ့ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဖိတ်ကြားချက် အပေါ် တောင်ကိုရီးယား နိုင်ငံရေး ပါတီတွေရဲ့ တုံ့ပြန်ချက်တွေ ကတော့ ကွဲပြားနေပါတယ်။ မြောက်ကိုရီးယားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဆိုရင် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး တည်ဆောက်မှု အတွက် အရေးပါတဲ့ အရှိန်အဟုန်တရပ်ကို ဖြစ်စေတယ်လို့ အာဏာရ ဒီမိုကရက်တစ် ပါတီ ပြောခွင့်ရက ပြောဆိုပါတယ်။ မြောက်ကိုရီးယား ရဲ့ ဖိတ်ကြားကမ်းလှမ်းမှုရဲ့ တကယ့် ရည်ရွယ်ချက် အပေါ်မှာ သံသယနဲ့ သတိထားဖို့ အတိုက်အခံ ပါတီတွေဘက်က ပြောဆိုထားပါတယ်။
တရားဝင် အနေနဲ့တော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ညီမက တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပွဲတော်ကို လာတက်တဲ့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါပေမယ်လို့လည်း ယုံဟပ် သတင်းမှာ ဖော်ပြချက်မှာတော့ သူမက မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ တောင်ကိုရီးယားကို လာခဲ့တာလို့ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူ Kim Yo Jong ရဲ့ အခု ခရီးစဉ်ကတော့ ကိုရီးယား စစ်ပွဲ အပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ အကြီးအကဲ မိသားစုဝင် တဦး တောင်ကိုရီးယားကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။ သူမက မြောက်ကိုရီးယား အလုပ်သမား ပါတီရဲ့ အကြီးတန်း အဖွဲ့ဝင် ဖြစ်သလို အကိုဖြစ်သူရဲ့ အရေးပါတဲ့ အကြံပေး တဦးလည်း ဖြစ်ပါတယ်။