သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဝန်ထမ်းများ လက်နက်တပ်ပေးဖို့ သမ္မတ Trump စဉ်းစား


သမ္မတ Donald Trump

အမေရိကန် ပြည်ထောင်စုက စာသင်ကျောင်းတွေမှာ ပစ်ခတ်မှုတွေကို ဟန့်တားနိုင်ဖို့ ပညာရေး ၀န်ထမ်းတွေကို လက်နက်တပ်ဆင်ပေးမယ့် စိတ်ကူးနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် သမ္မတ Donald Trump က ကြိုးစားလိုက်ပါတယ်။ စစ်ဘက်ဆိုင်ရာ ဒါမှမဟုတ် အထူးလေ့ကျင့် သင်ကြားမှု အတွေ့အကြုံရှိပြီး သေနတ်နဲ့ အကျွမ်းတ၀င်ရှိတဲ့ ကျောင်းဆရာတွေကို လူမမြင်အောင် သေနတ်ကိုင်ခွင့် ပေးနိုင်မယ့် နည်းလမ်းမျိုးကို ရှာဖွေစေလိုကြောင်း ပြောဆိုခဲ့တာပါ။

အထူးချွန်ဆုံး ဆရာ ၂၀% လောက် ရှိတယ်ဆိုရင်ပဲ၊ မသမာတဲ့ ရည်ရွယ်ချက်နဲ့ စိတ်မမှန်တဲ့သူတယောက် ကျောင်းထဲရောက်လာရင်၊ ချက်ခြင်းတုံ့ပြန် ပစ်ခတ်နိုင်မှာဖြစ်ကြောင်း စာသင်ကျောင်းတွေက ပစ်ခတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူ ကျောင်းသားတွေ၊ မိဘတွေနဲ့ အပြန်အလှန် သဘောထား ဖလှယ်ခဲ့ကြတဲ့ စိတ်လှုပ်ရှားစရာ တွေ့ဆုံမှုအပြီး နောက်တရက်မှာပဲ သမ္မတ Trump က Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့ပါတယ်။

လက်နက်နဲ့ အကျွမ်းဝင်သူ ကျောင်းဆရာတယောက် ရှိတယ်ဆိုရင်၊ တိုက်ခိုက်မှုတွေကို မြန်မြန်ဆန်ဆန် ဟန့်တားနိုင်မှာဖြစ်ကြောင်းလည်း မနေ့တုန်းက အိမ်ဖြူတော်မှာ တွေ့ဆုံချိန် သမ္မတက ပြောဆိုခဲ့တာပါ။ စစ်မှုထမ်းဟောင်းတွေကို စာသင်ကျောင်းတွေမှာ ဖြန့်ကြတ် ချထားပြီး ပြဿနာကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာဖြစ်ကြောင်းလည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ အစီအစဉ်ကို အသေးစိတ် လေ့လာဆန်းစစ် နေကြောင်းနဲ့ ဒီစိတ်ကူးကို သဘောကျကြရဲ့လား ဆိုပြီးတော့လည်း သမ္မတက တွေ့ဆုံသူတွေကို မေးမြန်းရာမှာတော့ အနည်းအကျဉ်းကသာ လက်ထောင်ပြီး၊ ထောက်ခံမှု ပြသခဲ့ကြပါတယ်။

ဆန့်ကျင်တဲ့ သဘောထားနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ စာသင်ကျောင်းတွေက ပစ်ခတ်မှုတွေရဲ့ အကျိုးဆက်တွေကို တိုက်ရိုက်ခံစားခဲ့ရတဲ့ ကျောင်းသားတွေ၊ မိသားစုဝင်တွေနဲ့ ဆရာတွေ အများစုပါဝင်တဲ့ သမ္မတနဲ့ တွေ့ဆုံသူ လူပေါင်း ၄၀ လောက်အနက် အများစုကတော့ လက်ထောင်ပြီး သဘောမကျတဲ့အကြောင်း ပြသခဲ့ကြတာပါ။

ဖလော်ရီဒါပြည်နယ် Parkland မြို့က၊ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်း တယောက်ရဲ့ ပစ်ခတ်မှုကနေ လွတ်မြောက်လာသူတွေ ပါဝင်ဆွေးနွေးခဲ့တဲ့ အမေရိကန်ရုပ်သံ CNN ရဲ့ မနေ့နှောင်းပိုင်း ဆွေးနွေးခန်းမှာတော့ ကျောင်းဆရာတွေကို လက်နက်တပ်ဆင်ပေးမယ့် အစီအစဉ်ကို မထောက်ခံနိုင်ကြောင်း သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက အထက်လွှတ်တော်အမတ် Marco Rubio က ပရိတ်သတ်တွေကို ပြောဆိုခဲ့ပါတယ်။

bump stocks လို့ခေါ်တဲ့ ဆက်တိုက် ပစ်နိုင်အောင် သေနတ်မှာ တပ်ဆင်နိုင်တဲ့ ကရိယာကို တားမြစ်ဖို့၊ ရိုင်ဖယ်သေနတ် ၀ယ်ယူခွင့်ပြုတဲ့ အသက်အရွယ်ကို တိုးမြှင့်ဖို့ အစီအစဉ်တွေကို ထောက်ခံပေမဲ့၊ လက်နက်ကိုက်ဆောင်ခွင့်ကို ပိုမိုတင်းကျပ်ရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းလည်း ကျောင်းသားတွေ၊ မိဘတွေနဲ့ ဆရာတွေက မေးခွန်းထုတ်ရာမှာ အထက်လွှတ်တော်အမတ် Rubio က တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG